လာမယ့်ဘေးပြေးတွေ့လိုက်စမ်း

''ပြဿနာဖြစ်မှာကြောက်လွန်းလို့ ၀င်မပါဘူး။ ဝေးဝေးပဲနေတယ်'' ဒီစကားမျိုး မကြာခဏကြားဖူးကြမှာပါ။ အလုပ်ခွင်ထဲ မှာဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာဖြစ်ဖြစ်၊ ယုတ်စွ အဆုံး ပြဿနာတွေ၊ ဒုက္ခတွေပယ်သတ်ဖို့ နေရာဖြစ်တဲ့ရိပ်သာကမ္မဋ္ဌာန်းကျောင်းမှာဖြစ်ဖြစ် ပြဿနာလေးတွေ၊ ပြဿနာကြီး တွေဆိုတာ ရှောင်လွှဲလို့မရ ပါဘူး။ ရှိနေကြစ မြဲပါ။ လူတွေစုဝေးနေတဲ့ နေရာမှန်သမျ ပြ ဿနာကို ရှောင်လွှဲလို့မရနိုင်ပါဘူး။
ဓားကကိုယ့်လာခုတ်ရင်ဘယ့်နှယ်လုပ်မလဲ

အဲဒီလိုပြဿနာမျိုးကြုံရတဲ့ အခါမှာ လူအတော်များများကအထက်မှာ ပြောခဲ့တဲ့ အတိုင်းပြောတတ်ကြ တယ်။ ''ဓားခုတ်ရာ လက်ဝင်မလျိုဘူး''ဆိုတဲ့သဘောပေါ့။ ရှောင်နေလို့ရတဲ့ပြဿနာမျိုးဆိုရင်တော့ ကောင်း ပါတယ်။ ဒါပေမယ့်လို့ ခက်တာက လူ့လောက၊ လူ့ပတ်ဝန်းကျင်မှာက ''တစ်နွယ်ငင်တစ် စင်ပါ'' ဖြစ်တတ် တယ်။ ကင်းကင်းရှင်းရှင်း နေချင်လို့ ရလေ့မရှိဘူး။ ဓားခုတ်ရာလက်ဝင် မလျိုပေမယ့် ဓားက ကိုယ့်ဘက်ပါ လှည့် ခုတ်ရင်ဘယ့်နှယ့်လုပ်မလဲ။ ဓားကိုင်တဲ့သူက လူစိတ်ပျောက်နေတဲ့ အမူး၊ ဒါမှမဟုတ် အရူးဖြစ်ချင်ဖြစ်နေ နိုင်တယ်လေ။ အဲဒီအခါ မျိုးမှာ အေးအေးနေလို့ ရနိုင်ပါ့မလား။ ပြဿနာကို ရှောင်လွှဲနေခြင်းဟာ ပြဿနာကို အေးငြိမ်းမသွားစေနိုင်ရုံမက ပြဿနာကို ပိုပြီးတောင် ကြီးထွားသွားစေပါတယ်။

ကံဆိုးသူမောင်ရှင်ဖြစ်လေမလား

စောစောက''ဓား''ကိစ္စပဲ နမူနာထား ပြောပါရစေ။ ဓားကိုင်တဲ့သူက တွေ့ရာမြင်ရာ လူကိုလိုက်ခုတ်နေတယ်။ ကိုယ်က ကိုယ့် အိမ်ထဲမှာပဲ တံခါးပိတ်ပြီးရှောင်နေတယ်။ တကယ်လို့များ အဲဒီကိုင်တဲ့သူက အမူး ဒါမှမဟုတ်အရူးဖြစ်နေလို့ အိမ်တွေပါလိုက် ပြီး မီးရှို့နေတယ်ဆိုရင် ဘယ်လိုဖြစ်လာမ လဲ။ အိမ်ထဲမှာပဲ မီးအလောင်ခံပြီး ငြိမ်နေ ဦးမှာလား။ အိမ်ထဲကထွက်၊ ရပ်ကွက်ထဲက လူတွေကို ဆော်သြပြီး လူရမ်းကားဓားသ မားကိုဝိုင်းပြီးချေမှုန်းမပစ်သင့်ဘူးလား။ ဓား ခုတ်ခံရမှာကြောက်လို့ မီးလောင်ခံသေတော့ မယ်ဆိုပြီး ဘယ်သူမှတော့အိမ်ထဲက မထွက် ဘဲနေမှာမဟုတ်ပါဘူး။ ထွက်တော့ထွက်လာပြီးဖနောင့်နဲ့တင်ပါးတစ်သား တည်းကျအောင် ပြေးကြမှာပါပဲ။ အဲဒီလိုပြေးလို့ လွတ်ရင်တော့ ကောင်းပါရဲ့။ လူရမ်းကားဓားသမားရဲ့ ဓားချက်ကို လွတ်အောင်ရှောင်ဖို့ဆိုတာ 'ကံသေ ကံမ'ပြောလို့ရနိုင်တာမျိုးမဟုတ်ဘူးလေ။ မတော်လို့ ''ကံဆိုးသူမောင်ရှင်''ဟာ ကိုယ်ဖြစ် သွားရင်ဘယ့်နှယ့်လုပ်ပါ့မလဲ။
အာလူးနဲ့ ပေါက်လဲသေနိုင်တယ်

ဘယ့်နှယ်မှလုပ်လို့မရပါဘူး။ လူရမ်း ကားဓားသမားကို မဖယ်ရှားသရွေ့တော့ တစ်နေ့မဟုတ်တစ်နေ့မှာ ''ကံဆိုးသူမောင် ရှင်''ဖြစ်လာရမှာ အသေအချာပါပဲ။ အဲဒီ လိုမဖြစ်ချင်ရင် တစ်ခုတည်းသောနည်း လမ်းကတော့ လူရမ်းကားဓားသမားကို တစ် နည်းနည်းနဲ့ နှိမ်နင်းဖယ်ရှားပစ်ဖို့သာ ဖြစ် တယ်။ ကိုယ်တစ်ဦးတည်း၊ တစ်ယောက် တည်းတော့ ဘယ်စွမ်းဆောင်နိုင်မှာလဲ။ ကိုယ်က လူစွမ်းကောင်းမှ မဟုတ်တာ။ ဒါ ပေမယ့် ရပ်ကွက်ထဲမှာ လူတွေအများကြီးရှိ တယ်လေ။ ဓားသမားက တစ်ယောက်တည်း ပဲ။ လူတွေတစ်အိမ်တစ် ယောက်ထွက်လာပြီး ဓားသမားလူရမ်းကားကို အိမ်မှာရှိတဲ့ အာ လူး၊ ကြက်သွန်တွေနဲ့ တစ်ယောက်တစ်ချက်ဝိုင်း ပေါက်ကြရုံနဲ့တင် ဓားသမားဇီဝိန်ချုပ်ပြီး လူရမ်းကားဇာတ်သိမ်းသွားနိုင်ပါတယ်။
မိုးနတ်မင်းကစမ်းသပ်တာ

ပြဿနာကိုရှောင်တယ်ဆိုတာ ကြောက် လို့ပါ။ တကယ်လို့ ပြဿနာဆိုတာမျိုးဟာ ကိုယ့်အစွမ်းအစကို စမ်းသပ်ဖို့၊ သဘာဝ တရားက (မိုးနတ်မင်းကြီးကလို့ယူချင် လည်းယူပါ) ဖန်တီးပေးလိုက်တာပဲလို့ သ ဘောထားလိုက်မယ်ဆိုရင် ကြောက်မှာ မဟုတ်တော့ပါဘူး။ လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာ သူ့သဘာဝအလျောက် ပေါ် ပေါက်လာရတဲ့ အခက်အခဲတွေ၊ ပြဿနာ တွေဆိုတာရှိတတ်တာချည့်ပါပဲ။ မဆန်းပါ ဘူး။ ပြဿနာတစ်ခုဖြစ်တိုင်း ဖြစ်တိုင်းမှာ အဲဒီပြဿနာကို ဖြေရှင်းကျော်လွှားနိုင်မယ့် အဖြေနည်းလမ်းဆိုတာတစ်ပါ တည်းကပ်ပါ လာလေ့ရှိပါတယ်။ အဲဒီအဖြေကိုရှာတတ်ရင် ရှာချင်စိတ်ရှိရင်မလွယ်ပေမယ့် တွေ့နိုင်တယ် ဆိုတာ အသေအချာပါ။
လူမှာအကြံရှိတယ်

ပြဿနာကို ဖြေရှင်းကျော်လွှားဖို့ နည်း လမ်းအဖုံဖုံကိုစဉ်းစားကြံဆရင်းနဲ့ လူသား တွေဟာ လက်ရှိအနေ အထားကိုရောက်တဲ့ အထိ တိုးတက်လာခဲ့ကြတာဖြစ်ပါတယ်။ အာခီမီးဒီးတို့၊ နယူတန်တို့၊ အက်ဒီဆင်တို့လို အဝေးကြီးခေတ်ကသူတွေကို နမူနာ မပြဘဲ ကိုယ်တွေ့ကြုံခဲ့ရတာလေးကိုပဲပြောပြပါမယ်။ တစ်ခါတုန်းက ဘာမှဝယ်လို့မရနိုင်တဲ့ နေရာ တစ်ခုကို ရောက်သွားပါတယ်။ အဲဒီလို ရောက်ခိုက်သင်္ကြန်ပွဲတော်နဲ့ကြုံကြိုက်လေ တော့ မြန်မာတို့ထုံးစံအတိုင်းပျော်ပွဲရွှင်ပွဲ တွေလုပ်ချင်ကြပါတယ်။ဒီတော့လူတွေအချင်း ချင်းခေါင်းချင်းရိုက်ကြ၊ အကြံထုတ်ကြနဲ့နောက် ဆုံးကျတော့တီးဝိုင်းတစ်ဝိုင်းစာတူရိယာပစ္စည်း တွေအစုံအလင်ရပြီးအငြိမ့်တွေ၊ ပြဇာတ်တွေ တောင်ကနိုင်ခဲ့ကြပါတယ်။ အိုးစည်၊ ဒိုးပတ်နဲ့ သံချပ်ဝိုင်းတွေလည်းလုပ်နိုင်ခဲ့ကြပါတယ်။
လက်ဖြစ်တူရိယာ

တူရိယာဝိုင်းမှာ တယော၊ မယ်ဒလင်၊ ဒုံမင်း စတဲ့ကြိုးတပ်တူရိယာ တွေပါပါတယ်။ ဘာတွေနဲ့လုပ်တယ်ထင် ပါသလဲ။ ဂိုးလ်ဒင်း ပဖ်မုန့် သေတ္တာဘူးခွံကအသံအိုးဖြစ်ပြီး ပုဆိုးကချည်မျင်တွေကို တစ်ပင်ချင်းဆွဲ ထုတ်ပြီး တော့ လိုအပ်သလိုပြန်ကျစ်တာ တွေက တစ်ကြိုး၊ နှစ်ကြိုးဆိုတာတွေဖြစ် လာတယ်လေ။ တစ်ယောဘိုးတံ မြင်းမြီး နေရာမှာလည်း သစ်ပင်က သစ်စေးကော်နဲ့ သုတ်ထားတဲ့ ချည်မျင်တွေပဲဖြစ်ပါတယ်။ အိုးစည်ဒိုးပတ်နဲ့ ဗုံအရွယ်အစားအမျိုးမျိုး အတွက်တော့သားရေအစား သတင်းစာစက္ကူ တွေကို တစ်ရွက်ပြီး တစ်ရွက်ကော်နဲ့ ကပ်၊ ပုလင်းနဲ့လှိမ့်၊ထပ်ကပ်၊လှိမ့်နဲ့လိုချင်တဲ့ အထူ ရအောင်လုပ်ယူပါတယ်။ ပြီးသွားတော့ဒိုးပတ် အရွယ်၊ဗုံ အရွယ်ထွင်းထားတာတွေမှာ ကပ်ပြီး လျော်ကြိုးနဲ့ နာနာတုပ်လိုက်တဲ့အခါ ဗုံသံ၊ ဒိုးပတ်သံထွက်လာတော့ တာပါပဲ။ ခါးပတ္တ လား၊ သံပတ္တလားစတာတွေလည်း ဒီလိုပဲ လုပ်ယူကြပါတယ်။ စက္ကူ နဲ့လုပ်တဲ့ဗုံတွေဟာ တစ်ပွဲတီးတော့ ကောင်းကောင်းခံပါတယ်။
မီးရှိလို့မီးခိုးထွက်

လူတွေမှာ စွမ်းရည်ကိုယ်စီရှိကြပါ တယ်။ အသုံးမချဘဲထားလို့ ငုတ်နေကြ တာပါ။ ကျဉ်းထဲကြပ်ထဲရောက် လို့ ဘယ်လို မှ မတတ်နိုင်ဘူးဆိုတဲ့အခါရောက်ရင် ညှစ်ထုတ်လိုက်တိုင်း စွမ်းရည်တွေထွက်လာ လေ့ရှိပါတယ်။ အဲဒါကြောင့် ဘယ်လိုအခက် အခဲ၊ဘယ်လိုပြဿနာကိုမှ ကြောက်စရာ မလိုပါဘူး။ ရဲရဲရင်ဆိုင်ဝံ့ရင် ကျော်လွှား နိုင်မှာသေချာပါတယ်။ မီးရှိလို့မီးခိုးထွက် တယ်။ မီးခိုးထွက်လို့မီးရှိတယ်ဆိုတဲ့သဘော အတိုင်း ပြဿနာတိုင်းမှာ ဖြစ်လာရတဲ့ အကြောင်းရင်းဇစ်မြစ် ရှိမြဲဖြစ်တယ်။ အ ကြောင်းရင်းဇစ်မြစ်ကို ဘက်ပေါင်းစုံက လေ့ လာရှာဖွေရင် တစ်ချိန်ချိန်မှာတွေ့လာမှာပါ။ ဖြစ်ရတဲ့အကြောင်းရင်းကို ရှင်းလင်းဖယ် ရှားနိုင်ရင်ပြဿနာဟာ ပပျောက်သွား မှာ ဖြစ်တယ်။ အရေးကြီးတာက ပြဿနာ စတင်ပေါ်ပေါက်လာရတဲ့ အခြေခံအကြောင်း ရင်းကိုရှာတွေ့ဖို့ သာဖြစ်တယ်။ အဲဒီလိုရှာဖွေ ရာမှာဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကလှည့် ပတ်ကြည့်ရှုသုံးသပ်ဖို့လိုပါတယ်။ ဆန္ဒစွဲနဲ့ မကြည့်မိဖို့လည်း သတိထားရပါလိမ့်မယ်။

ပြဿနာတို့အခက်အခဲတို့ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ပြဿနာတွေ အခက်အခဲတွေကြောင့် လူစွမ်းလူစတွေတိုး တက်လာတာပါ။ ကြောက်လို့ရှောင်ပြေးရင် ပြဿနာပိုကြီးလာဖို့ပဲရှိတယ်။ ဘယ်တော့မှ ပြေလည်မှာမဟုတ်ပါဘူး။ဒါကြောင့် ''လာ မယ့်ဘေးပြေးတွေ့ပါ''လို့ တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတယ်။

လူထုစိန်ဝင်း

Print this post

0 comments: