စီးပွားဖြစ်လာတဲ့ ဟက်ကင်း လုပ်ငန်း

အင်တာနက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ သိလိုမှု၊ စူးစမ်းမှုတွေကြားထဲက မွေးဖွားလာတဲ့ ခရက်ကင်း cracking တွေဟာ အစပိုင်းမှာ အပျော်သဘောနဲ့ စခဲ့ပေမယ့် တစ်ဆင့်တက်လို့ ဟက်ကင်း hacking ဘ၀ရောက်လာတဲ့အခါမှာတော့ စီးပွားဖြစ်လုပ်ငန်းတစ်ခု ဖြစ်လို့လာပါပြီ။ တစ်ဖက်သားရဲ့ ကွန်ပျူတာထဲက အချက်အလက် data တွေကို တရားမ၀င် ကြည့်ရှုခိုးယူတတ်တဲ့ cracker တွေဟာ hacker ဖြစ်လာတဲ့အခါ ခိုးယူရုံနဲ့ အားမရတော့ဘဲ data တွေကို ဖျက်ဆီးခြင်းနဲ့ တရားမ၀င်ကိစ္စ တွေကိုလည်း ဆောင်ရွက်လာပါတော့တယ်။
အင်တာနက်ပေါ်မှာရှိတဲ့ MySpace ကနေ Wikipedia အထိ အားလုံးဟာ ဟက်ကာတွေရဲ့ ပစ်မှတ်တွေဖြစ်လာကြပြီး hacking လုပ်ငန်းဟာ မြေအောက် ကွန်ပျူတာဆော့ဖ်ဝဲ ထုတ်လုပ် ရောင်းချသူတွေရဲ့ စွဲဆောင်အားကောင်းတဲ့ အရောင်း အ၀ယ် လုပ်ငန်းတစ်ခုအဖြစ် ကြီးထွားလာပြီဖြစ်တယ်လို့ network လုံခြုံရေးကျွမ်းကျင်သူ security experts များက သုံးသပ်ထားပါတယ်။
ဟက်ကာတွေဟာ သူတို့ရဲ့ လုပ်ငန်းအသိုင်းအ၀ိုင်းကို ချဲ့ထွင်ရာမှာ တစ်ခြားစီးပွားရေး သမားတွေလိုပါပဲ။ လူကြိုက်များတဲ့ လူမှုရေးဝက်ဆိုက် website တွေထဲကျူးကျော် ၀င်ရောက်သလို Power Point နဲ့ Adobe Reader တွေကတစ်ဆင့် သူတို့ ရဲ့ လုပ်ပိုင်ခွင့်တွေကို spyware တွေနဲ့ ဖြန့်ကြတ်ထားကြပါတယ်။
ဆော့ဖ်ဝဲ ထုတ်လုပ်သူတွေရဲ့အဆိုအရ ပိုပြီး အဆင့်မြင့်တဲ့ hacking ဆော့ဖ်ဝဲလ် တွေပေါ်ထွက်လာပြီး ၀က်ဆိုက် တစ်ခုကို ခဏဖွင့်ကြည့်ရုံနဲ့ user ရဲ့ စက်တစ်ခုလုံးမှာ ရှိတဲ့အချက်အလက်တွေကို အလိုအလျှောက် မွှေနှောက်နိုင်နေပြီလို့ သိရပါတယ်။ Hacking အတွက် အချိန်ကန့်သတ်မှုက နည်းပါးလွန်းတဲ့အတွက် ဟက်ကာတွေဟာ အချိန်တိုအတွင်း ရနိုင်သမျှ အချက်အလက် အကုန်ကိုယူကြပါတယ်။
မိုက်ခရိုဆော့ဖ်က ထုတ်လုပ်လိုက်တဲ့ Windows Vista စနစ်သစ်ဟာ ဟက်ကာတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာနိုင်တယ်လို့ Sunbelt Software company ဥက္ကဌ Alex Eckelberry ကခန့်မှန်းထားပြီး ဆော့ဖ်ဝဲလ် ရေးဆွဲပေးနေစဉ်အတွင်း အန္တရာယ်ရှိနိုင်တဲ့ bug များတွေ့ရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။အချက်အလက်ခိုးယူပြီး ငွေရှာတဲ့ hacking company များပေါ်ပေါက်လာအပြီးမှာတော့ ဗိုင်းရပ်စ်တွေ ကူးစက်ခံနေရတဲ့ e-mail တွေဟာ အကြီးမားဆုံး ခြိမ်းခြောက်မှု ဆိုတဲ့လက်ခံထားတဲ့ အဆင့်ကနေ လျှောကျသွားပြီးဖြစ်ပါတယ်။
Websense ရဲ့ ထုတ်ပြန်ချက်အရ အွန်လိုင်းပေါ်မှာ ပြစ်မှုကျူးလွန်မှုတွေကို ကာကွယ်တားဆီးတဲ့ website တွေဟာ ၂၀၀၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ၁၀၀ ရာခိုင်နှုန်းမြင့်တက် လာသလို ဘဏ်လျှို့ဝှက်နံပါတ် အပါအ၀င် အချက်အလက်တွေ ခိုးယူနိုင်ဖို့ဖန်တီးထားတဲ့ website ၁၆,၆၆၃ ခုရှိလာတယ်လို့လည်း websense က ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာမှာ အလိမ်အကောက် website အရေအတွက် ၁၅,၈၂၀ ရှိရာမှ ၂၀၀၆ အောက်တိုဘာလ မှာ ၂၆,၈၇၇ အထိ ပွားများလာခဲ့ပြီး website ၁၀၀၀ အနက် အနဲဆုံးတစ်ခုဟာ hacker ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် လုံခြုံရေးဆော့လ်ဝဲလ် ထုတ်လုပ်သူ McAfee ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အင်တာနက်အသုံးပြုတွေအနေနဲ့ anti-virus, firewall နဲ့ spyware scanner software တွေကို အမြဲတမ်း update လုပ်နေဖို့လိုပါတယ်လို့ လုံခြုံရေးကျွမ်းကျင်သူတွေကဆိုပါတယ်။ အကောင်းဆုံးကတော့ အင်တာနက် သုံးမယ်ဆိုရင် ကွန်ပျူတာကို အကာအကွယ်ပေးမယ့် ဆော့ဖ်ဝဲလ်တွေကို မှန်မှန် update လုပ်ပေးဖို့၊ ကိုယ်မသိတဲ့ e-mail attachment တွေကိုမဖွင့်ကြည့်ဖို့၊ download နဲ့ install လုပ်တာတွေကို မလိုအပ်ပဲမလုပ်ဖို့ Sunbelt Software က သတိပေးပြောကြား ခဲ့ပါတယ်။ Maryland တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတွေဟာ ၃၉ စက္ကန့်ကို တစ်ကြိမ် ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်လို့သိရပါတယ်။

Print this post

0 comments: