ဟုတ်ဘူးတဲ့ဗျ

နေပြည်တော်မှ သတင်းစာအသစ် ထုတ်ဝေမည်ဟူသည့် အပြောများ ရန်ကုန် စာနယ်ဇင်း လောကတွင် ထွက်ပေါ်နေသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကမူ မဟုတ်မှန်ကြောင်း ယနေ့ ငြင်းဆိုလိုက်သည်။

လက်ရှိ ထုတ်ဝေနေသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် New Light of Myanmar အပြင် ၄ စောင်မြောက် သတင်းစာကို နေပြည်တော်မှ ထုတ်လုပ် ဖြန့်ချိသွားမည်ဟု ပြောဆိုခြင်းသည် မမှန်ကန်ကြောင်း နေပြည်တော်ရှိ “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန” ညွှန်ကြားရေးမှူးချုပ်က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်က “လောလောဆယ်တော့ ကျနော်တို့ ဘာမှ မကြားရသေးပါဘူးခင်ဗျာ။ ကျနော်တို့ သေသေချာချာ ဂဃနဏ မသိရသေးပါဘူး။ ဒီရုံးမှာတော့ မကြားဘူးဗျ။ ဘယ်သူသိလဲ ဆိုတော့လည်း ကျနော်တို့လိုပဲ ဖြစ်နေတယ်။ Confirm မဖြစ်ပါဘူးဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အခြေစိုက် မဂ္ဂဇင်း အယ်ဒီတာတဦးကတော့ စစ်အစိုးရအနေဖြင့် သတင်းစာအသစ်တခု ထုတ်လုပ်ရန် စီစဉ်နေပြီး စမ်းသပ်လည်ပတ်မှုကို မကြာမီ လုပ်လိမ့မည်ဟု ပြောသည်။ ထို့အပြင် ထွက်ရှိလာမည့် သတင်းစာသည် လက်ရှိ သတင်းစာများနှင့် ခြားနားမှု ရှိမည်ဟု ပြောသည်။

“နောက်အပတ်ဆို ထုတ်ပြီ။ သတင်းစာနာမည် အကြမ်းဖျင်း “နေပြည်တော်” လို့ ပေးထားတယ် ပြောတယ်။ အရင် သတင်းစာတွေနဲ့ ပုံစံကွဲမယ်။ အရင် သတင်းစာတွေထက် ပိုကောင်းမယ်။ သတင်းတွေ ပိုလွတ်လပ်မယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

သူက ပြန်ကြားရေးဌာနမှ ညွှန်ချုပ်ဖြစ်သူ၏ ငြင်းဆိုချက်အပေါ် ယခုလို ဆက်လက်၍ ဝေဖန်ပြောဆိုသည်။

“သူတို့ကြည့်ရတာ မအောင်မြင်ရင် ဆက်မထုတ်ဘဲ ရပ်မယ်ထင်တယ်။ အဲဒါကြောင့် သိပ်မကျယ်ပြန့်စေချင်ပုံပဲ” ဟု သူက ပြောသည်။

Print this post

0 comments: