မြန်မာတို့ရဲ့အသားကျနေတဲ့အကြပ်အတည်းများကြားမှရှင်သန်မှုများ

အလွန်ပြင်းထန်ပြီး အဖျက်စွမ်းအားကြီးမားလှတဲ့ မုန်တိုင်းကြီးကို အရင်ကမကြုံဘူးကြပေမယ့် ကျနော်တို့မြန်မာတွေကတော့ သေခြင်းနဲ့ရှင်သန်ခြင်းဆိုတဲ့ အခြေအနေနှစ်ခုကြားမှာ ဘ၀ကိုဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ (ဘာမှမတတ်နိုင်တဲ့အဆုံး သေခြင်းကို လက်ခံခဲ့ကြတယ်။ ရှင်ကျန်ရစ်သူများကလဲ ခံနိုင်ရည်စွမ်းအားကြီးစွာနဲ့ ကြိုးစားပြီး အသက်ဆက်ခဲ့ကြတယ်၊ လူအတော်များများက အုန်းရည်သောက် အုန်းသီးစား။ ရေထဲကဆန်အိတ်ပြန်ရှာစားပြီး အစောပိုင်းရက်တွေမှာ နေခဲ့ကြရတယ်။ )
ကြေကွဲစရာ အဖြစ်များ၊ အစားထိုးမရသော ဆုံးရှုံးမှုများ ၊ မေ့ပျောက်မရမယ့်အဖြစ်ဆိုးများ၊ ရှေ့ဆက်ရမယ့်ဘ၀အခက်အခဲများ၊ ဘာတွေဖြစ်နေနေ ယနေ့တော့သူတို့အသက်ဆက်ရုန်းကန်နေကြပြီ။
သတင်းတွေဖတ်ပြီး ကြေကွဲရပေမယ့်၊ ကျနော်တို့မြန်မာတွေအားလုံးရဲ့ စာနာဂရုဏာတရားနဲ့ အားတက်သရောကူညီမှုတွေကလည်း ကျနော်တို့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းဟာ မြင့်မြတ်မှုတွေရှိသေးကြောင်း အားတက်စရာပြနေပါတယ်၊ ဒီနေရာမှာ အဓိကအနေနဲ့သံဃာတော်များ။ အခြားသောဘာသာရေးအဖွဲ့အစည်းများ ၊ပြည်သူများ ၊အခြား တသီးပုဂ္ဂလအဖွဲ့အစည်းများ၊ ရဲ့ကူညီမှုတွေဟာ အလွန်တရာ မှထိရောက်ခဲ့ပါတယ်။ သူတို့တွေရဲ့အစဦးပိုင်း မြန်မြန်ဆန်ဆန်ကူညီမှုတွေကြောင့်သာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ နိုင်ငံတကာက စိုးရိမ်သလောက် မဖြစ်ခဲ့ရတာပါ။ နောက်ပိုင်းရလာတဲ့ နိုင်ငံတကာအကူအညီတွေ ကလည်း ကျေးဇူးတင်ဝမ်းမြောက်စရာပါ။
တာဝန်အရှိဆုံး အစိုးရကတော့ဘာလုပ်ရမယ်ဆိုတာ တွေဝေနေဆဲ..နောက်ဆုံးတော့ တင်းကျပ်တဲ့ပေါ်လစီတွေချပြီး အစိုးရိမ်ကြီးစွာ (ကိုယ့်အတွက်)နဲ့ UN အာဆိယံ၊ NGO ၊ ပြည်သူတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ ကိုကယ်ဆယ်ရေးနဲ့ ကူညီခွင့်ခွင့် ပြုပေးလိုက်ပါတယ်။ နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် နိုင်ငံတော်ခေါင်းဆောင်ခန့်ထားသူများ မိဘအရင်းထက်သာလွန်ပြည့်စုံတဲ့ ဂရုစိုက်မှုတွေနဲ့ (သတင်းစာဆောင်းပါးအရ) ဒုက္ခသည်ပြည်သူတွေကို ပံ့ပိုးပေးဖို့ ထွက်လာပါတော့တယ်။ ဒါပေမယ့်လည်း ကျနော်တို့ပြည်သူတွေရဲ့ အမြင်မှာတော့ ဘယ်သူက တကယ်စေတနာရှိတယ်၊ ဘယ်သူကတကယ်ကူညီတယ် ဆိုတာရင်ထဲက သိနေကြပါတယ်။ လူသိန်းနဲ့ချီသေကြေပျက်စီးတဲ့ အခြေအနေကြီးမှာ နှိုင်းယှဉ်ပြောရရင် ၊ ဘာမဟုတ်တဲ့ ၊ ။တကယ့်ကို အရေးမပါတဲ့ ၊ ကိစ္စကို ရှေ့တန်းတင်နေတာဟာ ဂရုဏာတရား၊ ဆင်ခြင်တုံတရား လုံးဝကင်းမဲ့သူတွေရဲ့ လုပ်ရပ်ပါဘဲ။ Constitution မရှိဘဲ နေလာတာနှစ်၂၀လောက်ရှိနေပြီ သုံးလလောက်ဆိုင်းလိုက်လို့ ဘာဖြစ်သွားမှာလဲ။ တစ်ခုတော့ရှိတယ် မဟုတ်မတရား တာလုပ်မှာဆိုတော့ မြန်မြန်ဆန်ဆန် ပြီးစေချင်နေလို့ နေမှာပါဘဲ။
ဒုက္ခသည်တွေအကြောင်း ဆက်ရရင်နိုင်ငံတကာက နောက်ဆုံးတော့ မြန်မာကိုထပ်ပြီး အံ့သြနေကြပြီ။ သည်းခံနိုင်စွမ်း ရုန်းထနိုင်စွမ်း ခံနိုင်ရည်ပြင်းထန်တဲ့အစွမ်းတွေကိုလေ။ တကယ်တော့ မြန်မာပြည်သူတွေလောက် ကောင်းတဲ့ပြည်သူတွေ ဒီကမ္ဘာပေါ်မှာ တခြား ဘယ်အစိုးရမှ ရနိုင်မှာမဟုတ်ပါဘူး။ ပြည်သူတွေဟာ ခေတ်အဆက်ဆက် ဘယ်အစိုးရဆီကမှ ကောင်းတာတွေရမယ်လို့၊ သိပ်မမျှော်လင့်ခဲ့ကြပါဘူး၊ ရခဲ့ရင်တော့ ကံကောင်းတာပဲဆိုပြီး ကျေးဇူးတင်တတ်တဲ့ပြည်သူတွေပါ။ တကယ်တော့ပြည်သူတွေဟာ အစိုးရကိုအားကိုးတာထက် ကြောက်တာက ပိုပါတယ်။

Myanmarcupid မှ happyvalley ၏ မြန်မာတို့ရဲ့သမိုင်းတလျှောက် အသားကျနေတဲ့ အကြပ်အတည်းများကြားမှ ရှင်သန်မှုများ ကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

Print this post

0 comments: