အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ (ဂျူး )

သာမာန် လေကြီးမိုးကြီးသည်းထည်သည့် အချိန်များမှာတောင် ကိုယ်နေသည့် ကန်ထရိုက်တိုက်ပြိုကျမှာ ကြောက်လန့်စိုးရိမ်နေမိခဲ့သေးတာ။ အခုလို မကြုံဖုးသည့် မုန်တိုင်းပြင်းအားအောက်မှာဆိုတော့ ကျွန်မ နေစရာမရှိ စိုးရိမ်တုန်လှုပ်မိပြီ။ ကျွန်မတို့ တိုက်မှာက အင်္ဂတေအကာက နည်းနည်း၊ မှန်တွေကများများ၊ မှန်ဆွဲတံခါးတွေက နံရံ အပြည့်နီးပါးမို့ လေတွေက တ၀ုန်းဝုန်းတိုက်ခတ်နေချိန်တွင် မှန်ချပ်တွေနှင့် နီးသည့်နေရာမှာ ကျွန်မ မနေရဲပေ။ ကိုယ့်တိုက်၏ တစ်ဖက်မှာ ပိုမြင့်သော တိုက်ကပ်ရက်ရှိနေပေမယ့် ဟာလာဟင်းလင်း အကာအကွယ်မဲ့သလို ခံစားရသည်။ သွပ်တစ်ချပ်ပဲ လာထိလိုက်၊ သွားပြီ။ မုန်တိုင်းတိုက်ခတ်ချိန် ခြောက်နာရီပြည့်ဖို့ ဘယ်လောက်လိုသေးပါလိမ့်။ ည ၁၀နာရီခွဲကို မုန်တိုင်းအစဟု ကိုယ့်ဟာကိုယ်သတ်မှတ်ပြီး နံနက် ၄ နာရီကျော်လျှင်တော့ မုန်တိုင်းအားပျော့သွားလေမလား မျှော်လင့်မိသည်။ ညီမနှင့်တူမက ၀ရန်တာတံခါး လေအရှိန်ဖြင့် တဒုန်းဒုန်း တွန်းကန်နေသည်ကို ပြန်တွန်းကန်ထားရသည်မို့ တစ်ညလုံးနီးပါး ထိုင်လိုက် ထလိုက် မအိပ်ရဲကြပေ။ ကျွန်မကတော့ ဟိုပြေးလိုက်၊ ဒီပြေးလိုက် ၊မှန်တံခါးတွေနား မရဲတရဲ ကပ်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၊ အော်မြည်ပြီး ပြေးလာသည့် လေသံကို ကြားရလျှင် နောက်ပြန်ဆုတ်လိုက်၊ တကယ်ကိုပဲ နေစရာ မရှိခဲ့ပါ။ တစ်အိမ်လုံးမှာ အေးအေးဆေးဆေးရှိသူက ဖေဖေပဲ။ ဒီတိုက်ကို မပြိုပါဘူးဟု အာမခံသည်။ ငလျင်ကြောင့်သာ ပြိုချင်ပြိုမယ်၊ မုန်တိုင်းကြောင့်တော့ မပြိုပါဘူးတဲ့။ ကျွန်မကတော့ အခုလို အခြေအနေမျိုးမှာ စဉ်းစားချင့်ချိန်နိုင်စွမ်းတွေ ပျောက်ဆုံးခဲ့ကုန်ပြီ။ သုံးနာရီ၊ လေးနာရီ မုန်တိုင်းအရှိန်က လျော့မသွားသည့်အပြင် ပိုတောင်တိုးလာသေး၏။ ငါးနာရီမှာ တော်တော် အရှိန်ပြင်းထန်လာတော့၏။ မှန်တွေ ကွဲတော့မှာပဲ၊ တိုက်တော့ ပြိုတော့မှာပ၊ ဒီလေဟာ ဘယ်လိုနည်းနဲ့မှ တစ်နာရီ ၄၅ မိုင်၊ မိုင် ၅၀ မကပါဘူး။ မိုင် ၈၀ ဒါမှမဟုတ် မိုင် ၁၀၀ ရှိမှာပါ။ဘယ်အချိန်မှာ တိုက်ကြီးပြိုလဲ သွားမလဲ။ ထိုအချိန်မှာ ကျွန်မအသိစိတ်ထဲမှာ တစ်ခုပဲ လွှမ်းမိုးနေခဲ့၏။ ကျွန်မတို့ မိသားစု အန္တရာယ်မှ ကင်းဝေးလိုသည်။ မိုးလင်းပါစေတော့။ မိုးလင်းလျှင်တော့ မုန်တိုင်းအားပျော့ သွားလေမလား။

ကျွန်မတို့တိုက် လုံခြုံပါသည်ဟု စိတ်သက်သာရချိန်တွင် လမ်းသွယ်၏ တစ်ဖက်က သုံးထပ်တိုက်ခေါင်မိုးပေါ်မှ လွင့်ကျသွားသည့် သွပ်ပြားတွေကို အဲသည်တိုက်မှ ၀န်ထမ်းကောင်လေးနှစ်ယောက် ပြေးထွက်ပြီး ကောက်ယူဖို့ ကြိုးစားသည်။ထိုမြင်ကွင်းကို မြင်ရတော့ သူတို့အတွက် ကျွန်မစိုးရိမ်သွားသည်။ လေက ပြင်းထန်တုန်းပါ။ သူတို့ ကောက်ယူမည့် သွပ်ပြားချပ်ကြီးသည် လမ်းမပေါ်မှာ အပြားလိုက်ကပ်နေတုန်းက သိပ်နေရာမရွေ့ပေမဲ့ သူတို့မယူထောင်လိုက်သောအခါ အားပြင်းသော လေဖြင့် ၀ုန်းကနဲ့ လွင့်သွားသည်။ သူတို့နှစ်ယောက်စလုံးပါ သုံးလေးလှမ်းလောက် ပါသွားပြီးမှ သူတို့ လွှတ်ချလိုက်၏။ ဖေဖေက ကလေးတွေကို ဂရုဏာဒေါသဖြင့် အပြစ်တင်နေ၏။ ဒီမုန်တိုင်းကြားထဲ ထွက်ကောက်ရသလား။ လူပါပါသွားနိုင်တယ်။ ဟုတ်ပါရဲ့နော်။ ခဏများစောင့်လိုက် ပါဦးတော့လား။ သို့သော် ထိုလေပြင်းမိုးပြင်းကြားထဲမှာပင် သွပ်ချပ်တွေ၊ စလောင်းအကျိုးအပဲ့တွေ၊ တီဗီအင်တာနာ အချောင်းအကျိုးတွေကို လိုက်လံကောက်ယူ သူကလည်း ရှိသေးသည်။ မျက်နှာချင်းဆိုင်က ဘူတာဝင်းထဲမှ အိမ်ခေါင်မိုးတွေ အကုန်ပြုတ်ထွက်သည်ကို လေထဲ၊ မိုးထဲမှာပင် ခေါင်မိုးပေါ်တက်ပြီး မိုးကာ ပလတ်စတစ်တွေဖြင့် ဖာထေးနေသူတွေ ရှိသည်။ တကယ် မငြိမ်သွားသေးသည့် မုန်တိုင်းအောက်မှာမို့ ကျွန်မ သူတို့အတွက် စိတ်ပူပါသည်။ ထိုအချိန်ကျမှ တိုက်ခန်းမဟုတ်သည့် အိမ်တွေက ပိုပြီးဒဏ်ခံရတာပါလားဟု အသိဝင်လာသည်။ အဲသည့်အခါ ကျွန်မ စိုးရိမ်ပူပန်ပေးရမဲ့လူတွေ အာရုံထဲမှာ အစီအရီပေါ်လာပြီး သူတို့အတွက် သောက ၀င်လာသည်။ မုန်တိုင်းငြိမ်သက်သွားပေမဲ့ လျှပ်စစ်တွေ ပြတ်တောက်ပြီး မီးသွေးမီးဖိုလည်း မမွှေးရဲသေးသည်မို့ အဆင်သင့်စားစရာ ရလိုရငြား ကျွန်မလမ်းထွက်ပြီး ဆိုင်တွေ ရှာရသည်။ ဖေဖေက ပေါင်မုန့်ရရင် ပြီးရောတဲ့။ အိမ်မှာ လက်ကျန်နို့ဆီနှင့် ပေါင်မုန့်ကို စားမည်ဆိုသည်။ ဘယ်စတိုးဆိုင်မှ မဖွင့်။ ပေါင်မုန့်ဝယ်နေကျ ညဈေးအနီးက ဆိုင်လည်း ပိတ်ထားသည်။ အေးလေ ဘယ်ဆိုင် ဖွင့်မှ မဖွင့်တာ ဘာအံ့သြစရာ ရှိလဲ။ ညဈေးလမ်းမှ ဗိုလ်သူရလမ်းဘက် ကွေ့ဖို့ကို ပြိုလဲကျနေသည့် သစ်ပင်ကြီးတွေအောက်မှ ဖြတ်ရသည်။ တချို့ ဓါတ်ကြိုးလိုင်းတွေကို ကျော်ခါ၊ တချို့ ကြိုးလိုင်းတွေ အောက်က ငုံ့ဝင်၊ ဘာဆိုင် မဖွင့်။ ထို့နောက် ကျွန်မ၏ရှေ့တွင် ကြီးမားလှသော အစိမ်းရောင်ကြီးတစ်ခုက အုပ်မိုးနေတော့သည်။ တခြား ဟုတ်ပါ့မလား။ လူသုံးယောက်ဖက်မှ လက်ချင်းထိမည့် ညောင်ပင်ကြီး အမြစ်မှကျွတ်ပြီး တုံးလုံးလဲကျနေခြင်း ဖြစ်သည်။ သြစ်ပင်လဲတာ ဒီလောက်ကြောက်စရာ မကောင်းပါဘူးဗျာ။ အဲဒီသစ်ပင်အောက်မှာ လူပိသွားတာကမှ ကြောက်စရာ။ ခင်ဗျားတို့ မမြင်လိုက်ရဘူး။ ကြက်သီးတောင်ထတယ်။ မနက်ငါးနာရီခွဲကနေ ပိခံလိုက်ရတဲ့လူ၊ ၁၀နာရီခွဲမှ ဆွဲထုတ်ယူလို့ ရတယ်။ မသေမရှင် ဝေဒနာခံစားရတာကို တွေးကြည့်စမ်းပါ။္ဒ အဲဒီလို ကြားလိုက်ရတော့ ကျွန်မမှာ ညောင်ပင် ပင်စည်ကြီးအောက်သို့ ရဲရဲပင် မကြည့်ရဲတော့ပေ။ ဘုရားရေ ငါးနာရီခွဲမှာ ဒီလူဘာဖြစ်လို့ သစ်ပင်နားကို ရောက်လာရတာလဲ။ သေချာသည်ကတော့ တိုက်ခန်းတစ်ခုထဲမှာ မုန်တိုင်းစဲချိန်ကို စောင့်မနေနိုင်တဲ့ါ် တစ်နေ့လုပ် တစ်နေ့စားရတဲ့သူ ဖြစ်မှာပါ။ သွပ်ပြား၊ အင်တာနာ၊ စလောင်း အကျိုးအပဲ့တွေ လိုက်ကောက်သူ ဖြစ်မလား။ ဆိုက်ကားတစ်စီး ပိပြားနေသည်ကို မမြင်ချင်ဘဲ ဖြတ်ကနဲ မြင်လိုက်ပြီးပြီမို့ ဆိုက်ကားနင်းသူလား။ ထိုသူ အခု ဆေးရုံရောက်ပြီလား။ ကျွန်မ အိမ်ပေါ်ပြန်တက်မိသည့်အခါ စိတ်ကလေးပင် ညှိုးငယ် သွားတော့သည်။
မုန်တိုင်းကြောင့် ထိခိုက်နစ်နာသူတွေက ချက်ချင်းကိုပဲ မြင်သာထင်ရှား လာခဲ့သည်။ အိမ်ပြိုကျပြီး ပိခံရသူ၊ သစ်ပင်ပိသူ၊ ဓါတ်တိုင်ပိသူ၊ မိသားစု ခြင်ထောင်အမိုးပေါ် သို့ ကြီးမားသော သစ်ကိုင်းကျိုးကြီး ပြုတ်ကျခံရသူ၊ ဒါက ရေနှင့်မနီးလှသည့် ကုန်းပေါ်ဒေသ၊ ရန်ကုန်ဝန်းကျင်မှ ထိခိုက်မှုတွေ၊ မြစ်နှင့် ပင်လယ်နှင့် နီးသော အခြားဒေသတွေမှာတော့ မုန်တိုင်းကြောင့် ရေမျက်နှာပြင် မြင့်ပြီး အိမ်တွေ ရေထဲပါသွားသူတွေ၊ မြစ်ထဲမှာ ကမ်းကပ်ထားသည့် မော်တော်သဘောင်္တွေ မှောက်ပြီး နစ်မြုပ်လို့ ရေနစ်သေဆုံး ရသူတွေ။
]]ပေါင်မုန့် မရှိရင် ဒီလူတွေကိတ်မုန့် စားပါစေပေါ့}} ဟု ပြောခဲ့သည့် ပြင်သစ် မိဖုရား မေဒီအင်တွိုင်းနက်ကို ခါးသက်စွာ ကျွန်မ ရယ်မောခဲ့ဖူးသည်။ အခုတော့ ကျွန်မကိုယ်တိုင်ပင် အဲဒီစကားမျိုး ပြောမိသွားခဲ့သည်မှာ မေလ ၄ ရက်နေ့မှာပါ။ ဧရာဝတီတိုင်း မြစ်ဆိပ်ကမ်းမှာ ကပ်ထားသည့် မော်တော်၊ သဘောင်္တွေ မုန်တိုင်းမိပြီး ကလေး၊ လူကြီးအားလုံး ရေနစ်သေဆုံးကုန်ကြသည်ဟု ကြားတော့ ]]ဟော့တော် သူတို့ ဘာဖြစ်လို့ သဘောင်္ထဲမှာ နေနေကြတာလဲ၊ ကမ်းပေါ်တက် အကွယ်အကာအောက်မှာ နေရောပေါ့}}ဟု လွှတ်ခနဲက ပြောလိုက်မိသည်။ ကျွန်မအား ထိုသတင်းကို ပြောသည့်တူကလေးက ဒါတောင် မသိရကောင်းလားဟုသော မျက်နှာပေးဖြင့် ရှင်းပြ၏။ ]ဆရာမကလည်း ဒီမြို့က သူတို့မြို့မှ မဟုတ်ပဲ။ သူတို့က သင်္ဘောပေါ်က ခရီးသည်တွေလေ။ ကိုယ့်နဲ့ အသိအကျွမ်း မရှိတဲ့ မြို့ပေါ်ကို လေပြင်းမုန်တိုင်းကြားထဲ တက်ပြီး ဘယ်မှာ အကာအကွယ် ရှာရဲမလဲ။ ဘယ်သူကရော တံခါးဖွင့်ပေးမှာလဲ။ သူတို့ သင်္ဘောပေါ်မှာပဲ နေရရတာပေါ့}တဲ့။ အင်းအဲဒီလိုလား ကျွန်မ စိတ်မသက်သာလိုက်တာ။ ကြည့်မြင်တိုင်ကမ်းနားက မော်တော် သင်္ဘော တွေ မှောက်သူမှောက်၊ နစ်သူနစ် လူတွေရေနစ်သည့် သတင်းတွေ။ ဧရာဝတီ တိုင်းထဲက မြို့တစ်ချို့မှာ သေဆုံးသူတွေ ကိန်းဂဏန်းက တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဒါက မုန်တိုင်း၏ တိုက်ရိုက် ချက်ချင်းကျရောက်သည့် ထိခိုက်မှုအန္တရာယ် ဆိုးကျိုးတွေပေါ့။

တဖြည်းဖြည်းနှင့်လေး၊ ငါးရက် လွန်လာသည့်အခါမှာတော့ ကျွန်မ စဉ်းစား ဆင်ခြင်နိုင်စွမ်းရည်တွေ ကျွန်မထံ ပြန်ရောက်လာသည်ဟု ခံစားရသည်။ ကိုယ့်ဒုက္ခကိုမှ ဆိုးရွားလှပြီဟုထင်သည့် သွေးရူးသွေးတန်းစိတ်တွေ ပြယ်သွားပြီကိုး။ လက်တွေ့မှာ ကိုယ့်ထက်ဆိုးရွားသူတွေ အများကြီးကို မြင်လာသည်။ ထမင်းချက်ဖို့ဆန်၊ မီးသွေး၊ ဆီ၊ ဆားမရှိလျှင် မတန်တဆ ဈေးခေါ် သည့် ဆိုင်တွေမှာတောင် ဖြစ်အောင်တော့ ၀ယ်စားနိုင်သည့် အခြေအနေတော့ ရှိသေးသည်။ ဒီကနေ့ အလုပ်မလုပ်ရရင် မနက်ဖြန်စားစရာ မရှိသူတွေ၊ ညစာ စားစရာ မရှိသူတွေ ဘယ်လို အသက်ရှင် ရုန်းကုန်ကြမှာလဲ။ ငါးထပ်တိုက်ပေါ်မှာ ရေမလာပေမယ့် မိသားစုနည်းလို့ ရှိသမျှရေကို ချွေသုံးပြီး ချက်ပြုတ်လို့ ရသေးသည်။ တကယ်လို့ ပြတ်တောက်သွားလျှင်လည်း မြေညီထပ်တစ်ချို့မှာ မီးစက်တွေ ခုတ်မောင်းပြီး အ၀ီစိတွင်းမှ ရေတင်နေတာ မြင်ရလို့ သွားခပ်လျှင် တစ်ပုံး၊ နှစ်ပုံးတော့ သယ်လို့ ရမှာပေါ့။ မီးမလာပေမယ့် မီးစက်နိုးပြီး အလင်းရောင်ယူလို့ ရ၊ ဖုန်းဓါတ်ခဲတွေကို အားသွင်းလို့ ရသည်။နေစရာ အိမ်တောင် ပြိုကျသွားသူတွေ ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ၊ ဇရပ်တွေမှာ ခိုကပ်နေရသူတွေ၊ ချက်ပြုတ်စရာ၊ လျှော်ဖွပ်စရာရေ၊ ခြုံစရာစောင်၊ ခြင်ထောင်၊ ဆီး၊ ၀မ်း၊ အညစ်အကြေး စွန့်စရာ အိမ်သာ၊ အညစ်အကြေးစွန့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သန့်စင်ဖို့ရေ… ဘုရား ဘုရား။ ရေ၀ိုင်းနေသည့် ပလုံစီ အိမ်သာတွေ၊ ကျွဲ၊ နွား၊ ခွေး၊ တိရစ္ဆာန် အသေကောင်တွေ ၊လူသေ အလောင်းတွေ၊ ရေမျောကမ်းတင် ဖောင်ပုံသဏ္ဌာန်ဖြစ်နေသည့် လူသေအလောင်းတွေ၊ ထိုရေတွေက ဘယ်လောက်တောင် ညစ်ညမ်းနံစော်နေမလဲ။ အဲသည်ကနေ ဖြစ်လာမည့် ရောဂါတွေကို ကျွန်မ ကြိုတင်တွေးမိသွားသည်။ သောက်ရေ၊ သုံးရေ၊ ရေသန့် မရသည့်အခါ ရှိသည့် ရေထဲမှာနေ..၊ ရှိသည့် ရေကိုပဲသုံး။ ရလာမှာက ၀မ်းပျက်ရောဂါ။ တစ်ယောက်ရောဂါကနေ သန့်စင်အောင် မလုပ်နိုင်လျှင် နောက်တစ်ယောက်ကိုကူး။ ဒီရေထဲမှာပဲနေ... နောက်တစ်အိမ်၊ နောက်ထပ်တစ်အိမ်၊ တစ်ရပ်ကွက်လုံး... နောက်ထပ်ရပ်ကွက်...။ အမိုးအကာ စောင်မလုံမခြုံလို့ အဆုတ်အအေးမိ ဖျားနာသည့် ရောဂါတွေ....။ ဆေးရုံတွေ လိုအပ်သည်။ ဆေးတွေ လိုသည်။ ရေကို သန့်အောင်လုပ်ပေးသည့် ဆေးပြားတွေလိုသည်။ ၀မ်းပျက်ဝမ်းလျောသည့် လူနာကို ဆုံးရှုံးသွားသည့် ရေနှင့် ဓါတ်ဆားရည်တွေ ပြန်ဖြည့်ပေးဖို့ ဓါတ်ဆားရည်ဖျော်စရာ ဓါတ်ဆားထုတ်တွေ လိုသည်။ ထို့ပြင် စနစ်တကျ ပြုစုကုသပေးဖို့ ကျွမ်းကျင်ပညာရှင်တွေ လိုသည်။
အမေရိကန်မှာတော့ တက္ကသိုလ်က ပညာရှင်တွေ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ဦးနှောက်ခြောက်၊ ဆွေးနွေး ငြင်းခုံနေကြပြီတဲ့။ လေမုန်တိုင်းသည် အဆင့် ၂ ကနေ မြေပြင်နားကပ်တော့မှ အဆင့် ၃ နဲ့ ၄ အဖြစ် ရုတ်တရက် ပြောင်းသွားတာ။ အဲဒါကို သူတို့ အဖြေရှာနေကြသည်တဲ့။ ဒါဘာကြောင့်လဲ။ ရာသီဥတု ပြောင်းလဲမှု ကြောင့်လား။ အားလုံး စဉ်းစားဆွေးနွေး နေကြသည်ဆိုပဲ။ မြန်မာပြည်ကို ကူညီထောက်ပံဖို့လည်း ကြိုးစားရင်း သိပ္ပံနည်းကျကျ မုန်တိုင်း၏ ထူးခြားမှုကို အဖြေရှာဖို့ ဆေးနွေးသုတေသနလုပ် ရှာဖွေနေကြသည်တဲ့။ ရှာဖွေကြပါ။ စဉ်းစား စမ်းသပ်ကြပါ။ ဒီလိုမုန်တိုင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံတကာ ပူးပေါင်းကာကွယ်ဖို့ ကြိုးစားနိုင်လျှင် ကောင်းမည်။
ကတ်ထရီးနား မုန်တိုင်းက သတင်းအဖြစ်သာ၊ ကိုယ်နှင့် မဆိုင်သလို ရှိခဲ့သည်။ နာဂစ်ကျတော့ ကိုယ့်ကို တိုက်ရိုက်ထိခိုက်လာသည်။ နာမည်ကျော် ဆိုစကား တစ်ခုအတိုင်း ပါပဲ။ ]]ဂျူးတွေကို လာခေါ် သည့်အခါ နာဇီတွေက ကျွန်တော်နှင့်မဆိုင်၊ ကျွန်တော်က ဂျူးမှ မဟုတ်ပဲ။ သူတို့တွေကို လာခေါ် သည့်အခါ ကျွန်တော်နှင့်မဆိုင် ကျွန်တော်က သူတို့မှ မဟုတ်ပဲ }} ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခုတော့ ကျွန်တော့်ကို လာခေါ်ကြပြီ။ တခြားသူ မရှိတော့ဘူး။ ကျွန်တော်ပါပဲ။
အခုမှပဲ ထောက်ပံ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်တိုင် ကြိုးစားရပါတော့မည်။

ဂျူး

Print this post

0 comments: