မြန်မာနိုင်ငံနဲ့ ဈေးကွက်စီးပွားရေးအဆင့်အတန်း (ဦးစိန်ကျော်လှိုင်)

ဈေးကွက်စီးပွားရေးပီပြင်မှ နိုင်ငံရေးပြောင်းလဲမှု လုပ်ရမယ်လို့ နအဖစစ်အစိုးရက ယူဆသလို တရုတ်ကိုလည်း ဈေးကွက်စီးပွားရေး အောင်မြင်စွာ ထူထောင်နိုင်တဲ့နိုင်ငံလို့ မြန်မာ့အလင်း သတင်းစာက မကြာခဏ အမွှန်းတင်လေ့ရှိပါတယ်။

ဒါပေမယ့် ဈေးကွက်စီးပွားရေး ပီပြင်တယ်၊ မပီပြင်ဘူးဆိုတဲ့အချက် ဘယ်သူက အဆုံးအဖြတ် ပေးမလဲ ဆိုတာကိုတော့ နအဖ သတင်းစာတွေက ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါကြောင့် ပီပြင်တဲ့ဈေးကွက်စီးပွားရေး ဘာလဲဆိုတဲ့အချက်ကို ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။

၁၉၇ဝ ခုနှစ်များက စပြီး စီးပွားရေးပြုပြင်မှုတွေ လုပ်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အရှိန်ကောင်းနေတယ်လို့ နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းတွေက မကြာခဏ ပြောနေ ပါတယ်။ ဒါပေမယ့် ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပ လားဆိုတဲ့အချက်ဟာ ကိုယ့်ဘာသာ သတ်မှတ်လို့ မရတဲ့အတွက် ကုန်သွယ်ဘက် နိုင်ငံတွေရဲ့ ထောက်ခံမှုကို တရုတ်က အလူးအလဲ ရှာခဲ့ရပါတယ်။

၂ဝဝ၄ ခုနှစ်ထဲမှာ အာဆီယံနိုင်ငံတွေနဲ့ တခြားနိုင်ငံတချို့ကသာ တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပြီလို့ သတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ အီးယူကတော့ တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ရောက်ပြီလို့ သတ်မှတ်ဖို့ ခုထိ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် တတိယ ကမ္ဘာနိုင်ငံတခုအနေနဲ့ ကိုယ့်ဘာသာ တံဆိပ်ကပ်ပြီး ဈေးကွက်စီးပွားရေးအဆင့်အတန်း Market Economy Status ရောက်ပြီလို့ ငါတကောကောလို့မရတာ ပေါ်လွင်နေပါတယ်။

မြန်မာစစ်အစိုးရကို လေ့လာကြည့်တဲ့အခါ ဈေးကွက်စီးပွားရေးဆိုတဲ့စကားကို တွင်တွင်ကျယ် ကျယ် သုံးနေပေမယ့် စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဈေးကွက်စီးပွားရေးရဲ့ အသွင်လက္ခဏာ ဘာလဲဆိုတာကို ပြည်သူတွေ နားလည်အောင် ရှင်းပြ ပြောပြနိုင်တာ မတွေ့ရပါဘူး။ ဒီအချက် ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အရပ်သားအစိုးရတရပ် လိုနေတယ်၊ စစ်မှန်တဲ့ အရပ်သားအစိုးရ တရပ် ပေါ်ပေါက်မှသာ ပြည်သူကို ရှင်းပြနိုင်မယ့် ပညာရှင်တွေ ထွက်ပေါ်လာမှာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အာဏာရှင်စနစ်အောက်က လွတ်မြောက်ခဲ့တဲ့ ချက်နိုင်ငံကို ဒီမိုကရေစီရေး ပြောင်းတဲ့အချိန်မှာ ဈေးကွက်စီးပွားရေး ပြုပြင်မှုတွေ လုပ်ဖို့ အဲဒီအချိန်က ချက်ဝန်ကြီးချုပ် ဗားဆလပ်ကလော့စ်က ဆုံးဖြတ်ခဲ့ပါတယ်။ မကြာခင် ဈေးကွက်စီးပွားရေးဟာ ချက်နိုင်ငံနဲ့ ဘာကြောင့် ကိုက်ညီသလဲ ဆိုတာကို ချက်ဝန်ကြီးချုပ် ဗားဆပ်ကလော့စ်ကိုယ်တိုင် တတိုင်းပြည်လုံး ဟောပြောခဲ့လို့ သူ့ ဟောပြောချက်တွေကို စာအုပ်ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။

ဒီနေရာမှာ ဈေးကွက်စီးပွားရေး အဆင့်အတန်း Market Economy Status ကို အမေရိကန်အစိုး ရက ဘယ်အချက်တွေနဲ့ သတ်မှတ်ထားသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဈေးကွက် စီးပွားရေး အဆင့်အတန်းကို လက္ခဏာရပ် (၆) ရပ်နဲ့ ပြည့်စုံဖို့ လိုတယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ထားပါတယ် အကြမ်းဖျင်းပြောရမယ်ဆိုရင်...

(၁) နိင်ငံခြားတိုင်းပြည်တခုရဲ့ ငွေကြေးကို တခြားနိုင်ငံတွေရဲ့ ငွေကြေးအဖြစ် ပြောင်းလဲနိုင်တဲ့ အတိုင်းအတာ

(၂) နိင်ငံခြားတိုင်းပြည်တခုရဲ့ လုပ်အားခနှုန်းထားတွေကို အလုပ်ရှင်နဲ့ အလုပ်သမားကြား ဘယ်လောက်အတိုင်းအတာထိ လွတ်လွတ်လပ်လပ် ညှိနှိုင်း အရေးဆိုနိုင်သလဲဆိုတဲ့ အတိုင်း အတာ

(၃) နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဖက်စပ်လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုတွေကို အိမ်ရှင် နိုင်ငံခြား တိုင်းပြည်ထဲမှာ ဘယ်လောက်အတိုင်းအတာထိ ခွင့်ပြုသလဲဆိုတဲ့ အတိုင်းအတာ

(၄) ကုန်ထုတ်လုပ်မှု နည်းလမ်းတွေကို အစိုးရပိုင်ဆိုင်မှု ထိန်းချုပ်မှု အတိုင်းအတာ

(၅) ဈေးကွက်ရင်းမြစ် ခွဲဝေမှုတွေမှာ အစိုးရ ပိုင်ဆိုင်မှု အတိုင်းအတာနဲ့

(၆) တခြား သင့်တော်တဲ့ သတ်မှတ်ချက်များဆိုပြီး သတ်မှတ်ထားပါတယ်။

တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ဖို့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက လက်တွန့်နေပေမယ့် ဆိုဗီယက် ခွဲထွက်နိုင်ငံလည်းဖြစ်၊ အာရှအလယ်ပိုင်း နိုင်ငံတခုလည်းဖြစ်တဲ့ ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ ၂ဝဝ၂ ခု ဧပြီလမှာ အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ သတ်မှတ် ရာမှာ စောစောက ပြောခဲ့တဲ့ လက္ခဏာ (၆) ရပ်နဲ့ တိုင်းတာပြီးမှ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ တကယ်တော့ ကာဇက်စတန်နိုင်ငံဟာ ၁၉၉ဝ ခုနှစ်များ အစောပိုင်းမှာ ဆိုဗီယက်ပြည်ထောင်စု က ခွဲထွက်ခဲ့တဲ့နိုင်ငံဖြစ်ပြီး လူဦးရေ (၁၅) သန်းကျော်သာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

၂ဝဝ၂ ခု ဇွန်လမှာတော့ ရုရှနိုင်ငံရဲ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံ ပြီလို့ အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။ အီးယူက ရုရှကို ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ သတ်မှတ်ပြီး (၁ဝ) ရက်အကြာမှာ အမေရိကန်အစိုးရက ခုလို ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

(၁၀) နှစ်ကျော် စီးပွားရေး ပြုပြင်မှုတွေ လုပ်အပြီးမှာ ရုရှကိုလည်း ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ခုလို ရုရှကို ဈေးကွက်စီးပွားရေး အဆင့်အတန်းနဲ့ ပြည့်စုံပြီလို့ အသတ်မှတ်ခံရတဲ့အတွက် ရုရှအနေနဲ့ အမေရိ ကန်ဈေးကွက် ဝင်ခွင့်ရဖို့ မျှော်လင့်နိုင်သလို (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်ဖြစ်ဖို့လည်း အတော် နီးစပ်သွားပြီလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

၂ဝဝ၃ ခုနှစ် မတ်လမှာတော့ ရိုမေးနီယားနိုင်ငံရဲ့စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့် အတန်းနဲ့ ပြည့်စုံပြီလို့ အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုမေးနီးယားကတော့ ဈေးကွက်စီးပွားရေးအဆင့်အတန်း မရခင် ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း Functioning Market Economy Status အီးယူက သတ်မှတ်ပေးဖို့သာ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ထိရောက်တဲ့ ဈေးကွက်စီးပွားရေးအဆင့်အတန်းဆိုတာ အကြမ်းအားဖြင့် တိုင်းပြည်ရဲ့ မတ်ခရို စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ လည်ပတ်နိုင်အောင် ထိန်းထားနိုင်မှု အဆင့်အတန်းကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဈေးကွက်စီးပွာေးရး အဆင့်အတန်း မပေးခင် အရေးကြီးတဲ့ စီးပွားရေးအဆင့်အတန်း ဖြစ်ပါတယ်။

ဘူဂေးရီးယားနိုင်ငံကိုတော့ အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ရိုမေးနီးယားကိုသာ အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးရင် ရိုမေးနီးယားနဲ့ ဘူဂေးရီးယား (၂) နိုင်ငံလုံး အီးယူအဖွဲ့
ဝင်ခွင့်ရဖို့ နီးစပ်ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ခုဆိုရင် ဒီ (၂) နိုင်ငံလုံး အီးယူအဖွဲ့ဝင် ဖြစ်နေ
ပါပြီ။ လပ်ဗီးယားနိုင်ငံကိုလည်း အီးယူက ထိရောက်တဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

အင်ဒိုချိုင်းနားဘက်ကို ပြန်ကြည့်မယ်ဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးဟာ တရှိန်ထိုး တိုးတက်နေတာ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ချက် (၆) ချက်နဲ့ စံထိုးလိုက်တဲ့အခါ ဗီယက်နမ်စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းလို့ မသတ်မှတ်နိုင်သေးတဲ့အကြောင်း ဗီယက်နမ်အခြေစိုက် အမေရိကန်သံရုံးက အသေးစိတ်အချက်တွေ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံကတော့ သူ့ စီးပွားရေးကို ဈေးကွက်စီးပွားရေး အဆင့်အတန်းလို့ အမေရိကန်က မသတ်မှတ်တာကို မကျေမနပ်ဖြစ်နေပါတယ်။ မကျေနပ်တဲ့အကြောင်းလည်း တရုတ်နိုင်ငံထုတ် စာနယ်ဇင်းတွေမှာ ရေးသားနေတာ တွေ့ရပါတယ်။

တရုတ်ဟာ ၂၀၀၁ ခုနှစ် WTO ၀င်ခွင့်ရတဲ့ အချိန်ကတည်းက ဈေးကွက်စီးပွားရေး အဆင့် အတန်း ရဖို့အတွက် စည်းရုံးနေခဲ့တာ ဖြစ်ပါတယ်။ အီးယူက တရုတ်ကို ဈေးကွက်စီးပွားရေး အဆင့်အတန်းပေးဖို့ ငြင်းဆိုတဲ့အထဲမှာ ဈေးကွက်မှာ တရုတ်အစိုးရ ၀င်စွက်မှု အတိုင်းအတာ ကြီးမားတာလည်း အဓိကအချက်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၀၁ ခုနှစ် တရုတ်ကို WTO ၀င်ခွင့်ပေးတုန်းက စည်းမျဉ်းဥပဒေတွေအရဆိုရင် WTO အဖွဲ့ဝင်
နိုင်ငံတွေက တရုတ်ကို ၂၀၁၆ ခုထိ နောက်ထပ် (၁၅) နှစ်တိုင် ဈေးကွက်စီးပွားရေး အဆင့် အတန်း မရောက်သေးတဲ့နိုင်ငံ Non Market Economy အဖြစ် သတ်မှတ် ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် တရုတ်အနေနဲ့ ဘာကြောင့် ခုလို မြန်မြန်ဆန်ဆန် ဈေးကွက်စီးပွားရေး အဆင့်အတန်းရဖို့ ဖုတ်ပူမီးတိုက် ဖြစ်နေရသလဲလို့ မေးစရာ ရှိပါတယ်။

အမေရိကန်နဲ့ အီးယူက ဈေးကွက်စီးပွားရေး အဆင့်အတန်း မြန်မြန်သတ်မှတ်ပေးမှ တရုတ်ကို Anti-dumping ဥပဒေနဲ့ စွဲဆိုထားတဲ့ ကုန်သွယ်ရေး အမှုအရေအတွက် အမြန်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Dumping ဆိုတာ ဥပမာ တရုတ်က ပြည်ပပို့ပြီး ရောင်းချတဲ့ ပို့ကုန်ပစ္စည်းတခုတန်ဖိုးက တရုတ်ပြည်တွင်း ဈေးကွက်ထက် ပိုနိမ့်နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ပို့ကုန်ပစ္စည်းတန်ဖိုးကို ပြည်တွင်းဈေးထက် လျှော့ရောင်းတာမျိုးအတွက် အခွန်ပိုစည်းကျပ်တဲ့ ဥပဒေကို Anti-Dumping Law ဈေးမသမာမှု တားဆီးရေးဥပဒေလို့ သုံးနှုန်းပါတယ်။

သဘောကတော့ အမေရိကန် ဈေးကွက်မှာ ရောင်းတဲ့ တရုတ်ကုန်စည်တခုရဲ့ဈေးကို ဥပမာ အလားတူ တရုတ်ကုန်စည်ကိုပဲ အိန္ဒိယနဲ့ ဂျပန်မှာ ရောင်းတဲ့ဈေးတွေ ယှဉ်ကြည့်လို့ အမေရိကန် ဈေးကွက်မှာ ရောင်းဈေးကို ဈေးနှုန်းမျှတမှု ရှိမရှိ စစ်ဆေးပါတယ်။ ဈေးနှုန်း မမျှတဘူးလို့ ဆုံးဖြတ်ရင် အမေရိကန် အစိုးရက ဈေးမသမာမှု တားဆီးရေး ဥပဒေနဲ့ အရေးယူပြီး တရုတ် ကုန်စည်အပေါ် အခွန်ပို စည်းကြပ်လေ့ရှိပါတယ်။

တရုတ်အနေနဲ့ ဒီလိုအမှုတွေကို အများအပြား ရင်ဆိုင်နေရပါတယ်။ အဲဒီလို Anti-Dumping Law ဈေးမသမာမှု တားဆီးရေးဥပဒေနဲ့ညိနေတဲ့ အမှုတွေ အမြန်လျော့ဖို့ဆိုတာ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ခံရမှ အဆင်ပြေမယ်လို့ တရုတ်က နားလည်ထားပါတယ်။ ဒါကြောင့် လည်း အမေရိကန်က ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးဖို့ တရုတ်က အပူ တပြင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို ကြည့်ရင် တတိယနိုင်ငံတခုရဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်းဆိုတာ ကို အသိအမှတ်ပြုခံရဖို့အတွက် အီးယူ၊ အမေရိကန် စတဲ့ ကုန်သွယ်ဘက် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုခံရဖို့က ပိုအရေးကြီးတာ ထင်ရှားနေပါတယ်။

ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ခံရမှလည်း အီးယူ၊ အမေရိကန် စတဲ့ ဈေးကွက် တွေကို ၀င်နိုင်မှာဖြစ်ပြီး ကိုယ့်နိုင်ငံက ထုတ်လုပ်မှုတွေ ပို့ကုန်လုပ်ငန်းရှင်တွေ အကျိုးရှိမှာဖြစ် တယ်လို့ ရုရှအပါအ၀င် အရှေ့ဥရောပ နိုင်ငံတွေက ယူဆပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံ က အီးယူနဲ့ အမေရိကန်နိုင်ငံတွေရဲ့ ဈေးကွက်စီးပွားရေး အဆင့်အတန်း သတ်မှတ်ပေးမှုဟာ အရေးပါတယ်လို့ ယူဆတဲ့သဘော ဖြစ်ပါတယ်။

တကယ်တော့ ဈေးကွက်စီးပွားရေးဆိုတာ ၁၉၈၀ ပြည့်နှစ်များ အစောပိုင်းကမှ တတိယ ကမ္ဘာ့ နိုင်ငံတွေကြား စတင်ခေတ်စားခဲ့တဲ့ ဒီလှိုင်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ မတိမ်းမယိမ်း နိုင်ငံ ရေး၊ စီးပွားရေး ပြုပြင်မှုတွေ လုပ်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေ ဈေးကွက်စီးပွားရေး အဆင့် အတန်း သတ်မှတ်ရေးကို ဦးတည်နေချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံရေးထက် စီးပွားရေးကို အရင် ပြုပြင်ရမယ်လို့သာ ကြွေးကြော်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရ မိတ်ဆွေကြီး မလေးရှား ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ကတော့ စီးပွားရေး တိုးတက်ဖို့အတွက် နိုင်ငံရေး ပြောင်းလဲမှုနဲ့ ခိုင်မာတဲ့အစိုးရ ရှိဖို့က ပိုအရေးကြီးတယ်လို့ မကြာခင်ကဘဲ ပြောဆိုပါတယ်။

ဒီအချက်ကို မြန်မာစစ်ခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစား၊ မစဉ်းစားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Print this post

0 comments: