မြန်မာလူတန်းစား မျိုးစုံတို့သည် ယခုနောက်ပိုင်းနှစ်များတွင် မိမိနိုင်ငံ၏ ပြည်တွင်း အလုပ်အကိုင် ရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါးလာမှု (သို့) ပညာရေး အာမခံမှု လျှော့ပါးလာမှုတို့ကြောင့် စင်္ကာပူနိုင်ငံသို့ ပညာသင်ရန်၊ အလုပ်လုပ်ကိုင်ရန် အစရှိသော အကြောင်းအမျိုးမျိုးဖြင့် တစ်ဖြည်းဖြည်း ရောက်ရှိလာကြကာ ယခုအချိန်တွင် နေထိုင်သူပေါင်း ၁ သိန်း ခန့် ရှိနေပါသည်
ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်အချိန်ထိ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာများ အနည်းစုလောက်သာ နိုင်ငံရေးနှင့် ပတ်သက်သော အထိမ်းအမှတ်ပွဲလေးများအား ကြိုကြားကြိုကြား လုပ်ခဲ့ကြသော်လည်း ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် ရဟန်း သံဃာ အပါအ၀င် လူကြီး၊ လူငယ်အများစု ရင်ထဲ၌ မိမိနိုင်ငံသားများ မတရား ဖိနှိပ် အုပ်ချူပ်ခံရမှုအပေါ် မခံမရပ်နိုင်မှုများ ပိုမိုကြီးထွားလာပြီး မိမိနိုင်ငံနှင့် လူမျိုးအတွက် တတ်အားသရွေ့ အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် န အ ဖ စစ်အာဏာရှုး လက်တစ်ဆုပ်စာ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားမှုများအား နိုင်ငံတကာ ပိုမို သိရှိလာစေရန် နှင့် ပြည်တွင်းမှ အသက်၊ ဘ၀ စွန့်လွှတ်ကာ ရွပ်ရွပ်ချွံချွံ လှုပ်ရှားနေကြသော မျိုးချစ် အာဇာနည်များအတွက် အထောက်အပံ့ ဖြစ်စေရန် လှုပ်ရှားဆောင်ရွက်မှုများ အရှိန်အဟုန် ပြင်းပြင်း လုပ်ခဲ့ကြရာ
သိသာ ထင်ရှားသော လှုပ်ရှားမှုများအဖြစ် ၂၀ ရက်၊ နိုဝင်ဘာ၊၂၀၀၇ တွင် ပြုလုပ်ကျင်းပခဲ့သော ASEAN Summit ၌ Orchard လမ်းပေါ် ဆန္ဒပြခဲ့မှု၊ Referendum ၌ မိမိနိုင်ငံသား အခွင့်အရေးကို လက်ကိုင်ပြုပြီး “NO” စတစ်ကာ ကပ်ထားသော အနီရောင် တီရှပ် နှင့် ဦးထုပ်ကို လူထောင်ပေါင်းများစွာ ဆင်တူ ၀တ်ဆင် ဆောင်းခဲ့ကြပြီး မြန်မာသံရုံးရှေ့၌ စည်းစည်းလုံးလုံး နှင့် စည်းကမ်းသေ၀ပ်စွာ မိမိတို့၏ ဆန္ဒအမှန်ကို ထုတ်ဖေါ်ပြသမှုတို့သည် န အ ဖ စစ်အာဏာရှုးများအား အရှက်တကွဲ ဖြစ်စေခဲ့သကဲ့သို့ ဒီမိုကရေစီ အရေခြုံ တစ်ပါတီအာဏာရှင် စင်္ကာပူအစိုးရ အနေဖြင့်လည်း ကိုင်တွယ်ဖြေရှင်းရန် အကြပ်ရိုက် စေခဲ့ပါသည်။
ထိုနောက်ပိုင်းတွင် မြန်မာ့အရေးကို အားသွန်ခွန်စိုက် လှုပ်ရှားလာခဲ့သော ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့် အခြားသော မြန်မာ့အရေး လှုပ်ရှားသူများ၏ စည်းလုံးညီညွတ်မှု နှင့် လူအင်အား၊ စိတ်ဓါတ်အင်အား ကြီးမားလာမှုအား စနစ်တကျ ဖြိုခွဲရန် န အ ဖ အလိုကျ စင်္ကာပူအစိုးရ အနေဖြင့် ဆောင်ရွက်ခဲ့သည်ဟု ကောက်ချက် ချနိုင်ပါသည်။
စင်္ကာပူအစိုးရသည် မတ်လ၊ ၂၀၀၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားသော အဖွဲ့အစည်းများအား ပြင်းထန်စွာ နှိမ်နင်းရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်၌ စင်္ကာပူနိုင်ငံတွင် လာရောက် ပညာသင်ကြားသူ၊ အလုပ် လုပ်ကိုင် နေထိုင်သူတို့၏ ဗီဇာသက်တမ်းမှာ အားလုံးနီးပါး မကုန်သေးသောကြောင့် သိသာထင်ရှားခြင်း မရှိခဲ့ပါ။
သို့သော် ဇူလိုင်လ၊ ၂၀၀၈ မှ စတင်ပြီး ဗီဇာသက်တမ်း ကုန်သောသူများ တစ်ယောက်ပြီး တစ်ယောက် ရှိလာခဲ့ရာ ယခုအချိန်ထိ (၁၂)ယောက် ထိခိုက်ခြင်း ခံနေရပြီး (၃)ယောက်မှာ စင်္ကာပူနိုင်ငံမှ ထွက်ခွာသွားရပြီ ဖြစ်ပါသည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်တို့သည် စင်္ကာပူအစိုးရ၏ သိက္ခာမရှိသော နည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းခြင်း ခံခဲ့ရသူများ ဖြစ်ပါသည်။
၁။ ကိုစိုးသီဟ
၎င်းသည် ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်တည်းက မြန်မာ့အရေး လှုပ်ရှားမှုတိုင်းတွင် တတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သကဲ့သို့ နာဂစ် လေဘေး ကယ်ဆယ်ရေး အပါအ၀င် လူမူရေးလုပ်ငန်းများတွင်လည်း အားတက်သရော ပါဝင်ခဲ့ပြီး Tanglin Police Station မှ ခေါ်ယူစစ်ဆေးမှုများ ခံခဲ့ရသူလည်း ဖြစ်ပါသည်။
၎င်းသည် National University of Singapore တွင် ပညာသင်ကြားခဲ့ပြီး ကျောင်းပြီးချိန်တွင် အခြားသော ကျောင်းသားများ တန်းတူ PR Application Offer Letter လက္ခံ ရရှိခြင်း၊ ကျောင်းပြီး၍ အလုပ်အကိုင် ရှာဖွေရန် လုံလောက်သော အချိန်ရရှိခြင်း မရှိခဲ့ပါ။ (ပုံမှန်အားဖြင့် University နှင့် Polytechnic မှ ကျောင်းပြီးသူတိုင်း PR Application Offer Letter လက္ခံရရှိကြပြီး ကျောင်းပြီးသူတိုင်း အလုပ်အကိုင် ရှာဖွေရန် ၆လ မှ ၁၂ လထိ နေထိုင်ခွင့် ရရှိကြပါသည်)။
၎င်း၏ Student Pass သည် Final Year Project Presentation အပြီး (၈)ရက်အကြာ (၁၇)ရက်၊ မေလ၊ ၂၀၀၈ တွင် ကုန်ဆုံးခဲ့ပြီး (၁၃)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Degree Scroll ကို လက္ခံရရှိခဲ့ပါသည်။ ထိုအတောအတွင်း Social Visit Visa ကို လစဉ် တိုးနေခဲ့ရပြီး (၃၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ ထိသာ ရရှိခဲ့ပါသည်။ ဇွန်လကုန်ကာနီးတွင် အလုပ်အကိုင် ရှာဖွေရန် Long-Term Social Visit Pass လျှောက်ထားခဲ့ရာ (၂၄)ရက်၊ ဇုလိုင်လ၊ ၂၀၀၈ တွင် ICA (Immigration and Check-Points Authority) မှ ပေးပို့သော Rejection Letter ကို (၂၆)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ ၌ ၎င်း၏ စပွန်ဆာထံမှ တစ်ဆင့် ရရှိခဲ့ပါသည်။
(၂၈)ရက်နှင့်(၂၉)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ICA ကို ပြန်သွားခဲ့ပြီး NUS မှ ဘွဲ့ရကျောင်းသားတစ်ယောက် အနေဖြင့် နေထိုင် အလုပ်ရှာဖွေခွင့် ရှိလျှက်နှင့် မည်သည့် အကြောင်းကြောင့် Pass မရသည့် အကြောင်းပြချက်အား မေးမြန်းခဲ့ရာ ဖြေကြားခြင်း မရှိခဲ့ပါ။ ထို့အပြင် Long-Term Social Visit Pass အတွက် Appeal Letter လျှောက်ထားခြင်းမှာလည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှင်းပြပဲ ချက်ချင်း ငြင်းပယ်ခြင်း ခံခဲ့ရပါသည်။
စင်္ကာပူ အာဏာပိုင်များမှ မည်သို့မှ ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ၎င်း၏ Social Visit Pass ကုန်ဆုံးသည့် (၃၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် မနက်ပိုင်း (၆း၄၅) နာရီ လေယာဉ်ဖြင့် ကမ္ဘောဒီးယားသို့ ထွက်ခွာရန် မနက် (၆း၁၅-၆း၂၀) နာရီတွင် စင်္ကာပူနိုင်ငံ လေယာဉ်ကွင်းမှ Immigration Counter ကို ဖြတ်ခဲ့သောကြောင့် သာမန်အားဖြင့် လေယာဉ် စီးနင်းလိုက်ပါရန် လုံလောက်သော အချိန်ဖြစ်ပါသည်။
သို့သော် Counter အဖြတ်၌ Immigration Officer မှ ၎င်း၏ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးပြီး ဘေးဘက်တွင် ရှိသော အထူး စစ်ဆေးမေးမြန်းသော ကောင်တာဘက်ကို ခေါ်သွားပါသည်။ ထိုနေရာမှ တစ်နေရာရာကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုကို (၃၀)မိနစ်ခန့်ကြာ ပြုလုပ်နေခဲ့ပါသည်။ ထိုသို့ ပြုလုပ်နေစဉ်တွင် ၎င်း၏ လေယာဉ်မှ ထွက်ခွာရန် အချိန် အလွန်နီးကပ်နေသောကြောင့် ၎င်း၏နာမည်ကို နောက်ဆုံး ခေါ်ဆိုမှု ပြုလုပ်နေသည့်အကြောင်း Immigration Officer အား ပြောပြရာ လေယာဉ်ကို စောင့်ခိုင်းထားကြောင်း ပြန်ပြောခဲ့ပါသည်။ နောက်ဆုံး Immigration Officer သွားခွင့်ပြုချိန်တွင် အပြေးအလွှား သွားခဲ့သော်လည်း လေယာဉ်မှာ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် Immigration Officer ထံပြန်လာပြီး ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ နိုင်ငံကူးလက်မှတ်တွင် မည်သည့် ပြဿနာ ရှိသလဲဟု မေးမြန်းခဲ့ရာ ဘာမှ မရှိကြောင်း ဖြေကြားခဲ့ပါသည်။
ထို့ပြင် လေယာဉ်လက်မှတ် ဆုံးရှုံးခြင်း၊ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ စိတ်အနှာင့်အယှက် ဖြစ်အောင် အချိန်ဆွဲထားခြင်း စသည်တို့အတွက် တာဝန်ယူမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ နောက်တစ်နေ့ ပြန်ထွက်နိုင်ရန်အတွက် နေထိုင်ခွင့် တစ်ရက်သာ တိုးပေးခဲ့ပါသည်။ (နိုင်ငံကြီးသား ပီသပါသည်၊ စည်းစနစ် အလွန် ကျပါသည်ဟု ပြောဆိုလေ့ရှိသော စင်္ကာပူနိုင်ငံ၏ လုပ်ရပ်အား ပြန်လည် သုံးသပ်ရန် လိုအပ်ပါသည်။)
ထိုနေ့တွင်ပင် ၎င်းသည် Engineering Company တစ်ခုတွင် Project Engineer / Manager အဖြစ် အလုပ် ရှာဖွေ ရရှိခဲ့ပြီး အလုပ်ရှင်မှ Employment Pass အား Online မှ လျှောက်ထားပေးခဲ့သော်လည်း ယနေ့ အချိန်အထိ အတည်ပြုပေးခြင်း မရှိသေးပါ။
ပုံမှန်အားဖြင့် EP လျှောက်ထားခြင်းသည် အချက်အလက် ပြည့်စုံပါက တစ်ရက် နှစ်ရက်အတွင်း ပြီးစီးနိုင်ပြီး တစ်ခါတစ်ရံ အကျိုးအကြောင်း မညီညွှတ်မှသာ အများဆုံး နှစ်ပတ်ထိ ကြာတတ်ပါသည်။ သို့သော် အများဆုံး နှစ်ပတ်သာ ကြာတတ်သောကြောင့် Social Visit Pass ကို EP လျှောက်ထားခြင်း ပြီးစီးသည့်အထိ အမြဲတမ်း ပေးလေ့ရှိသော်လည်း ၎င်းအား လုံးဝတိုးပေးခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။
စင်္ကာပူအစိုးရကျောင်းများဖြစ်သော Polytechnic (၅)ခု နှင့် University (၃)ခု မှကျောင်းပြီးသော ကျောင်းသားများ အနေဖြင့် အလုပ်ရရှိ၍ EP (သို့) Pass တစ်ခုခု လျှောက်ထားပါက လျှောက်ထားသည့် ကောင်တာတွင်ပင် In principle Approval ကို နာရီပိုင်းအတွင်း ရရှိသော်လည်း စင်္ကာပူနိုင်ငံ၏ နာမည်ကြီး NUS မှ ကျောင်းပြီးသော ကိုစိုးသီဟ အတွက် (၁၀)ရက်ကျော် ကြာသည့်တိုင် ခက်ခဲနေရသည့် အကြောင်းရင်းမှာ စိတ်ဝင်စားစရာပင် ဖြစ်ပေသည်။
ကိုစိုးသီဟသည် (၃၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ ကမ္ဘောဒီးယားသို့ ထွက်ခွာသွားခဲ့ပြီး ၎င်း၏ EP Result အား အဖြူအမည်း ကွဲပြားအောင်း စောင့်စားရင်း မိမိ ပညာဖြင့် အဆင်ပြေနိုင်မည့် နိုင်ငံတွင် အလုပ်ရှာဖွေနိုင်ရန် ကြိုးစားနေပါသည်။
၂။ ကိုမျိုးထွန်း
၎င်းသည် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ၁၉၈၈ ခုနှစ် မှ ၁၉၉၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အထိန်းသိမ်းခံရခြင်း၊ ထောင်ချခံရခြင်းများ ရှိခဲ့ပြီး စင်္ကာပူနိုင်ငံတွင်လည်း ရွှေဝါရောင်တော်လှန်ရေးမှ စတင်ကာ Orchard လမ်းမပေါ် ဆန္ဒပြမှု၊ Referendum တွင် “NO Campaign” လှုပ်ရှားမှု အစရှိသော လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး နာဂစ် လေဘေး ဒုက္ခသည်များအတွက် မြန်မာပြည်တွင်း ပြန်ဝင်ကာ ကူညီ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် အထွေထွေ အလုပ်သမားဘ၀ဖြင့် လုပ်ကိုင်ခဲ့ပြီး မိမိ ရရှိသော ချွေးနှဲစာ လစာနည်းနည်းမှ တစ်ချိန်က အတူတကွ လှုပ်ရှားခဲ့သော၊ မြန်မာပြည်တွင် ထောင်ကျနေပြီး ငွေရေး အခက်အခဲ ဖြစ်နေသော ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ မိသားစုများအား တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။ Tanglin Police Station မှ ခေါ်ယူစစ်ဆေးမှုများ ခံခဲ့သူလည်း ဖြစ်ပါသည်။
၎င်း၏ Work Permit မှာ (၃၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် သက်တမ်းကုန်မည်ဖြစ်၍ ၎င်းတို့ ကုမ္ပဏီမှ ၎င်းအပါအ၀င် အလုပ်သမား(၆)ယောက်အား ထိုရက်မတိုင်မီ သက်တမ်းတိုးပေးခဲ့ရာ ၎င်းတစ်ယောက်သာ သက်တမ်းတိုးခွင့် မရရှိခဲ့ပါ။
(စင်္ကာပူနိုင်ငံတွင် Work Permit လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ Reject ဖြစ်ပါက အခြားသော S Pass, Employment Pass & Student Pass ကဲ့သို့ Appeal Letter တင်ခွင့်မရှိပါ။ Work Permit သက်တမ်းတိုးသူမှာ Reject ဖြစ်ပါက နိုင်ငံမှ တစ်ရက်၊ နှစ်ရက်အတွင်း ထွက်ခွာ ပေးရပါသည်။)
၎င်းသည် (၂)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံရှိ သူငယ်ချင်းအိမ်တွင် ယာယီ နေထိုင်ရင်း အလုပ်ရှာဖွေနေပါသည်။
၃။ ကိုလှိုင်မိုး
၎င်းသည် စင်္ကာပူနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးမှ စတင် လှုပ်ရှားခဲ့သော မြန်မာ့အရေး လှုပ်ရှားတိုင်းတွင် အားတက်သရော ပါဝင် လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်သကဲ့သို့ နာဂစ် လေဘေး ကယ်ဆယ်ရေးအတွက် ပြည်တွင်း ပြန်ဝင် လှုပ်ရှားခဲ့သူလည်း ဖြစ်ပြီး Tanglin Police Station ၏ ခေါ်ယူ စုံစမ်းမေးမြန်းခြင်းကို အများနည်းတူ ခံရသူလည်း ဖြစ်ပါသည်။
စင်္ကာပူနိုင်ငံတွင် Technical Supervisor ၊ S Pass holder အဖြစ် ဂျပန် ကုမ္ပဏီကြီး တစ်ခုတွင် အလုပ် လုပ်ကိုင်ခဲ့ပြီး ၎င်း၏ S Pass သက်တမ်းသည် (၂၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် (၃၀)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် MOM (Ministry of Manpower) ၌ ၎င်း၏ ကုမ္ပဏီမှ သက်တမ်းတိုးရန် လျှောက်ထားပေးခဲ့ရာ (၁၇)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Reject Letter ကို MOM မှ လက္ခံရရှိခဲ့ပါသည်။ ၎င်း၏ အထက်အရာရှိမှ စုံစမ်းမေးမြန်းခဲ့ရာ မည့်သည့် အကြောင်းပြချက်မှ မရရှိခဲ့ပါ။ ၎င်း၏ အထက်အရာရှိများမှ ထောက်ခံစာများနှင့်တစ်ကွ Appeal Letter ကို (၂၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် တင်ပေးခဲ့သော်လည်း (၂၅)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မသိရှိရပဲ ထပ်မံ ငြင်းဆန်ခြင်း ခံခဲ့ရပါသည်။ ထိုအချိန်တွင် ၎င်း၏ S Pass မှာ ဖျက်သိမ်းခဲ့ရပြီး MOM Rule အရ Social Visit Pass ဖြင့် (၅)ရက်၊ သြဂုတ်လ၊ ၂၀၀၈ အထိ နေထိုင်ခွင့် ရခဲ့ပါသည်။
နောက်ပိုင်းတွင် Human Resource Department မှ ၎င်း၏ အရာရှိထံသို့ ပေးပို့သော Email အရ ၎င်းသည် နိုင်ငံရေးအရ Police Record ရှိသောကြောင့် MOM မှ လုပ်ပေးမည် မဟုတ်ကြောင်း သိရှိရပါသည်။
၎င်းသည် ထိုကုမ္ပဏီတွင် အလုပ် လုပ်ကိုင်ရင်း Ngee Ann Polytechnic ၌ Technology (Mechanical)၊ Diploma Course ကို အချိန်ပိုင်း တက်ရောက် သင်ကြားနေရာ သြဂုတ်လ (၁၄)ရက်မှ (၂၄)ရက်အတွင်း 5th Semester Examination ဖြေဆိုရမည် ဖြစ်သောကြောင့် ထိုစာမေးပွဲ ပြီးဆုံးချိန်ထိ နေထိုင်ခွင့်ပြုရန် ကျောင်းမှ ထုတ်ပေးသော စာရွက်စာတမ်းများနှင့် လျှောက်ထားခဲ့ရာ MOM သို့ လျှောက်ထာခဲ့ရာ ICA သို့ သွားခိုင်းခဲ့ပြီး ICA သို့ သွားလျှောက်ရာတွင်လည်း လျှောက်လွှာအား သိမ်းယူထားပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ ငြင်းဆန်ခြင်း ခံခဲ့ရသည်။ မေးမြန်းစုံစမ်းမှုအရ စာမေးပွဲဖြေဆိုရန် ဗီဇာလျှောက်ထားပြီး ပြန်လာနိုင်ကြောင်း၊ သို့သော် ဗီဇာ ရ၊ မရ အာမ မခံနိုင်ကြောင်းသာ သိခဲ့ရပါသည်။
သြဂုတ်လ ကုန်ခါနီး စင်္ကာပူနိုင်ငံမှ မထွက်ခွာခင် Re-Entry Visa အား လျှောက်ထားခဲ့ရာ ၎င်း၏ စပွန်ဆာ အား ICA မှ နှစ်ကြိမ်တိတိ ခေါ်ယူကာ စိတ်အနှောင့်အယှက် ဖြစ်စေသော စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်း၏ စပွန်ဆာမှ လျှောက်ထားပေးမှုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။ ၎င်းအားလည်း စင်္ကာပူနိုင်ငံမှ ထွက်ခွာမည့်နေ့တွင် ICA မှ ခေါ်ယူကာ မည့်သည့်အကြောင်းကြောင့် Re-Entry Visa အား လျှောက်ထားကြောင်း မေးမြန်းပြီး (ပထမဦးဆုံး Social Visit Pass Extension လျှောက်ထားစဉ် စာမေးပွဲဖြေဆိုရမည့်အကြောင်း ကျောင်းမှ ပေးသောစာပါ ပေးခဲ့ပြီး ဒုတိယအကြိမ် Re-Entry Visa လျှောက်ထားစဉ်တွင်လည်း စာမေးပွဲဖြေဆိုရန် လျှောက်ထားကြောင်း ဖော်ပြခဲ့ပါသည်။) ထပ်မံ လျှောက်ထား ရန် ပြောကြားသဖြင့် နောက် စပွန်ဆာ တစ်ယောက်ဖြင့် လျှောက်ထားခဲ့ပါသည်။
၎င်းသည် (၅)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး စာမေးပွဲ ဖြေဆိုရန် ဗီဇာအား စောင့်ဆိုင်းနေပါသည်။
၎။ ကိုကျော်စိုး
၎င်းသည် မြန်မာ့အရေးအား သြဂုတ်လ အဖြူရောင် လှုပ်ရှားမှု နှင့် ရွှေဝါရောင် တော်လှန်ရေးမှ စတင်ပြီး စိုက်လိုက်မတ်တတ် လှုပ်ရှားမှုတိုင်းတွင် အဓိကကျစွာ ထိထိရောက်ရောက် ပါဝင်ခဲ့သည့်အပြင် စင်္ကာပူနိုင်ငံ အာဏာပိုင်များ၊ နိုင်ငံခြား သံတမန်တစ်ချို့ နှင့် ပြောဆို ဆွေးနွေးခြင်းများ၊ မီဒီယာများ နှင့် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီး စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာန နှင့် Tanglin Police Station ၏ ခေါ်ယူ မေးမြန်း စုံစမ်းခြင်းကို လှုပ်ရှားမှုများ မလုပ်ခင်နှင့် လုပ်ပြီးတိုင်း မကြာခဏ ခံရသူလည်း ဖြစ်ပါသည်။
၎င်းသည် Temasek Polytechnic မှ Diploma in Hospitality & Management ဖြင့် ကျောင်းပြီး၍ ကျန်ခဲ့သော (၅)နှစ် အလုပ်ဝင်ချိန်၌ လျှောက်ထားခဲ့သော Permanent Resident Application မှ ဖြေဆိုမှု နှစ်ခုနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်ရာ တွေ့ရှိသည်ဟု ဆိုကာ စင်္ကာပူနိုင်ငံ အာဏာပိုင်များမှ ရွှေဝါရောင် တော်လှန်ရေးအတွင်းမှ စတင်၍ အကြိမ်ကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ (စင်္ကာပူအစိုးရသည် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများ၏ နောက်ကြောင်း ရာဇ၀င်ကို ထိုစဉ်ကတည်းမှ ပြန်လည် စစ်ဆေးနေကြောင်း ကောက်ချက်ချနိုင်ပါသည်။)
ထို့နောက် စင်္ကာပူနိုင်ငံတွင် မြန်မာ့အရေး လှုပ်ရှားမှု အရှိန်အဟုန် အမြှင့်ဆုံး ဖြစ်သော Referendum အပြီး နာဂစ် လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ကောက်ခံမှု အရှိန်ရစဉ် အထက်တွင် ဖော်ပြခဲ့သော ဖြေဆိုမှု နှစ်ခုနှင့် ပတ်သက်၍ စင်္ကာပူ အစိုးရ၏ ရက်(၄၀)ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရပါသည်။ ထိုသို့ ထိမ်းသိန်းခံရစဉ် ကာလအတွင်း (၅)ကြိမ်တိတိ၊ စင်္ကာပူ အာဏာပိုင် အဖွဲ့အစည်းများမှ ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့်ပတ်သက်သော အသေးစိတ် မေးခွန်းများ၊ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်သော မေးခွန်းများအပြင် အခြားသော စည်းရုံး ဆွဲဆောင်သော စကားများအား ချော့တခါ ချောက်တလှည့်ဖြင့် နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခဲ့ပါသည်။
၎င်း၏ PR ကဒ် (သို့) IC ကို ထိန်းသိမ်းခံရခြင်းမှ လွတ်သောနေ့ (၁၆)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် သိမ်းယူထားခြင်း ခံခဲ့ရပါသည်။ ၎င်း၏ နိုင်ငံကူးလက်မှတ်မှာလည်း ၂၀၀၈၊ ဇွန်လထဲတွင် သက်တမ်း ကုန်ခဲ့သည့်အတွက် သက်တမ်းတိုးရန် သွားလျှောက်ရာ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်ကို သိမ်းယူ ထားပြီး ယနေု့အချိန်ထိ သက်တမ်းတိုးခြင်းကိစ္စ ပြီးပြတ်ခြင်း မရှိသေးပါ။ Re-Entry Permit သည်လည်း (၂၁)ရက်၊ ဇူလိုင်၊ ၂၀၀၈ တွင် ကုန်ဆုံးခဲ့ပါသည်။
၎င်းသည် မိမိ၏ ကိစ္စအား မည်သို့ စီစဉ်ထားကြောင်း စင်္ကာပူ အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း နိုင်ငံကူးလက်မှတ် ယူလာခဲ့ရန်သာ ပြောဆိုပြီး တိကျစွာ ဖြေဆိုခြင်း မပြုခဲ့ပါ။ နောက်ဆုံး မိမိ၏ လက်ရှိနေထိုင်ရသော Status အား ပြတ်ပြတ်သားသား မကြာခဏ မေးမြန်းခဲ့သည့်နောက်တွင်မှ ၎င်းအား Special Pass ထုတ်ပေးကာ (၃)ရက်၊ (၄)ရက် တစ်ကြိမ် သက်တမ်း တိုးကာ နေစေသော်လည်း မည်သည့် အကြောင်းကြောင့် ၎င်း Special Pass ထုတ်ပေးကြောင်း ဖြေကြားခြင်း မရှိခဲ့ပါ။
(PR တစ်ယောက်အား ၎င်း၏ PR Status အား Cancellation လုပ်ကြောင်း တရားဝင် မထုတ်ပြန်ပဲ နေထိုင်ခွင့် တစ်စုံတစ်ရာမှ မရှိသူအား ထုတ်ပေးလေ့ရှိသော Special Pass ပေးပြီး မကြာခဏ သက်တမ်းတိုး နေထိုင်စေခြင်းမှာ မည်သို့မျှ အဓိပ္ပါယ်ရှိသော လုပ်ရပ် မဟုတ်ပါ။)
ယခုအချိန်၌ ၎င်း၏ လက်ထဲတွင် မြန်မာနိုင်ငံကူးလက်မှတ် မရှိသကဲ့သို့ စင်္ကာပူနိုင်ငံမှ ထုတ်ပေးထားသော PR Status ကိုလည်း တိတိပပ မပြောသေးပဲ စိတ်ဓါတ် ယိုင်နဲ့ ပျက်ပြားအောင် နှစ်ဘက်စလုံးမှ ဖိအားပေး လုပ်ဆောင်ခြင်း ခံနေရပါသည်။ ထိုသို့ ဖြစ်ပေါ်နေသော အခြေအနေကို အခွင့်ကောင်းယူပြီး ယနေ့အချိန်ထိ စင်္ကာပူ အစိုးရဘက်မှ ၎င်း၏ PR Status ကို ရုပ်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ပေးခြင်း မရှိပဲ ၎င်း၏ CPF (Central Provident Fund) (သို့) စုငွေကို ထုတ်ယူစေရန် ညွှန်ကြားပြီး စင်္ကာပူနိုင်ငံမှ မိမိ သဘောဆန္ဒအရ ထွက်ခွာသွားသည့် ပုံစံမျိုး ဖြစ်စေရန် အတင်းအကြပ် တွန်းအားပေး လုပ်ဆောင်ခြင်း ခံနေရပါသည်။
(ပုံမှန်အားဖြင့် ထိုသို့ မှားယွင်းစွာ ဖြည့်စွက်မှုကြောင့် ဖြစ်ပေါ်လာသော ကိစ္စများ စင်္ကာပူနိုင်ငံတွင် အနည်း နှင့် အများ ရှိကြပါသည်။ အများအားဖြင့် PR နှင့် PR မှီခို၊ EP မှီခို၊ ကျောင်းသား မှီခို လျှောက်ထားသူများ၊ လျှောက်နေစဉ်ကာလမှာပင် ဖြစ်ပေါ်တတ်ပါသည်။ ယခုကဲ့သို့ (၅)နှစ်ကြာမှ အထူးတလည် ပြန်လည် စစ်ဆေးမှုမျိုး မြန်မာအသိုင်းအ၀ိုင်းတွင် မကြားဖူးပါ။ သာမန်အားဖြင့် Permanent Resident တစ်ယောက် သည် တော်ရုံ ရာဇ၀တ်မှု တစ်ခုခု ကျူးလွန်ခဲ့လျှင်ပင် ကျသင့်သော အပြစ် ပေးဆပ်ပြီးပါက မိမိ၏ ပညာ၊ အရည်အချင်း ၊ ကြိုးစားမှုကြောင့် ရရှိလာသော PR Status အတိုင်း ပြန်လည် နေထိုင်ခွင့် ရကြပါတယ်။ ယခုကိစ္စသည် ရာဇ၀တ်မှု (Criminal) မဟုတ်ပဲ သာမန်ကျူးလွန်မှု (Offense) မျှသာ ဖြစ်သောကြောင့် ယခုကဲ့သို့ ဆက်ဆံ ကိုင်တွယ် ဖြေရှင်းမှုအား ခိုင်လုံသော အကြောင်းပြချက် ပေးသင့်ပါသည်။)
၅။ ကိုသူရိန်ဝင်း
၎င်းသည် စင်္ကာပူနိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုများတွင် တစ်နိုင်တစ်ပိုင် တစ်သီးပုဂ္ဂလ ပါဝင်လှုပ်ရှားလျှက် ရှိရာမှ Referendum အတွက် Signature Campaign လှုပ်ရှားမှုမှ စတင်ကာ တက်တက်ကြွကြွ စုပေါင်း လုပ်ဆောင်လာခဲ့ပြီး နာဂစ် လေဘေး ကယ်ဆယ်ရေးတွင်လည်း ပြည်တွင်းသို့ ပြည်လည် ၀င်ရောက် ကူညီခဲ့သူဖြစ်သည်။
၎င်းသည် Assistant Engineer ၊ S pass holder အဖြစ် လုပ်ကိုင်နေပြီး မြန်မာပြည်မှ နာဂစ် လေဘေး ကယ်ဆယ်ရေးလုပ်ပြီး ပြန်လာချိန်၌် ICA မှ ၎င်း၏ PR Application အတွက် (၆)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် Interview ရန် စာဖြင့်ဆင့်ခေါ်သောကြောင့် သွားရောက်ချိန်တွင် ၎င်းအား ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့်ပတ်သက်သော အထူးသဖြင့် ခေါင်းဆောင်ပိုင်း၊ လူအင်အား၊ အစည်းအဝေး လုပ်ရာနေရာ၊ အဖွဲ့အစည်း တည်နေရာ အစရှိသော မေးခွန်းများ၊ အခြားသော နိုင်ငံရေး အဖွဲ့အစည်းများ၊ ၎င်း၏နိုင်ငံရေး လှုပ်ရှားမှုများ မေးမြန်းခြင်းနှင့် ၄င်း၏ PR Application အား Reject လုပ်ပြီး S Pass ကိုလည်း ပြန်ရုပ်သိမ်းပါက မည်သို့ သဘောရကြောင်း (၂) နာရီ (၃၀) မိနစ်ကြာ Officer (၂)ယောက်မှ လှည့်ပတ် မေးမြန်းခြင်း ခံခဲ့ရပါသည်။
၎င်းသည် လက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီထက် အခွင့်အလမ်း၊ လစာ ပိုမို ကောင်းမွန်သော ကုမ္ပဏီတစ်ခု မှ အလုပ်တစ်ခုကို ရှာဖွေရရှိခဲ့ပြီး ၎င်းကုမ္ပဏီမှ (၁၇)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Employment Pass လျှောက်ထားပေးခဲ့သော်လည်း ယနေ့တိုင် တိကျသော အဖြေ မသိရှိရသေးပါ။
၆။ မငွေဇင်စိုး
၎င်းသည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော မြန်မာ့အရေး လှုပ်ရှားမှုများတွင် Orchard Protest မှလွဲ၍ Referendum အပါအ၀င် ကျန်သော နိုင်ငံရေး လှုပ်ရှားမှုများ နှင့် နာဂစ် လေဘေး ရံပုံငွေ ရှာဖွေခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပြီး Tanglin Police Station ၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါသည်။
၎င်းသည် စင်္ကာပူနိုင်ငံ Temasek Polytechnic မှ ၂၀၀၃ ခုနှစ်တွင် ကျောင်းပြီးခဲ့သော PR တစ်ယောက် ဖြစ်ပြီး Engineering Company တစ်ခုတွင် အဆက်မပြတ် လုပ်လာခဲ့သူ ဖြစ်ပြီး ၎င်း၏ Re-Entry Permit သက်တမ်းမှာ (၁၁)ရက်၊ စက်တင်ဘာလ၊ ၂၀၀၈ တွင် ကုန်မည် ဖြစ်သဖြင့် (၂၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် စာရွက်စာတမ်း အပြည့်အစုံဖြင့် သွားရောက် သက်တမ်း တိုးခဲ့ရာ ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မပြောပဲ ချက်ချင်း တိုးမပေးနိုင်ကြောင်း၊ နောက်မှ ပြန်ဆက်သွယ်ပါမည်ဟုသာ ပြောကြားပြီး ယနေ့အထိ ၎င်းကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားခြင်း မရှိ သေးပါ။
(ပုံမှန်အားဖြင့် စာရွက်စာတမ်း ပြည့်စုံပြီး အလုပ်ပုံမှန် လုပ်ကိုင်နေသူ ဖြစ်ပါက မိနစ် (၃၀) အတွင်း ပြီးစီးသော လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါသည်။ ၎င်း ပါမစ်အား သက်တမ်း မကုန်ခင် (၆) လ အလိုတွင် စတင် တိုးနိုင်သကဲ့သို့ သက်တမ်းကုန်သော်လည်း စင်္ကာပူနိုင်ငံမှ မထွက်ခင်ထိ တိုးနိုင်ပါသည်။)
၇။ ကိုဝဏ္ဏစောသိန်း နှင့် ၈။ မအေးသန္တာ
၎င်းတို့ ဇနီးမောင်နှံသည် စင်္ကာပူနိုင်ငံတွင် မြန်မာ့အရေး လှုပ်ရှားမှုများအား ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် နိုင်ငံရေးနှင့် ပတ်သက်၍ ကြိုကြားကြိုကြား ပြုလုပ်သော အထိမ်းအမှတ်ပွဲလေးများမှ အစ Orchard လမ်းမပေါ် ဆန္ဒပြမှု၊ Referendum တွင် “NO Campaign” လှုပ်ရှားမှု အစရှိသော လှုပ်ရှားမှုတိုင်းတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ ဖြစ်ကြပြီး Tanglin Police Station ၏ ခေါ်ယူ စစ်ဆေးခြင်း ကို ခံရသူများလည်း ဖြစ်သည်။
ကိုဝဏ္ဏစောသိန်းသည် National University of Singapore မှ ကျောင်းပြီးသော PR ၊ Engineer တစ်ယောက် ဖြစ်ပြီး ၎င်း၏ အမျိုးသမီးမှာ ၎င်းကို မှီခို၍ PR ဖြစ်လာကာ Accountant အဖြစ် အလုပ်ကို ဆက်တိုက် လုပ်ကိုင်နေကြသူများ ဖြစ်ပါသည်။ ၎င်းတို့၏ Re-Entry Permits သည် (၁၅)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး (၂)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် သက်တမ်း သွားတိုးခဲ့ရာ ယခင် တစ်ယောက်အတိုင်း ခိုင်မာသော အကြောင်းပြချက် မပေးပဲ ယခုချက်ချင်း တိုးမပေးနိုင်ကြောင်း၊ ပြန်ဆက်သွယ်ပါမည်ဟုသာ ပြောပြီး ယနေ့ထိ တိုးမပေးသေးပါ။
Re-Entry Permits သက်တမ်း ကုန်သွားပြီ ဖြစ်သောကြောင့် မိမိနိုင်ငံပြန်ရန် (သို့) အခြားနိုင်ငံထွက်ခွာပါက ပြန်ဝင်ရန် အခက်အခဲ ကြုံတွေ့နိုင်သောကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရပါသည်။
၉။ ကိုစိုးထွန်း
၎င်းသည် စင်္ကာပူနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးမှ စတင် လှုပ်ရှားခဲ့သော မြန်မာ့အရေး လှုပ်ရှားမှုတိုင်း တွင် စိတ်ရောကိုယ်ပါ ပါဝင် လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်သကဲ့သို့ ရွှေဝါရောင် တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြရန် Handphone ဖြင့် စတင် လှုံ့ဆော် သတင်းဖြန့်ခြင်းကြောင့် စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာနမှ ခေါ်ယူ စုံစမ်းမေးမြန်းခြင်း စတင် ခံခဲ့ရပြီး Orchard Protest နှင့် Referendum အပါအ၀င် အခြားထင်ရှားသော လှုပ်ရှားမှုများ ပြုလုပ်ရန် သတင်းကြားတိုင်း Tanglin Police Station ၏ ဖုန်းဖြင့် သတိပေးခြင်း၊ ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများကို အများနည်းတူ ခံရသူလည်း ဖြစ်သည်။
၎င်းသည်လည်း Temasek Polytechnic မှ ၂၀၀၂ ခုနှစ်တွင် ကျောင်းပြီးသော PR တစ်ယောက်ဖြစ်ပြီး ယခင်က Engineering Company နှစ်ခုတွင် လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် Real Estate Company တစ်ခု၌ Senior Associate Manager အဖြစ် လုပ်ကိုင်နေပါသည်။ ၎င်း၏ Re-Entry Permit သက်တမ်းမှာ (၃၁)ရက်၊ အောက်တိုဘာလ၊ ၂၀၀၈ တွင် ကုန်ဆုံးမည် ဖြစ်သည်။
(၂၃)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ကလေးကျောင်းထားရန် လာစုံစမ်းသော အသိ မိတ်ဆွေတစ်ယောက်၏ Social Visit Pass သက်တမ်းတိုးရန် စပွန်ဆာလုပ်ပေးခဲ့ပါသည်။ ထိုမိတ်ဆွေက ICA သို့ သွားလျှောက်သောအခါ Immigration Officer မှ ၎င်း၏ လျှောက်လွှာတွင် မှားယွင်းမှု တစ်ခုခု ဖြစ်နေ၍ တိုးမပေးနိုင်ကြာင်း ပြောကြားသည့်အတွက် အကျိုးအကြောင်း မေးမြန်းခဲ့ရာ ပြဿနာမှာ စပွန်ဆာကြောင့် ဖြစ်၍ လဲလျှောက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက မည်သို့မှ တိုးမပေးနိုင်ကြောင်း ပြန်ဖြေကြားခဲ့ပါသည်။
(လက်ရှိ တရားဝင် ကိုင်ဆောင်ထားသော၊ ၎င်းတို့ ကိုယ်တိုင် ထုတ်ပေးထားသော PR IC ကဒ်မှာ အများနည်းတူ မဟုတ်ပဲ တစ်ခုခု မှားယွင်းနေသည် ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်နေပါသည်။)
၁၀။ ၁၁။ ၁၂။ ၎င်းတို့၏ နာမည်များနှင့် အချက်အလက်များကို ယခုအချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ဖော်ပြရန် အဆင်သင့် မဖြစ်သေးပါ။
၎င်းတို့ (၃)ဦးမှာ မိန်းကလေးများ ဖြစ်ကြပြီး (၂)ဦးမှာ စင်္ကာပူနိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုတိုင်း၌ တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်ပြီး ကျန်တစ်ဦးမှာ Referendum နှင့် နာဂစ် လေဘေး ကယ်ဆယ်ရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့သူတို့ ဖြစ်သည်။ Temasek Polytechnic မှ Engineering ဖြင့် ကျောင်းပြီးကြသော PR များ ဖြစ်ကြပြီး နှစ်ဦးမှာ Engineering Field တွင် အလုပ် လုပ်နေကြသော်လည်း တစ်ဦးမှာ လက်ရှိတွင် NUS ၌ ကျောင်းဆက်တက်နေပါသည်။
၎င်းတို့ (၃)ဦးသည်လည်း Re-Entry Permit သက်တမ်းတိုးရန် လျှောက်ထားရာတွင် အများနည်းတူ သက်တမ်းတိုးခွင့် မရရှိသေးပဲ စောင့်ဆိုင်းနေကြရသူများ ဖြစ်ကြပြီး တစ်ယောက်မှာ ဧပြီလ၊ ၂၀၀၈ တွင် သက်တမ်း ကုန်ခဲ့ပြီး နောက်တစ်ယောက်မှာ ဇူလိုင်လ၊ ၂၀၀၈တွင် သက်တမ်း ကုန်သွားခဲ့သဖြင့် အခြားနိုင်ငံများသို့ မိမိတို့၏ ပညာရေး၊ လူမှုရေးကိစ္စတို့ကြောင့် သွားရောက်ရန် ရှိခဲ့သော်လည်း ICA နှင့် မေးမြန်းစုံစမ်းချက်အရ ပြန်ဝင်ခွင့် ဗီဇာရရန် မသေချာခြင်း၊ ၎င်းတို့၏ PR Status ပျက်ပြယ်သွားမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် မည်သည့်နိုင်ငံကိုမှ ထွက်ခွာခြင်း မပြုနိုင်ပဲ စင်္ကာပူနိုင်ငံ အတွင်း၌သာ ခြေချုပ် မိနေပါသည်။ ကျန်တစ်ယောက်မှာလည်း ၂၀၀၈၊ သြဂုတ်လ အတွင်း သက်တမ်း ကုန်တော့မည် ဖြစ်သည်။
(ပုံမှန်အားဖြင့် PR တစ်ယောက်သည် Re-Entry Permit သက်တမ်း မတိုးဖြစ်ခင် (သို့) မတိုးပဲ အရေးပေါ် ကိစ္စတစ်ခုခုကြောင့် စင်္ကာပူနိုင်ငံမှ ထွက်ခွာသွားပါက Re-Entry Visa လျှောက်ထားကာ ပြန်လည် ၀င်ရောက်လာနိုင်ပြီး မိမိ ရရှိထားသော PR Status ကို လွယ်ကူစွာ ပြန်လျှောက်ယူနိုင်သော်လည်း စင်္ကာပူအစိုးရမှ Re-Entry Visa ပေးရန် ငြင်းပယ်ခဲ့ပါက (သို့) စင်္ကာပူနိုင်ငံသို့ ပြန်မ၀င်နိုင်ပါက PR Status သည် အလိုလို ပျက်ပြယ်သွားနိုင်ပါသည်။ ထိုသို့ Re-Entry Visa ပေးခြင်း၊ မပေးခြင်းမှာ ICA ၏ ကြောက်စရာ လက်သုံးစကားဖြစ်သော … case by case basic , subject to approval … ဖြစ်ပေသည်။)
သုံးသပ်ချက်
စင်္ကာပူနိုင်ငံ၏ အကျိုးစီးပွားအား ထိခိုက်အောင် မည်သည့်အချိန်ကမှ ရည်ရွယ် လုပ်ဆောင်ခြင်း မရှိဘဲ မြန်မာ့အရေးကိစ္စကိုသာ မျိုးချစ်စိတ်ဓါတ် တစ်ခုတည်းဖြင့် အာရုံစိုက်ကာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြသော မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများသည် အများနည်းတူ စင်္ကာပူနိုင်ငံတွင် မိမိတို့၏ ပညာ၊ အရည်အချင်း၊ အချိန် နှင့် ငွေကြေး ရင်းနှီးမှုတို့ ပေါင်းစပ်ပြီးမှ ထို Status များကို ထိုက်တန်စွာ ရရှိလာခြင်း ဖြစ်သည်။
သို့ရာတွင် စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာန နှင့် Tanglin Police Station ၏ ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများ ခံခဲ့ရသော မျိုးချစ်မြန်မာများတွင်မှ ပုံမှန် မဟုတ်သော ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်နေခြင်းမှာ မည်သည့်နည်းနှင့်မျှ တိုက်ဆိုင်သော ဖြစ်ရပ်၊ ရိုးသားသော လုပ်ရပ် မဖြစ်နိုင်ပါ။ အခြားသော မျိုးချစ်မြန်မာများသည်လည်း ယခုအချိန်တွင် ၎င်းတို့၏ Pass များ၊ Re-Entry Permit များ သက်တမ်းမကုန်သေးသော်လည်း မကြာမီ် တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ကုန်လာတော့မည် ဖြစ်ပါသည်။
သို့ဖြစ်၍ ထိုသို့ သိက္ခာ မရှိသော လုပ်ရပ်ဖြင့် န အ ဖ အလိုကျ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများအား စနစ်တကျ တတိတိ ဖြိုခွဲနေခြင်းအား နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ သိရှိပြီး ၎င်းတို့၏ မှုမမှန်သော လုပ်ရပ်အား ရှုတ်ချရန် နှင့် ရပ်တန့်အောင် ၀ိုင်းဝန်း လုပ်ဆာင်ပေးကြပါရန် ရွှေမြန်မာ အပေါင်းတို့ အား တိုက်တွန်း နှိုးဆော်အပ်ပါသည်။
စင်္ကာပူအစိုးရ မြန်မာတွေကို ဖိနှိပ်သမျှ
Posted by Baganland at 5:49 PM 0 comments
Labels: စင်္ကာပူ
American Gangster
ပထမဦးဆုံး မင်း လုပ်ရမှာက
အကောင်ကြီးတကောင်ကို
မင်းအိတ်ကပ်ထဲ ထည့်ထားနိုင်ဖို့ အရေးကြီးတယ်”
အယ်(လ်)ကပုန်း
(နယူးယောက် မာဖီးယားခေါင်းဆောင်)

၁၉၆ဝ ပြည့်လွန်နှစ်များက နယူးယောက်ရှိ လူမဲအများစု အခြေချသော ဟာလမ် ရပ်ကွက်တွင် ဘမ်ပီဟု လူသိများသည့် လူရည်လည်သည့် လူမည်း အဲလ်ဝတ်ဂျွန်ဆင်တွင် ပါးရည်နပ်ရည်ရှိသော ဖရန့်(စ်)လူက(စ်) အမည်ရှိ ဒရိုင်ဘာတယောက် ဖြစ်သည်။ စိတ်ကူးဥာဏ်ဖြင့် အရာရာကို စဉ်းစား လုပ်ကိုင်တတ်မှုကြောင့် ထိုသူမှာ ဂျွန်ဆင်၏ ညာလက်ရုံးအဖြစ်သို့ တခဏအတွင်း ရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဂျွန်ဆင် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသည့်အခါ လူးက(စ်)က သူ့နေရာကို ဆက်ခံပြီး ဂျွန်ဆင်၏ ဒုစရိုက်လုပ်ငန်း အားလုံးမှ ငွေဝင်ပေါက် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ သြဇာနှင့် ဓနအင်အားကို တရုတ်ဗိုလ်ချုပ် တဦးမှတဆင့် တွေ့ဆုံခဲ့သည်။ ရွှေတြိဂံဒေသထွက် ဘိန်းဖြူများကို အမေရိကန်သို့ သယ်ဆောင်ရာတွင်လည်း အကိုဖြစ်သူ အကူအညီဖြင့် ဗီယက်နမ်ရှိ အမေရိကန် စစ်လေယဉ်များမှတဆင့် လျှို့ဝှက် သယ်ဆောင်ခဲ့သည်။ ပထမဦးဆုံး အကြိမ်တွင် ရွှေတြိဂံဘိန်းဖြူများကို ၁ဝဝ ကီလိုဂရမ်သာ စမ်းသပ် သယ်ဆောင်ခဲ့သည်။ တကြိမ်တွင်မူ ဗီယက်နမ် စစ်ပွဲတွင် ကျဆုံးသော အမေရိကန် စစ်သား ၇ ဦး၏ ရုပ်အလောင်း ထည့်ထားသော ခေါင်းတလားထဲတွင် ဘိန်းဖြူနှစ်တန်အထိ လျှို့ဝှက် သယ်ဆောင်ခဲ့သည်။
အမေရိကန် နိုင်ငံတွင်းသို့ ရောက်ရှိလာသော ဘိန်းဖြူများကို The Country Boys ဟု အမည်ပေးထားသည့် သူ၏ ညီအကို ၅ ဦး အပါအဝင် သူ၏ နောက်လိုက်နောက်ပါများနှင့် “အပြာရောင် မျက်လှည့်” ဟု အမည်ပေးထားသည့် ၄ဝ ရာခိုင်နှုန်းစစ်စစ် ဘိန်းဖြူများကို နယူးယောက်တလွှားတွင် ဖြန့်ချိ ရောင်းချခဲ့သည်။ ရွှေတြိဂံဒေသထွက် ဘိန်းဖြူများကို အမေရိကန်တွင် ကြားလူများ တဆင့်ခံထား၍ ရောင်းချခြင်းဖြင့် နေ့ချင်းညချင်း ကြီးပွားလာသည့် လူးက(စ်)မှာ မြောက်ကယ်ရိုလိုင်းနားမှ နယူးဂျာစီသို့ ပြောင်းရွှေ့ အခြေချနေထိုင်ပြီး သူ၏ မိထွေးဖြစ်သူကိုပင် တန်ဖိုးကြီး အိမ်ရာတလုံးကို မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည်။ သူ၏ အကျိုးကို လိုလားသူများကို လိုလေသေးမရှိ ရက်ရောသော်လည်း သူ့အပေါ် သစ္စာမရှိသူ၊ လှည့်ဖျား ကောက်ကျစ်သူများကို သူကိုယ်တိုင်ပင် သွေးအေးအေးဖြင့် သုတ်သင် သတ်ဖြတ်လေ့ ရှိသည်။ ဟာလမ်တလွှားရှိ မြေအောက် ဒုစရိုက်လောကတွင် ပြိုင်ဘက်မရှိ တန်ခိုးကြီးထွားခဲ့ပြီးနောက် ပွာတိုရီကန်မှ လာရောက် အခြေစိုက်သော အလှပဂေးမလေး အီဗာကို လက်ထပ်ခဲ့သည်။
နယူးဂျာစီပြည်နယ် နီဝခ်အခြေစိုက် ရီချိရောဘတ်မှာ ဥပဒေအကြောင်းဆိုင်ရာ ကိစ္စတွင် သက်သေ သာဓကများ ခိုင်လုံအောင် စုံစမ်း ထောက်လှမ်းရသည့် ရဲစုံထောက်တဦး ဖြစ်သည်။ မိန်းမ လိုက်စားသည်ဟု သတင်းမွှေးလှသော ရစ်ချီမှာ ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးခါစ ဖြစ်ပြီး အဖော်ဖြစ်သူ ဂျေဗီးယားနှင့်အတူပင် နေထိုင်သည်။ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲရင်း ဂျေဗီးယား သေဆုံးသွားသည့်အခါ ရစ်ချီက လိုက်လံ စုံစမ်းရာမှ “အပြာရောင် မျက်လှည့်” ဟူသည့် ဘိန်းဖြူ အမျိုးအစားဖြစ်ပြီး၊ ထိုဘိန်းဖြူ ဖြန့်ချိသည့် လူကို ဖမ်းဆီးရမိပြီး နယူးဂျာစီ ရဲအဖွဲ့ အကြီးအကဲထံတွင် အကူအညီတောင်းကာ ထိုမူးယစ်ဆေးဝါး ဖြန့်ချိသူများအား လိုက်လံ စုံစမ်းလေသည်။ နောင်တွင် အမေရိကန် အထက်လွှတ်တော်အမတ် တဦးကပင် ပြည်သူ့ရန်သူ (Public Enemies) ဟု သတ်မှတ်ခဲ့ရသည့် ဖရန့်(စ်)မှာ ထိပ်တန်း ဘိန်းမှောင်ခိုတဦး ဖြစ်သော်လည်း ဥပဒေကို လေးစားလိုက်နာသူ၊ ဘာသာရေးကို ကိုင်းရှိုင်းသူဟု အခြားသူများ အထင်ရောက်အောင် ဖန်တီးထားသည်။ နယူးယောက်နှင့် နယူးဂျာစီ ပြည်နယ်များတွင် သူ၏ ဘိန်းဖြန့်ချိရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် နယူးယောက် ရဲတပ်ဖွဲ့မှ နာမည်ကျော် ရဲစုံထောက် ထယူပို အပါအဝင် ရဲအရာရှိများကို ငွေကြေးဖြင့် စည်းရုံးထားသကဲ့သို့ အီတာလျံ မာဖီးယားအုပ်စုမှ ဖြစ်သည့် လူချက်ဆီ မိသားစု၊ နယူးယောက် မြေအောက်ထိပ်သီး တဦးဖြစ်သည့် နစ်ကီဘန်းတို့နှင့်လည်း မဟာမိတ် ပြုထားသည်။
၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရာစုနှစ်၏ အကောင်းဆုံး လက်ဝှေ့ပွဲဟု သတ်မှတ်ကြသည့် ဂျိုဖရေဇီယာနှင့် မိုဟာမက် အလီတို့၏ ပြိုင်ပွဲ (ထိုပြိုင်ပွဲတွင် ဂျိုဖရေဇီယာ အနိုင် ရရှိခဲ့သည်။) ကို သွားကြည့်သည့် နေ့တွင် ထိုပွဲအတွက် စုံစမ်း ထောက်လှမ်းရန် တာဝန်ယူထားသည့် ရစ်ချီက နယူးယောက် ထိပ်တန်း ဒုစရိုက်ခေါင်းဆောင်များနှင့်အတူ လက်ဝှေ့ပွဲကို ကြည့်ရှုနေသည့် ဖရန်(စ်)ကို မသင်္ကာ ဖြစ်သွားခဲ့သည်။ ထိုအချိန်မှာ ဖရန်(စ်)၏ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချရေး ကွန်ယက်ကို အခက်အခဲပေါင်း များစွာကြားမှ လိုက်လံ စုံစမ်းရာမှ နောက်ဆုံးတွင် ဖရန်(စ်)ကို သူကိုယ်တိုင် လက်ရ ဖမ်းမိခဲ့သည်။ တရားမဝင် မူးယစ်ဆေးဝါး တင်သွင်းမှု၊ ဖြန့်ချိရောင်းချမှုများ အပါအဝင် လူသတ်မှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်းများစွာ အပါအဝင် သေဒဏ်အထိ ကျခံနိုင်ဖွယ်ရာ ရှိသော်လည်း အစိုးရ သတင်းပေးအဖြစ် သူ၏ ကွန်ယက်ခွင်တွင် ပါဝင်ပတ်သက်သူ အားလုံးကို ဖွင့်ပြောရန် သဘောတူလိုက်သည့်အခါ ထောင်ဒဏ် ၁၅ နှစ်သာ ကျခံရသော်လည်း သူ၏ ဘိန်းမှောင်ခိုမှုတွင် ပါဝင် ပတ်သက်နေသည့် ရဲအဖွဲ့နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများပါ အဖမ်းခံကြရလေသည်။
ဖရန့်(စ်)လူးက(စ်) အဖမ်းခံရချိန်တွင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံမှာ မိုဟာမက်အလီဖြစ်ပြီး သူ ထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါ ၁၉၉၂ ခုနှစ်ဖြစ်ပြီး ဟဲဗီးဝိတ် ချန်ပီယံမှာ ရစ်ဒစ်ဘိုဝီ ဖြစ်နေသည်ကို ပြသခဲ့ပြီး ဒရိုင်ဘာ ဘဝမှ မူးယစ်ရာဇာဘဝ၊ ထိုမှတဆင့် သူ၏ ပြစ်ဒဏ်များ ပေါ့လျော့အောင် အစိုးရသတင်းပေး ဖြစ်ခဲ့ရသည့် မူးယစ်ရာဇာ တဦး၏ ထောင်မှ လွတ်မြောက်လာသော ခြေလှမ်းများကို ပြသပြီး ရုပ်ရှင်ကားကို ပြီးဆုံးစေခဲ့သည်။ သူ့ခေတ် သူ့အခါက ရဲအဖွဲ့မှ အရေးပါ အရာရောက်သူများကို ပေးကမ်းစည်းရုံးထားပြီး မူးယစ်ဆေးဝါးကို သယ်ဆောင်ဖြန့်ချိ ရောင်းချခဲ့မှုကြောင့် လွှတ်တော်ထဲတွင်ပင် ဆွေးနွေး အဖြေရှာရသည်အထိ နာမည်ကြီးခဲ့သော ဖရန့်(စ်)လူးက(စ်)မှာ ယခုတိုင် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အပြီးကာလများတွင် နာမည်ကျော်ခဲ့သော မာဖီးယားခေါင်းဆောင် အယ်(လ်)ကပုန်း၏ နည်းအတိုင်း အစိုးရပိုင်းမှ အရေးပါ အရာရောက်သူများကို ငွေကြေးပေး၍ စည်းရုံးထားကာ ဒုစရိုက်လောက၌ သြဇာကြီးသူ အဖြစ်သို့ ရောက်ရှိခဲ့သည်။
American Gangster ဇာတ်ကားတွင် ဖရန့်လူးက(စ်)အဖြစ် Training Day ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် လူမည်းမင်းသား ဒန်ဇဲလ်ဝါရှင်တန်က သရုပ်ဆောင်ထားသည်။ (လူမည်းခေါင်းဆောင် Malcom X အဖြစ်လည်း သရုပ်ဆောင်ဖူးသည့် လူမည်း သရုပ်ဆောင်အဖြစ် ပထမဆုံး အော်စကာဆု ဆွတ်ခူးခဲ့သူလည်း ဖြစ်သည်။) စုံထောက် ရစ်ချီရောဘတ်အဖြစ် Gladiator ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သူ မင်းသား ရပ်ဆဲလ်ခရိုးလ်က သရုပ်ဆောင်ထားသည်။ ဖရန်(စ်)ဆီမှ တန်စိုးလက်ဆောင် ရယူထားပြီး နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူ စုံထောက် ထရူပိုအဖြစ် ဂျော့(ရှ်)ဘရိုလင်က သရုပ်ဆောင်ထားသည်။ ဖရန်(စ်)၏ ဇနီးဖြစ်သူ နလေ မှာ ရုပ်ရှင်ကားထဲတွင် ဖရန်(စ်)၏ ရန်သူဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော်လည်း တကယ့်ဘဝတွင် မူးယစ်ဆေးဝါး ဖြန့်ချိမှုဖြင့် သူပါ ထောင် ၅ နှစ် ကျခံခဲ့ရသည်။
လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာတွင်လည်း “ညောင်မြစ်တူးမှ ပုတ်သင်ဥပေါ်” ဆိုသလိုပင် ဗိုလ်မှူးကြီး၏ မြေး၊ ဗိုလ်ချုပ်ကြီး၏ သား စသည်ဖြင့် မီးခိုးကြွက်လျှောက်မဆုံးပင် ဖြစ်နေတော့သည်မှာ American Gangster ဇာတ်ကားထဲတွင် တရားသူကြီးက တရားခံ ဖရန့်လူးက(စ်)ကို “မင်းနဲ့ ပတ်သက်သမျှ အစိုးရ အရာရှိတွေက ဒါ အကုန်ပဲလား” ဟု မေးတာနဲ့ ထပ်တူထပ်မျှလိုပင် ဖြစ်နေသည်။
Source: Mizzima
Posted by Baganland at 5:32 AM 0 comments
ဘင်္ဂလားဒေ့ရှ်အား အေဒီဘီက ဒေါ်လာသန်း ၁၇၀ ချေးမည်
ကုန်ဈေးနှုန်းများကြီးမြင့်မှုကို အမီလိုက်၍သုံးစွဲနိုင်ရန် ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာကဏ္ဍအတွက် အေဒီဘီက ဒေါ်လာသန်း ၁၇၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဘဏ်ကပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဒေါ်လာ ၁ ဒသမ ၂၉ ဘီလျံ ကူညီပေးရေးအစီအစဉ်အရ ယခုသဘောတူညီချက်ကို ဘဏ်နှင့်ဘင်္ဂလားဒေ့ရှ်တို့ သြဂုတ်လ ၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စားနပ်ရိက္ခာဖူလုံရေးအတွက် အေဒီဘီက ဒေါ်လာခြောက်သိန်းကိုလည်း ထောက်ပံ့ပေးမည် ဖြစ်သည်။
''ထောက်ပံ့မှုဟာ မကြာသေးမီကဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ဒဏ်ကိုခံလိုက်ရပြီး စားသောက်ကုန်ဈေးနှုန်းတွေ အလျင်အမြန်တိုးမြင့်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စားနပ်ရိက္ခာကဏ္ဍကို အထောက်အကူဖြစ် စေမှာပါ''ဟု အေဒီဘီကြေညာချက်တွင် ဖော်ပြထားသည်။
မကြာသေးမီကဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးကပ်ဘေးများကြောင့် ဘင်္ဂလားဒေ့ရှ်၏ဆန်စပါးထုတ်လုပ်မှု တန်နှစ်သန်းခန့်ကျဆင်းခဲ့ပြီး လူ ၂၅ သန်းခန့် စားနပ်ရိက္ခာအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်။
Posted by Baganland at 5:28 AM 0 comments
Labels: သတင်း
မော်ရီတေးနီးယားနိုင်ငံတွင် အာဏာသိမ်း
ရွေးကောက်ပွဲကို ဖြစ်နိုင်သမျှ အစောဆုံးပြန်လည်ကျင်းပပေးမည်ဟု အာဏာသိမ်းအစိုးရ ကတိပြု
အာဖရိကတိုက်မှ မော်ရီတေးနီးယားနိုင်ငံတွင် သြဂုတ်လ ၆ ရက်နေ့က စစ်ဘက်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မော်ရီတေးနီးယားသမ္မတနှင့်ဝန်ကြီးချုပ်က ယင်းနေ့နံနက်ပိုင်းတွင် စစ်တပ်အကြီးအကဲလေးဦးအား ရာထူးမှဖယ်ရှားခဲ့ပြီး ညနေပိုင်းတွင် အာဏာသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်များက သမ္မတနှင့်အစိုးရအဖွဲ့သည် အကျင့်ပျက်ခြစားမှုများရှိနေပြီး အစ္စလာမ်ဘာသာရေးအယူအဆ ပြင်းထန်သူများနှင့်အစိုးရအဖွဲ့ကြား သဘောထားကိုက်ညီမှုများ မရှိသောကြောင့် အာဏာလွှဲပြောင်းရယူခဲ့ရခြင်း ဖြစ်သည်ဟု ကြေညာခဲ့သည်။ အာဏာသိမ်းမှုကို သမ္မတ၏ ကိုယ်ရံတော်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးမိုဟာမက်အူလ်အဗ္ဗဒယ်အဇစ်က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းမှုကို ရုပ်သံမှထုတ်ပြန်ကြေညာခဲ့ပြီး ပြည်ထောင်စုကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အာဏာသိမ်းအပြီး တစ်ရက်အကြာသြဂုတ်လ၇ရက်နေ့တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ပြည်ထောင်စုကောင်စီက တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲများကို ဖြစ်နိုင်သမျှအစောဆုံး ကျင်းပပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် သမ္မတဆီဒီအိုလ်ချိခ်အဗ္ဗဒါလာဟီနှင့် ၀န်ကြီးချုပ်ယာယာအိုလ်အာမက်ဝါကိဗ်တို့အား ထိန်းသိမ်းထားကြောင်း သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဖရိကအင်အားကြီးတောင်အာဖရိကနှင့် နိုင်ဂျီးရီးယားတို့က ဝေဖန်ခဲ့ကြသည်။ အာဖရိကသမဂ္ဂကလည်း လာမည့်သီတင်းပတ်တွင် မော်ရီတေးနီးယားသို့ သံတမန်စေလွှတ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်ရီတေးနီးယားနိုင်ငံသည် သမ္မတအားပြည်သူက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်မှာ ၂၀၀၇ ခုနှစ်မှ ဖြစ်သည်။ ၂၀၀၅ ခုနှစ်က သွေးထွက်သံယိုမှုကင်းမဲ့သော အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီးတွင် အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတဆီဒီမှာ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၅၂ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရခဲ့သူဖြစ်သည်။ လူမျိုးစုငယ်များပြားပြီး သဘောထားပြင်းထန်သည့် ဘာသာရေးခေါင်းဆောင်များကြီးစိုးသည့် မော်ရူတေးနီးယားတွင် သဘောထားပျော့ပျောင်းသည့် ဆီဒီမှာ ထောက်ခံမှုအများစုရရှိပြီး သမ္မတဖြစ်လာခဲ့သည်။
သို့ရာတွင် နိုင်ငံတွင်းစီးပွားရေးအကျပ်အတည်းနှင့် လူမှုပြဿနာများကို မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် လွှတ်တော်တွင် အယုံအကြည်မရှိအဆိုတင်သွင်းခံရမှုအပါအ၀င် ပြဿနာမျိုးစုံနှင့် ကြုံတွေ့ခဲ့ရသည်။ အယုံအကြည်မရှိအဆိုတင်သွင်းမှု မအောင်မြင်ခဲ့သော်လည်း လွှတ်တော်တွင်း ပဋိပက္ခများကြီးထွားလာခဲ့သည်။ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးမှာ ဆီဒီနှင့်အလွန်ရင်းနှီးသူဖြစ်ပြီး လက်ရှိအချိန်တွင် သမ္မတလုံခြုံရေးကို တ၀န်ယူထားရသူ ဖြစ်သည်။
Posted by Baganland at 5:24 AM 0 comments
Labels: သတင်း
စည်းကမ်းသည်လူဧ။်တန်ဘိုး
ပင်နီဆူလာပလာဇာမှာ ရှိတဲ့ မြန်မာစတိုးဆိုင် နဲ့ လက်ဖက်ရည်ဆိုင် တွေမှာ ကွမ်းယာ ကြိုက်တတ်သူများအတွက် ကွမ်းယာ ရောင်းချပေးနေကြတာ အားလုံးသိကြမှာပါ။ အဲဒီကွမ်းယာထဲမှာ ပါတဲ့ မြန်မာဆေး ဆိုတာက စလုံး ဆေးရွက်ကြီး ဥပဒေနဲ့ ညိစွန်းနေမယ် ဆိုတာ ခန့်မှန်းနိုင်ကြမှာပါ။ စလုံးဆိုတာက ဆေးရွက်ကြီး ဆေးလိပ်နဲ့ ပက်သက်ရင် စည်းကမ်းက တင်းကျပ်တာကလာ...
အဲဒီဆိုင်တွေမှာ သုံးနေတဲ့ မြန်မာဆေးကလည်း ဘန်းကျော်ကနေ နည်းမျိုးစုံနဲ့ သွင်းခဲ့ရတာပါ။
ဒီနေ့တော့ ဘန်းကျော်က လာတဲ့ လူတွေဆီမှ ကယ်ရီလုပ်ပြီး သွင်းလာတဲ့ မြန်မာဆေး တွေကို ချန်ဂီလေဆိပ်မှာ ရှာဖွေတွေ့ရှိသွားတယ်လို့ သိရပါတယ်။ အဲဒီကတဆင့် မည်သူအတွက် မည်သည့်ဆိုင်အတွက် သယ်ယူလာသည်ကို စစ်ဆေးပြီးသကာလ ပင်နီဆူလာ ရှိ ၄င်းနဲ့ ဆက်စပ်နေတဲ့ ဆိုင်တချို့ကို ၀င်ရောက် အရေးယူသွားတယ်လို့ ကြားသိရပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာဆေးနဲ့ပက်သက်ပြီး လက်ဘက်ရည်ဆိုင်တစ်ဆိုင်က အရေးယူ သတိပေးခံထားရတာ ကြားမိပါတယ်။ အခု အဲဒီဆိုင် အပါအ၀င် ဆိုင်တော်တော်များ ထိတယ်လို့ ကြားပါတယ်။
ကြားရမိသလောက် ဒဏ်ကြေး စလုံးငွေ ၁၀၀၀၀၀ ( တစ်သိန်း ) ဒဏ်ရိုက်ခံရတဲ့ဆိုင်ရှိသလို ထပ်မံ စည်းကမ်း ချိုးဖေါက်လို့ ဒဏ်ငွေ တစ်သိန်း အပြင် ကြိမ်ဒဏ်ပါ တပ်ခံရတဲ့ ဆိုင်လည်း ရှိပါတယ်လို့ ကြားပါတယ်။ ဘယ်ဆိုင်တွေလဲဆိုတာတော့ သိပေမဲ့ အမည်တပ်မရေးချင်တော့ပါဘူး။ သူတို့လည်း မြန်မာတွေပဲမို့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
နောက်ရက်တွေကစပြီး စီးတီးဟောမှာ မြန်မာရိုးရာ ကွမ်းယာ ရောင်းဖို့ မျှော်လင့်ချက်နည်းသွားပါပြီး... မြန်မာဆေးကလွဲပြီး ကွမ်းရွက်၊ ကွမ်းသီး နဲ့ တခြားဟာတွေကတော့ ရောင်းလို့ရပါတယ်တဲ့။ အိန္ဒိယကွမ်းစားဆေးတွေလည်း တားမြစ်ထားပါတယ်။ အလိုဆိုတော့ ကွမ်းယာအချိုပဲ ရောင်းလို့ ရနိုင်တော့မှာ...
အနော် တွေးကြည့်သလောက်ကတော့ ဆေးရွက်ကြီး ဥပဒေကြောင့် အပြင်.. ကွမ်းတံတွေး မဆင်မခြင်ထွေးတဲ့ အကြောင်းအရင်းကြောင့်လည်း အခုလို ဖြစ်လာတာ လို့ ယူဆပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်ပေမဲ့လည်း... စည်းကမ်းဆိုတာ အတိအလင်း သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ စည်းကမ်း ဖောက်လို့ အရေးယူခံရတာ အသေအချာပဲ လို့ဆိုချင်ပါတယ်။
အနော်တို့ ရွှေမြန်မာတွေ အနေနဲ့လည်း တတ်နိုင်သလောက် အသေးအဖွဲဆိုပြီး မဆင်မခြင် စည်းကမ်းမဖောက်မိကြဖို့ သတိလေးထားကြဖို့ ပြောပြချင်တာပါပဲဗျာ။ ရေမြေခြားရောက်နေပေမဲ့ မြန်မာပြည်သား အနော်တို့က နိုင်ငံကို ကိုယ်စားပြုထားတဲ့သူတွေပဲလေ။
Source: MyanmarCupid
Posted by Baganland at 5:22 AM 0 comments
Labels: စင်္ကာပူ
The Awkward Rap - A tribute to life’s most uncomfortable moments
Posted by Baganland at 5:03 AM 0 comments
Labels: ဗွီဒီယို
ငြိမ်းချမ်းရာမြေ
ဒီနှစ်အတွက် Global Peace Index (ကမ္ဘာ့ငြိမ်းချမ်းမှုစံ) ထွက်လာပါပြီ။ မြန်မာပြည် ကတော့ နံပါတ် ၁၅ ချိတ်ပါတယ်။ အောက်ဆုံးကနေ ရေတွက်ရင်ပါ။ အဆင့် ၁၂၆ ပါ။ စစ်မြေပြင် အီရတ် (အဆင့် ၁၄၀) ကတော့ အောက်ဆုံးမှာပါ။ ရွေးကောက်ပွဲမှာ တစ်ပြေးနေတဲ့ ဘနာဇီယာဘူတို လုပ်ကြံခံရတဲ့ ပါကစ္စတန်က မြန်မာအောက် ကပ်လျက်မှာပါ။ တမီးကျားတွေ ပြန်သောင်းကျန်းလာတဲ့ သီရိလင်္ကာက မြန်မာအပေါ် ကပ်လျက်မှာပါ။ ကင်ညာ(၁၁၉)တို့၊ အီသီယိုးပီးယား(၁၂၁)တို့ ဇင်ဘာဘွေ(၁၂၄)တို့က မြန်မာထက် နည်းနည်းပိုသာပါတယ်။ မနှစ်က အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံက (၁၁၈) ပါ။
ဒီဇယားက တိုင်းပြည်တွေရဲ့ ငြိမ်းချမ်းမှုကို ပြပါတယ်။ အဓိက အချက်ကြီးတွေဖြစ်တဲ့ ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခတွေ၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှု၊ စစ်အင်အား တိုးချဲ့မှုတွေအပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ အနည်းငယ် အသေးစိတ်ရရင်တော့…..
- ဖြစ်ပေါ်နေတဲ့ ပြည်တွင်း ပြည်ပ ပဋိပက္ခ အရေအတွက်
- အဆိုပါ ပဋိပက္ခများကြောင့် သေဆုံးသူ ဦးရေ
- အဆိုပါ ပဋိပက္ခများရဲ့ တင်းမာမှု အခြေအနေ
- အိမ်နီးချင်း နိုင်ငံများနဲ့ ဆက်ဆံရေး
- တခြား နိုင်ငံသားတွေရဲ့ ယုံကြည် စိတ်ချရမှု
- ပြောင်းရွှေ့ခံရသော လူဦးရေ အချိုး (ဥပမာ ဓါတ်ငွေ့ပိုက်လိုင်း အတွက် ရွာသားများကို နေရာ ပြောင်းခြင်း)
- နိုင်ငံရေး မတည်ငြိမ်မှု
- လူအခွင့်အရေး ချိုးဖောက်မှု
- ရာဇ၀တ်မှု ကျူးလွန်နှုန်း
- ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နိုင်တဲ့ အလားအလာ
- ထောင်သား ဦးရေ အချိုး
- ပြည်ထဲရေးနဲ့ လုံခြုံရေး အင်အား အချိုး
- GDP နဲ့ စစ်အသုံးစားရိတ် အချိုး
- စစ်သားအရေအတွက် အချိုး
- လက်နက် တင်ပို့မှု/တင်သွင်းမှု အချိုး
- ကုလသမဂ္ဂနဲ့ တခြား တပ်အင်အား ထားရှိမှု အချိုး
- (စစ်တပ်ရှိ) လက်နက်နဲ့ လူဦးရေ အချိုး
- (တကိုယ်ရေသုံး) လက်နက်ငယ် အလွယ်ရရှိနိုင်မှု
- စစ်တပ်၏ ခေတ်မီမှု နှင့် စွမ်းဆောင်နိုင်အား စသည် စသည်တို့ ဖြစ်ပါတယ်။
တကယ်တော့ ဒီစာရင်း (GPI) ဟာ မနှစ်ကမှ စလုပ်တာပါ။ စာရင်းပြုသူတွေက စီးပွားရေး ပညာရှင်တွေ ဖြစ်ပြီး အဖွဲ့တည်ထောင်သူကတော့ သြစတြေးလျ နိုင်ငံသား IT လုပ်ငန်းရှင် သူဌေး Stephen Killelea ပါ။ စီးပွားရေး ပညာရှင်တွေ လုပ်တယ်ဆိုပေမယ့် ကမ္ဘာ့ ထိပ်သီး နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေ၊ အသိပညာ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အထင်ကရ အဖွဲ့အစည်းတွေမှ လူတွေက စစ်ဆေး ထောက်ခံ (Endorseလုပ်) ပါတယ်။
ဒီဇယားကို ကြည့်ပြီးတော့ နိုင်ငံတွေက မိမိ နိုင်ငံ ဘယ်လောက် ငြိမ်းချမ်းတယ်။အစိုးရအနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဆင်ခြင်နိုင်ပါတယ်။ သူတို့ သုံးတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ မိမိနိုင်ငံအတွင်းမှာ ဘယ်ဒေသက ငြိမ်းချမ်းတယ် ဆိုတာကိုလည်း တိုင်းတာနိုင်ပါတယ်။ တိုင်းပြည် တစ်ပြည်မှာ စီးပွားရေး တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုက ဒွန်တွဲနေပါတယ်။ Per Capital Income အရမ်း မြင့်တဲ့ (ကမ္ဘာ့ အမြင့်ဆုံး ထင်တယ်။ မသေချာပါ။) နော်ဝေးက ထိပ်ဆုံးရောက်နေပေမယ့် Per Capital Income တော့ မြင့်ပါတယ် စစ်အင်အားကြီးနေတဲ့ အမေရိကန်ကတော့ နံပါတ် (၉၇) ပဲချိတ်ပါတဲ့။
ဒီဇယားမှာ စိတ်ဝင်စားတဲ့ နိုင်ငံတွေကို ကြည့်မိပါတယ်။ သြစတြေးလျက အဆင့် (၂၇) ချိတ်ပါတယ်။ ပြည်တွင်းမှာ လုံခြုံ အထူး စိတ်ချရပေမယ့် လူ့အခွင့်အရေး ကန့်သတ်မှုတွေ ရှိပြီး မလေးရှား(၃၈) နဲ့ အင်ဒိုနီးရှား(၆၈) တို့က ရန်ဆောင်ခြင်းခံနေရတဲ့ စင်္ကာပူ (၂၉) ထက် ကပ်ပြီးသာပါတယ်။ အချိန်မရွေး စစ်ထဖြစ်နိုင်တဲ့ တောင်ကိုရီးယား (၃၂) နဲ့ ထိုင်ဝမ် (၄၄)က စစ်အင်အားကြီးတဲ့ UK(၄၉) ထက် နည်းနည်း သာပါတယ်။ ဟောင်ကောင်(၂၃) ကိုလည်း တစ်နေရာ ပေးထားပြီး တရုတ်က (၆၇) ရတာ မဆိုးဘူး ပြောရမယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး တည်ငြိမ်တဲ့ ကနေဒါက (၁၁) ချိတ်ပြီး နိဗ္မာန်ဘုံလို့ ပြောလို့ရတဲ့ ဆွစ်ဇာလန်(၁၂) ထက် တစ်ဆင့်သာပါတယ်။ ဂျပန်က နံပါတ် (၅) ချိတ်ပြီး အာရှမှ ထိပ်ဆုံးဖြစ်ပြီး အေးချမ်းပြီး ကျွန်တော်နေချင်တဲ့ နယူးဇီလန်(၄) အောက် ကပ်လျက်မှာပါ။ ဒေသအလိုက် ကြည့်လိုက်တော့ အံ့သြစရာ မရှိပါဘူး။ အာဖရိကက မငြိမ်းချမ်းဆုံးဖြစ်ပြီး အနောက်ဥရောပ နိုင်ငံအာလုံး ထိပ်ဆုံး ၅၀ မှာ နေရာယူထားပါတယ်။
Posted by Baganland at 6:39 PM 0 comments
Labels: သတင်း
၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ လမ်းမရှိ
၂၀၀၈- ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နောက်ထပ် လူထုအုံကြွမှုတရပ်ဖြစ်ပြီး လက်ရှိ စစ်အစိုးရကို ဖြုတ်ချနိုင်ဘို့ အလားအလာ မရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ်တပ်က အကြမ်းပတမ်း ဖြိုခွဲသည့် အရေးအခင်းမျိုး ထပ်ပေါ်သည့်တိုင် ပြည်ပအင်အားစုတရပ်ရပ်က
ဝင်ရောက်စွက်ဘက်ဘို့ အလားအလာလည်း မရှိကြောင်း ၂၀၀၈ ခု သြဂုတ်လထုတ် လန်ဒန် အခြေစိုက် အီးအိုင်ယူမဂ္ဂဇင်းကြီးက သုံးသပ်ထားသည်။
မကြာခင်က စစ်တပ်တွင်း အပြောင်းအလဲတွေကြောင့် အာဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်လေမလား မှန်းဆခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိန်းချုပ်ထားနိုင်သည့်ပုံ ရှိနေပြီး ထိပ်ပိုင်း ဗိုလ်ချုပ်တွေကြား နားလည်မှု ရထားပုံလည်း ပေါ်သည်ဟုပါ အီးအိုင်ယူ မဂ္ဂဇင်းက ယူဆသည်။
အီးအိုင်ယူ၏ ၂၀၀၈-၂၀၀၉ မြန်မာ့နိုင်ငံရေး ခန့်မှန်းချက်အရ စစ်အစိုးရသည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားဦးမည်ဟု မှတ်ချက်ပေးထားသည်။ ။
Posted by Baganland at 5:53 PM 0 comments
Labels: သတင်း
