ကိုလံဘီယာ ဓားစာခံကယ်တင်မှု စစ်ဆင်ရေး



ကိုလံဘီယာနိုင်ငံမှ မာ့စ်ဝါဒီ ကိုလံဘီယာတော်လှန်ရေးလက်နက်ကိုင် တပ်ပေါင်းစု(FARC)က ဖမ်းဆီးထားသည့် အမျိုးသမီးသမ္မတလောင်းတစ်ဦးအပါအ၀င် ဓားစာခံ ၁၅ ဦးအား ကိုလံဘီယာအစိုးရက လျို့ဝှက်စစ်ဆင်ရေးဖြင့် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။
ကိုလံဘီယာအစိုးရ၏သွေးထွက်သံယိုမှုကင်းမဲ့စွာလှုပ်ရှားခဲ့သောစစ်ဆင်ရေးမှာခေတ်သစ်နည်းပညာများကိုအခြေခံမထားခဲ့ဘဲခေတ်ဟောင်းသူလျိုနည်းဗျူဟာများသာအသုံးပြုခဲ့ခြင်းကြောင့်ကမ္ဘာ့မီဒီယာများကကျည်တစ်တောင့်မကုန်သည့်ရုပ်ရှင်ဇာတ်လမ်းဆန်ဆန်စစ်ဆင်ရေးအဖြစ် ချီးကျူးဖော်ပြခဲ့ကြသည်။
ကိုလံဘီယာအမျိုးသမီးသမ္မတအင်ဂရစ်ဘီတန်ကော့တ်နှင့်အတူ အမေရိကန်စစ်ဘက်အကြံပေးနှစ်ဦး၊ ကိုလံဘီယာနိုင်ငံသား ၁၁ ဦးတို့မှာ FARC ၏ထိန်းသိမ်းမှုအောက်တွင် နှစ်အတန်ကြာနေခဲ့ရသည်။ ဘီတန်ကော့တ်ဆိုလျှင် ဖမ်းဆီးခံထားရသည်မှာ ခြောက်နှစ်ရှိပြီဖြစ်သည်။ဇူလိုင်လ ၂ ရက်နေ့တွင်ပြုလုပ်ခဲ့သော ကိုလံဘီယာအစိုးရ၏ စစ်ဆင်ရေးကြောင့် ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့မှုအပေါ် ပြင်သစ်သမ္မတဆာကော်ဇီ၊ အမေရိကန်သမ္မတဂျော့ဒဗလျူဘုရှ်၊ ကုလအတွင်းရေးမှူးချုပ်ဘန်ကီမွန်၊ စပိန်ဝန်ကြီးချုပ် ဇာပါတာရို၊ ဗာတီကန်ကျောင်းတော်၊ ဗင်နီဇွဲလားသမ္မတဟူဂိုချားဗက်စ်တို့က ကိုလံဘီယာအစိုးရကို ချီးကျူးခဲ့ကြသည်။

စစ်ဆင်ရေးမတိုင်မီ လပေါင်းများစွာကြိုတင်၍ လျို့ဝှက်အထူးကွန်မန်ဒိုများသည် သူပုန်များအဖြစ် အယောင်အဆောင်ကာ FARC အဖွဲ့အတွင်း သို့ဝင်ရောက်ခဲ့ကြသည်။ ယင်းနောက်တဖြည်းဖြည်း ခေါင်းဆောင်ပိုင်း၏ ယုံကြည်မှုရယူကာ အတွင်းစည်းထိ ၀င်ရောက်နိုင်ခဲ့သည်။
ယင်းနောက်ဓားစာခံများကို စောင့်ရှောက်ရသည့်အဖွဲ့အတွင်းသို့ ၀င်ရောက်ခွင့်ရသည်အထိ ကြိုးပမ်းခဲ့ကြသည်။ ယင်းနောက် ဓားစာခံများအား FARC ခေါင်းဆောင်များက နေရာအနှံ့အပြား ခွဲဖြန့်ချထားခြင်းမှ တစ်နေရာတည်းစုစည်းချထားရန် အမိန့်ပေးခဲ့သည် ဟုလိမ်လည်၍ ဓားစာခံများအား စုစည်းစေခဲ့သည်။ ဓားစာခံများစုစည်းပြီးသောအခါ ကိုလံဘီယာအရှေ့တောင်ပိုင်းတောနက်အတွင်း မြောက်ဘက်စူးစူး ၉၃ မိုင်အကွာသို့ ဓားစာခံစောင့်ရှောက်ရေးအဖွဲ့အား ချီတက်စေခဲ့သည်။
FARC တပ်များ စခန်းချထားရာနေရာများနှင့် အလှမ်းကွာဝေးသောနေရာသို့ရောက်သောအခါ နိုင်ငံတကာအဖွဲ့တစ်ခုက ဓားစာခံများအား ကြည့်ရှုရန်ရောက်ရှိလာမည်ဟု ပါလာသောသူပုန်အဖွဲ့များအား လိမ်လည်ထားခဲ့သည်။
ဇူလိုင်လ ၂ ရက်နေ့တွင် မည်သည့်တံဆိပ်မျှတပ်မထားသော အဖြူရောင်ရဟတ်ယာဉ်တစ်စင်း ဆိုက်ရောက်လာကာ FARC သူပုန်များအသွင်ဆောင်ထားသော ကိုလံဘီယာတပ်သားများ ဆင်းလာခဲ့သည်။ ယင်းအချိန်တွင် ဓားစာခံငါးဦးမှာ သူပုန်အစစ် ၆၀ ၏လက်ထဲတွင် ရှိနေသေးသည်။ သူပုန်ယောင်ဆောင်ထားသော စစ်သားများက FARC သူပုန်များအား ဓားစာခံများကို ကိုလံဘီယာနိုင်ငံအတွင်း အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းပေးရမည်ဟုဆိုကာ လက်လွှဲရယူပြီး ကယ်ဆယ်ခဲ့သည်။

Print this post

0 comments: