ဒေါ်အောင်ဆန်းစုကြည် ၆ လအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နိုင်

ဒေါ်အောင်ဆန်းစုကြည်အား ခြောက်လခန့်အကြာတွင် လွတ်ပေးနိုင်ဖွယ်ရှိကြောင်း၊ ၆ နှစ်ကြာ အကျဉ်းချနိုင်ခွင့်သက်တမ်းလည်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောဆိုလိုက်သည်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ် စုသည် ၂၀၀၃ ခုနှစ် မေလမှ စတင်ပြီး အိမ်ချုပ်ချခံထားရသည်။ နိုင်ငံတကာက ဒေါ် စု လွတ်မြောက်ရေးအတွက် ဗိုလ်ချုပ်ကြီးများကို တောင်းဆိုခဲ့သော်လည်း ယခုနှစ် မေလက အိမ်ချုပ်သက်တမ်း ၁ နှစ် ထပ်မံတိုးခဲ့သည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး George Yeo က “သူတို့ဥပဒေအရဆိုရင် ပြည်ထဲရေးဝန်ကြီးက ဒေါ် စု ကို ၁ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်၊ ၀န်ကြီးချုပ်က ၅ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်။ ဆိုတော့ အများဆုံး ၆ နှစ်ပေါ့ဗျာဟု ပြောပြသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ယင်းသို့ပြောလိုက်ခြင်းဖြစ်သည်။
၆ နှစ်ကြာ ချုပ်နှောင်ထားခွင့် ဆိုတာလည်း သက်တမ်းကုန်ဖို့ ၆ လလောက်ပဲ ကျန်တယ်ဆိုပြီး သူက ကျနော်တို့ကို ပြောပြပါတယ် ဟု အာဆီယံဝန်ကြီးများ ညစာစားပွဲအပြီးတွင် George Yeo က ရှင်းပြသည်။
၆လအကြာတွင် ဒေါ် စု လွတ်မြောက်လာမည်ဟု အဓိပ္ပာယ်ရပါသလားဟူသော မေးခွန်းကို သူက (ဦးဉာဏ်ဝင်း ပြောတဲ့ဟာကို ပြန်ပြောပြတာပါဗျာ။ဟု ပြန်လည်ဖြေကြားသည်။
ဦးဉာဏ်ဝင်းပြောဆိုသည့် ၆ နှစ်တာ ချုပ်နှောင်ခွင့်သက်တမ်း ကုန်ဆုံးမှုမှာ လက်တွေ့တွင် မည်သို့ဖြစ်လာနိုင်ကြောင်း ရှင်းရှင်းလင်း မသိရသေးပေ။

Print this post

0 comments: