မန်ယူ လီဗာပူး ရာသီအကြိုခြေစမ်းပွဲ သုံးသပ်ချက်

အဘာဒင်း ၀-၂ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ ဖာဂူဆန်အနေနဲ့ ၁၉၇၈ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ နည်းပြခဲ့ဖူးတဲ့ အဘာဒင်းအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ မန်ယူအသင်းရဲ့တိုက်စစ်မှူး ၀ိန်းရွန်နီရဲ့ ခြေစွမ်းပြမှုနဲ့အတူ(၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီး ၄၅ မိနစ်မှာ ၀ိန်းရွန်နီကို အဘာဒင်းဂိုးသမား ဂိုးဧရိယာအတွင်းမှာ ဆွဲလှဲမိသလိုဖြစ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ပယ်နယ်တီကို ကွင်းလယ် ကစားသမားဖြစ်တဲ့ မိုက်ကယ်ကာရစ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ၆၉ မိနစ်မှာ ၀ိန်းရွန်နီကပဲ ဖလက်ချာရဲ့ပေးပို့မှုကတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ မန်ယူအသင်းရဲ့ ၀ါရင့်ကစားသမားများဖြစ်ကြတဲ့ ပေါလ်စခိုးလ်၊ဂစ်တို့ ပါဝင်ကစားခဲ့သလို၊ စကော့တလန်ကစားသမားတစ်ဦးဖြစ်တဲ့ ဖလက်ချာလည်း ပါဝင်ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။

ထရန်မဲ ၀-၁ လီဗာပူးလ်

ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ချန်ပီယံလမ်းကြောင်းပေါ်မှာ စောစောစီးစီးနုတ်ဆက်ခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ဒီနှစ်မှာတော့ ပြင်ဆင်မှုကောင်းကောင်းနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပေမယ့် အင်္ဂလန်ကလပ် အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ထရန်မဲအသင်းအပေါ်မှာတော့ ကျဉ်းမြောင်းတဲ့ဂိုးကွာခြားချက်နဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ လီဗာပူးလ်အသင်းမှာ မနှစ်ကတစ်ရာသီလုံးနီးပါး ဒဏ်ရာနဲ့ရုန်းကန်နေခဲ့ရတဲ့ နောက်ခံလူဒယ်နီရယ်အဂ္ဂါ ပထမဆုံး ပွဲထွက်ကစားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လူငယ်အရန်ကစားသမားအများစုနဲ့သာ ပွဲထွက် ကစားခဲ့ပြီး အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ကွင်းလယ်တောင်ပံကစားသမား ဘီနာယောင်က ပထမပိုင်း ၄၅ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဇူးရစ် ၂-၁ ဗီလာ

အင်တာတိုတိုဖလားပါဝင်ခွင့်ရရှိထားတဲ့ ဗီလာအသင်းဟာ ဆွစ်ဇာလန်မြေမှာကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာတော့ အမှတ်မထင်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ အိမ်ရှင်ဇူးရစ်အတွက် အဖွင့်ဂိုးကို ပထမပိုင်းပွဲအစ ၄ မိနစ်မှာပဲ ပယ်နယ်တီကတစ်ဆင့် အဘ်ဒီက သွင်းယူပေးခဲ့ပြီး ဗီလာအတွက်ချေပဂိုးကို အင်္ဂလန်လူငယ်တိုက်စစ်မှူး အဘွန်လဟော်က ဟားဝုဒ်ရဲ့ပေးပို့မှုကတစ်ဆင့် ပထမပိုင်း ၁၇ မိနစ်မှာပဲ ပြန်လည်ချေပခဲ့ပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ အိမ်ရှင်ဇူးရစ်တို့ ပယ်နယ်တီထပ်မံရရှိခဲ့တာကို အဘ်ဒီကပဲ ထပ်မံကန်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ(၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

ဆီယွန် ၁-၀ အဲဗာတန်

ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာရရှိခဲ့တဲ့ အဲဗာတန်အသင်းဟာ ရာသီကြိုဆွစ်ဇာလန်ခရီးစဉ်ရဲ့ အဖွင့်ပွဲစဉ်မှာ ဗီလာအသင်းလိုပဲ ရှုံးပွဲနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အိမ်ရှင်ဆီယွန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ဆီယွန်ကွင်းလယ်ကစားသမား ဆာတန်နတ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Print this post

0 comments: