နေဘုန်းလတ်အား ရုံးထုတ်စစ်ဆေးမှု စတင်ပြီ

ဘလော့ဂါ နေဘုန်းလတ်ကို အင်းစိန်ထောင်အတွင်း အနောက်ပိုင်းခရိုင် သီးသန့်တရားရုံးက ယခုလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမှု စတင်လိုက်သည်။

အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် အသက် ၂၈ နှစ်အရွယ် ဘလော့ဂါ နေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်ကို စွဲဆိုထားသည့် အမှုသုံးခုမှ အမှုတခုကို စတင်၍ စစ်ဆေးလိုက်ခြင်း ဖြစ်သည်။

“အမှုတခုပဲ စစ်ဆေးပြီးသေးတယ်။ ကိုနေဘုန်းလတ်နဲ့ မသင်းဂျူလိုင်ကျော်တို့ ပူးတွဲအမှုဖြစ်တဲ့ ဗီဒီယို ၃၂ (ခ)/၃၆ အမှုပဲ စစ်သေးတယ်။ တရားလိုဘက်ဖြစ်တဲ့ ဒုရဲအုပ် ရဲအောင်ကိုလည်း စစ်တယ်။ သူပြောတာက ဆင်ဆာမဲ့ သီးလေးသီး အခွေ ၃ ခု သူတို့ဆီမှာ တွေ့တယ်လို့ ပြောတယ်” ဟု ကိုနေဘုန်းလတ်၏ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ကိုနေဘုန်းလတ်ကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ၃၂ (ခ)/၃၆ ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ၅ဝ၅ (ခ) နှင့် အီလက်ထရွန်းနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် တရားစွဲဆိုထားသည်။

ယခုလ ၈ ရက်နေ့က ရုံးထုတ်ရာတွင် အမှုစစ်ဆေးခြင်း မပြုဘဲ စွဲဆိုထားသည့် အမှု အမျိုးအမည်များကိုသာ တရားရုံးက တရားဝင် ပြောဆိုခဲ့သည်။

ဦးအောင်သိန်းက “လာမယ့် အင်္ဂါနေ့မှာတော့ အမှု ၃ ခုကို စစ်ဆေးမယ်။ ဘယ်အမှုကို စစ်ဆေးမယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် စာရေးဆရာနှင့် လူငယ် ဘလော့ဂါ ကိုနေဘုန်းလတ်နှင့် မသင်းဇူလိုင်ကျော်တို့ကို ရုံးထုတ် စစ်ဆေးစဉ်အတွင်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း တွေ့မြင်ခဲ့ရသည်ဟု ရှေ့နေ ဦးအောင်းသိန်းက ပြောသည်။

ရုံးချိန်းရက်ကို လာမည့် အင်္ဂါနေ့သို့ ချိန်းဆိုလိုက်သည်။

Print this post

0 comments: