ပြည့်စုံသော လူသားဘ၀(Person Hood -The art of being fully human)
ကျွန်တော့်ရဲ့ ဒိုင်ယာရီလေးထဲမှာ အလွန်ကြီးမားကျယ်ပြန့်တဲ့ ကမ္ဘာကြီး နဲ့ လူသားတွေရဲ့ အကြောင်းကိုပြည့်စုံအောင်ဖေါ်ပြနိုင်မှာမဟုတ် ပါဘူး။ ကျွန်တော့်ရဲ့ သေးငယ်တဲ့ကြိုးပမ်းအားထုတ်မှု နဲ့ ပြည့်စုံသော လူသားဘ၀ရဲ့ အဓိပ္ပါယ်ကိုဖေါ်ကျူးရာမှာ အခက်အခဲများစွာတွေ့ရှိရပါ တယ်၊ဒါကြောင့်ကျွန်တော့်ရဲ့ တင်ပြချက်တွေဟာ အခြေခံသဘောတရား မျှလောက်သာဖြစ်ပါတယ်၊ကျွန်တော့်ရည်ရွယ်ချက်ကတော့ စိတ်ဝင်စား သူများအတွက် မိမိတို့လက်လှမ်းမှီနိုင်သလောက် ဆက်လက်လေ့လာ ကြိုးစားကြမယ်ဆိုရင် သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ လူသားဘ၀ကိုရရှိ စေလိုတဲ့ ဆန္ဒဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အသိဥာဏ်နဲ့ အတေွးအခေါ် ဆိုတာကလည်း ကျွန်တော်တို့ ငယ်စဉ်ကလေးဘ၀မှာ အသိဥာဏ် မရင့်ကျက်ခဲ့ပါဘူး၊ တဖြည်းဖြည်း အရွယ်ရောက်လာတော့မှ သင်ယူမှတ်သားမှု စူးစမ်းဆင်ခြင် မှုတွေပြုလုပ်ရင်း အသိဥာဏ် တိုးတက်ရင့်သန်လာခြင်းဖြစ်ပါတယ်၊သဘာဝ လောကကြီးထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပေါက်ဖွါးလာရတဲ့ လူသားတစ်ယောက်ရဲ့ဘ၀ ဆိုတာ ဒီလိုပါလားလို့ တဖြည်းဖြည်း သဘော ပေါက်လာပါတယ်၊တချို့မှာ မျိုးရိုးဗီဇအားနည်းချက်ကြောင့် ဥာဏ် ရည်နိမ့်ကျတာမျိုးဆိုရင်တော့ ချွင်းချက်ထားရမှာဖြစ်ပါတယ်၊ကျွန်တော် ပြောချင်တာက ချွင်းချက်တွေခေတ္တဖယ်ထားပြီး မျိုးစေ့ကောင်း ရေခံ မြေခံကောင်းမှာ ပေါက်ရတဲ့သစ်ပင်လို အသီးအပွင့်တွေဝေဆာနိုင်တဲ့ အခြေ အနေမျိုးပေါ်မှာ ဝေဖန်ဆန်းစစ်ကြည့်ခြင်းဖြစ်ပါတယ်၊မျိုးစေ့မှန်ရင် အပင် သန်ရမယ်လို့ ဆိုလိုပါတယ်။
လူသားတစ်ဦးအနေနဲ့ မွေးရာပါပြဋ္ဌာန်းချက် ကန့်သတ်ချက်တွေ ပါမလာပါဘူး၊ဘုရင်ဖြစ်ရမယ် လူဆိုးဖြစ်ရမယ် လူချမ်းသာဖြစ်ရမယ် ဆင်းရဲမွဲတေသူဖြစ်ရမယ် စသည်တွေ ဘာတစ်ခုမှ မွေးရာပါမဟုတ်ပါဘူး၊ ဒါပေမယ့် သူဖြတ်သန်းရတဲ့ခေတ်ကာလ အခြေအနေနဲ့ သူ့ပတ်ဝန်းကျင် အလျောက် ပြဋ္ဌာန်းခံဘ၀ကိုရောက်သွားတတ်ပါတယ်၊လောကကျင့်ဝတ် တွေ စည်းမျဉ်းတွေ အောက်မှာနေရင်းထိုင်ရင်း အုပ်ချုပ်ခံဘ၀နဲ့ မလွတ်လပ်သူတစ်ဦး ဖြစ်သွားတတ်ပါတယ်၊အလားတူပဲ လွဲမှားတဲ့ အယူ အစွန်းရောက်တဲ့ ဘာသာရေးယုံကြည်မှု နှောင်ြကိုးတွေနဲ့လဲ တုတ်နှောင် ထားခြင်းခံရတတ်ပါတယ်။
ဒါကြောင့် အ၀တ်အထည်တစ်ခုကို ဆေးအရောင်ဆိုးချင်ရင် ဦးစွာ အညစ်အကြေး ချေးညှော်ကင်းစင်အောင် လျှော်ဖွပ်ပြီးမှ လိုရာဆေး ရောင်ဆိုးရသကဲ့သို့ မိမိမှာ လာရောက်စွဲငြိနေတဲ့ အစွန်းအထင်း အညစ် အကြေး နဲ့ နှောင်ကြိုးတွေကို အရင်ဆုံးဖြုတ်ပယ်ရှင်းလင်းရပါလိမ့်မယ်၊ အဲဒီအခါ မိမိရဲ့ ပုဂ္ဂလဘ၀ မူလ ပကတိအခြေအနေမှန် ပြန်လည်ရရှိနိုင် ပါတယ်၊ထိုပုဂ္ဂိုလ်အနေနဲ့ နဂိုရ်ပုံမှန်ဖြစ်လာတယ်ဆိုပါတော့၊ဆိုလိုတာ ကတော့ ပြဋ္ဌာန်းခံဘ၀မှာ လူဟာ မိမိနဂိုရ်ရှိရင်းစွဲ အရည်အသွေးတွေ မှေးမှိန်နေတတ်ခြင်းဖြစ်ပါတယ်၊ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှု လောင်းရိပ် ပေးမှုတွေအောက်မှာ အသိဥာဏ်မပွင့်လင်း အရောင်မထွက်နိုင်ဖြစ်နေတတ် ပါတယ်၊ဒါကို ဒဿနပညာရှင်တချို့က ပုဂ္ဂလဘ၀ ပျောက်ဆုံးနေခြင်း လူသားဘ၀ အဓိပ္ပါယ်ကင်းမဲ့နေခြင်းလို့ ဖွင့်ဆိုကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကျေးကျွန်စံနစ် ဖျက်သိမ်းချိန်က လွတ်လပ် ခွင့်ရတဲ့ ကျေးကျွန်တွေဟာ ငိုကြွေးခဲ့ကြတယ်တဲ့၊ကျွန်ဘ၀နဲ့ နေသားကျ နေတော့ သုတို့ဘာသာ မရပ်တည်နိုင်ကြဘူး၊အရာရာမှာ အရှင်သခင်ကို အားထားမှီခိုလာတဲ့အတွက် ပုဂ္ဂလဓိဋ္ဌာန် ရှင်သန်မှုမပြုနိုင်ကြဘူး၊ဒီသဘော ဟာ လူသားတစ်ယောက်သည် လက်အောက်ခံဘ၀ အမှီအခိုတစ်ခုခု အောက်မှာ ရောက်ရှိနေမယ်ဆိုရင် မိမိရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ လွတ်လပ်မှု ပျောက်ဆုံးနေတဲ့သဘောပါပဲ၊လူသည် လွတ်လပ်သူဖြစ်မှသာ ပကတိ အရှိအတိုင်း အရည်အချင်းနဲ့ စွမ်းရည်တွေ ထွက်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုကျင့်ကြံ နေထိုင်သင့်ပါသလဲ။
ယုံကြည်မှုနဲ့ ကျင့်ဝတ် ( Belief and Ethics ) ကိုကျွန်တော်တို့ ဘယ်လို ပိုင်းခြား နားလည်သင့်ပါသလဲ၊လောက ကျင့်ဝတ် စည်းမျဉ်း စည်းကမ်း ဥပဒေ တွေကိုလဲ ပစ်ပယ်လို့မသင့်ပါဘူး၊မိမိ ယုံကြည်ရာ ဘာသာရေး ဆိုတာကလဲ လောကရဲ့ အစိတ်အပိုင်းထဲမှာမို့ ပြုသင့်ပြုထိုက်တဲ့ အပိုင်းတွေ ကိုတော့ ကျွန်တော်တို့ လိုက်နာကျင့်သုံးကြရမှာ ဖြစ်ပါတယ်၊လောကရဲ့ စည်းအပြင် ဘက်ထွက်နေလို့ မရတဲ့ လူသားဘ၀ဟာ လောကထဲမှာပဲ ကျင်လည်ကြရမှာဖြစ်ပါတယ်။လူ့ဘောင် အဖွဲ့အစည်းကို အကျိုးပြတဲ့ ပရဟိတလုပ်ငန်းမျိုးတွေကိုတော့ အားပေးသင့်ပါတယ်။
ရှေးခေတ်က လူသားတချို့ လုပ်ခဲ့တဲ့ နတ်ကိုးကွယ်မှု ယာဇ်ပူဇော် ပသမှု အသက်ကို စတေးပြီးယာဇ်ပူဇော်မှုမျိုးတွေဟာ လုံးဝမဖြစ်သင့်ပါဘူး၊ ယခုခေတ်ထဲမှာလည်း အသက် အိုးအိမ် စည်းစိမ်ဥစ္စာ သား မယား စသည် တွေစွန့်ရင် မြင့်မြတ်သူဖြစ်မယ်ဆိုတဲ့အယူ၊စွန့်လွှတ် အနစ်နာခံရင် နောင် တစ်ချိန် နောင်ဘ၀ ကောင်းကျိုးရှိမယ်ဆိုတဲ့ အယူမျိုးတွေ တော်တော် များများ ကျန်ရှိနေပါသေးတယ်၊ဒါတွေဟာ အယူသီးတဲ့ ယုံကြည်ကိုးကွယ်မှု အမှားတွေ၊ စိတ်ကူးယဉ်နယ်ပယ်က မရေရာမသေချာတဲ့ မျှော်လင့်ချက်ပေး ခံရမှုတွေ ကြောင့်ဖြစ်ပါတယ်၊မိမိ ကိုယ်မိမိ အားကိုးရမည့်အစား သူတပါး အပေါ်မှီခိုအားထားခြင်း၊လက်တွေ့မျက်တွေ့ မကျတဲ့ တန်ခိုးရှင်များထံ ပူဇော်ပသရင် ဆုတောင်းပြည့်မယ် ဆိုတဲ့အယူအစွဲ ရှိခြင်းတွေဟာ လူသားရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ဆုံးရှုံးစေပြီး တန်ဖိုးရှိတဲ့ လက်ရှိလူသားဘ၀ကို အဓိပ္ပါယ်မဲ့ဖြစ်သွားစေပါတယ်။
ကျွန်တော်တို့ အဲဒီလို အသိမှား အမြင်မှားတွေ မဖြစ်ရအောင် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ အသိÓဏ်ကို အသုံးပြု သုံးသပ်ဆင်ခြင်ပြီးမှ လုပ်သင့်လုပ်ထိုက်တဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်သင့်ပါတယ်၊ ဒဿန ပညာရှင် စာရေးဆရာကြီးတချို့ကရေးခဲ့ဘူးပါတယ်၊လောကမှာ ကောင်းမှုမကောင်းမှု ဆိုတာ လူတစ်ဦးနဲ့တစ်ဦး အမြင်မတူခြင်းရဲ့ အခြားသော အမည်နာမ ဝေါဟာရ ဖြစ်ကြောင်း၊အဓိပ္ပါယ် တစ်မျိုးထည်း ဖွင့်လို့မရကြောင်း၊တကယ်တော့ လူသားဘ၀မှာ လုပ်သင့်လုပ်ထိုက်လို့ လုပ်ဆောင်ရတဲ့ အခြေအနေတွေသာရှိကြောင်း၊စင်စစ် လူသားတွေဟာ မလုပ်မဖြစ်တဲ့ အရာကိုသာ လုပ်ဆောင်ရတာဖြစ်ကြောင်း၊အမှားအမှန် အကောင်းအဆိုး စသည်တွေဟာ တကယ့် ပစ္စုပ္ပန် ပကတိ အခြေအနေ ပေါ်မှာ မူတည်ကြောင်း ဖွင့်ဆိုခဲ့ပါတယ်၊အမှန်တရားဆိုတာ အဖြစ်မှန်ကို သိမြင်ခြင်းပါပဲ။
မောင်ပညာ
[+/-]Read
More...
[+/-]Summary
only...
လေးစားအပ်သော စာဖတ်သူများ ခင်ဗျား
ကျွန်တော့်ရဲ့ ဒိုင်ယာရီ နဲ့ အတွေးအခေါ်လေးတွေကို ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်၊အမှားအယွင်းနဲ့ ချို့ယွင်းချက်များ ရှိပါက ပြုပြင် အကြံပေးစေလိုပါတယ်။
စာဖတ်သူမိတ်ဆွေ အနေနဲ့သိပြီးသား အကြောင်းအရာများ လည်းပါဝင်နိုင်ပါတယ်၊ဒါပေမယ့် မသိတာလေးတွေ ရှိမယ်ဆိုရင် ကျွန်တော် တို့ပူးပေါင်း ညှိနှိုင်းဆင်ခြင်မှုများပြုလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော်ပြောချင်တာက ယနေ့မျက်မှောက်ခေတ် ကမ္ဘာ့လူသား တွေ (အထူးသဖြင့် ခေတ်လူငယ်လူရွယ်တွေ) အတွက် အမှန်တကယ် လက်တွေ့ကျကျ အသုံးတည့်နိုင်တဲ့ အတွေးအခေါ်ဒဿနနဲ့ သက်ဆိုင်ပြီး မှန်တဲ့အသိဥာဏ်နဲ့ အမြင်မှန် အတွေးမှန် အလုပ်မှန် ဖြစ်စေလိုတဲ့ အပိုင်းဖြစ်ပါတယ် Globalization ဖြစ်လာတဲ့ခေတ်မှာ လူမျိုးမရွေး၊ဘာသာ မရွေး ရင်းနှီးတွေ့ဆုံနိုင်သလို Internet ခေတ်မှာ ကွန်ပျူတာ On line မှာလဲ ဆက်သွယ်ရင်းနှီးနိုင်ကြပါပြီ။
ဒီလိုခေတ်မျိုးမှာ ကျွန်တော်တို့ အကျိုးရှိစွာ အသုံးချနေထိုင်သွား တတ်ဖို့လိုပါတယ်၊လူသားတွေရဲ့ အသိဥာဏ်နဲ့ အတွေးအခေါ်မှန်တွေကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်၊လူမျိုးစွဲ ဘာသာစွဲ ဓလေ့စွဲတွေနဲ့ဘောင်ခတ် ထားမယ်ဆိုရင် အမြင်ကျဉ်းမြောင်းနေပါလိမ့်မယ်၊လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရည်ရွယ်ပြီး Fully Human ဖြစ်အောင် လူတစ် ဦးချင်းရဲ့ ပြည့်စုံသော လူသားဘ၀ Person Hood ကိုရရှိအောင် ကြိုးစားကြ ရမှာဖြစ်ပါတယ်။လူသားတိုင်း လိုလားတဲ့ ငြိမ်းချမ်းရေးနဲ့ စစ်မက်ကင်းရှင်းရေး အကြမ်းဖက်မှုပပျောက်ရေးအတွက်လည်း လူတစ်ဦး ချင်းရဲ့ အသိဥာဏ်မြင့်မားမှု နဲ့ အတွေးအခေါ် မှန်ကန်မှုတွေက အထောက် အကူပြုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ လူ့သမိုင်းတလျှောက်ကို ခြုံပြီးပြန်ကြည့်မယ်ဆိုရင် သမိုင်းဦးဘုံမြေစံနစ်၊ ကျေးပိုင်ကျွန်ပိုင်စံနစ်၊ သက်ဦးဆံပိုင်၊မြေရှင်ပဒေဿ ရာဇ်စံနစ် စသည်မှ အရင်းရှင်ဝါဒ၊ဆိုရှယ်လစ်ဝါဒ၊ကွန်မြူနစ်ဝါဒ စသည့် အမျိုးမျိုးသော စံနစ်နဲ့ ၀ါဒတွေကိုဖြတ်သန်းခဲ့ကြပါပြီ၊သူ့ခေတ်သူ့အခါမှာ ပေါ်ပေါက်လာတဲ့ အဲဒီ စံနစ်နဲ့ ၀ါဒတွေအသီးသီးဟာ သူတို့နဲ့တချိန်က အံဝင်ခွင်ကျဖြစ်ခဲ့တာတွေရှိသလို ရေရှည်မှာ အသုံးမ၀င်တော့ဘဲ ကျဆုံး သွားရတာတွေလဲရှိကြပါတယ်၊တချို့လည်း အစွန်းရောက်ဝါဒအဖြစ်နဲ့ လွဲ ချော်အဆုံးသတ်ရတာမျိုးလည်းရှိပါတယ်။
ဘယ်လိုပဲဖြစ်ခဲ့ပါစေ ယနေ့မျက်မှောက် ဈေးကွက်စီးပွါးရေး ခေတ်မှာတော့ လူသားအချင်းချင်း အသားရောင်မခွဲခြား၊လူမျိုးမခွဲခြားဘဲ ဆက်ဆံဖို့လိုအပ်လာပါပြီ၊ဒီမိုကရေစီဖေါ်ဆောင်ကြဖို့ လိုအပ်လာပါပြီ၊ ကျွန်တော့်အနေနဲ့ ပြောချင်တာက ပုဂ္ဂိုလ်စွဲ အယူဝါဒစွဲတွေမပါတဲ့ လူသား တွေရဲ့ လွတ်လပ်သော အတွေးအခေါ်မှန်ကန်သောအသိဥာဏ်ကို ဘယ်လို ဖေါ်ထုတ်သင့်သလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အသိဥာဏ်ပညာရင့်ကျက်တဲ့ အတွေးအခေါ်ရှင် ကြီးတွေ ပညာရှိကြီးတွေ သိပ္ပံပညာရှင်ကြီးတွေ အမြောက်အများပေါ်ထွန်းခဲ့ ပါတယ်၊ကျွန်တော်တို့ အရှေ့တိုင်းမှာ ဘီစီ ၅၀၀ ၀န်းကျင်မှာထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲက ကွန်ဖြူးရှပ်၊ဂေါတမဗုဒ္ဓ စသည်တို့နဲ့ အနောက်တိုင်းမှာ လည်း ယေရှု၊မိုဟာမက်၊ဘာထရန်ရာဆဲလ်၊ယန်းပေါဆပ် စသည့်ပုဂ္ဂိုလ်တွေ၊ သိပ္ပံခေတ်မှာနယူတန်၊သောမတ်အယ်ဒီဆင်၊ဂရေဟမ်ဘဲလ်၊ဒါဝင်၊ အိုင်းစတိုင်း စသည့်ပုဂ္ဂိုလ်တွေ အသီးသီးထင်ရှားခဲ့ကြပါတယ်၊သူတို့ဟာ လူသားတွေအပေါ်ဘယ်လိုကောင်းကျိုးပြုခဲ့ကြသလဲ၊လူသားဘ၀ ကို ဘယ်လိုအဓိပ္ပါယ်ဖေါ်ဆောင်ခဲ့ကြသလဲ၊ဒါတွေကို စူးစမ်းလေ့လာ ဆင်ခြင် ကြည့်သင့်တယ်လို့ထင်ပါတယ်။
ခေတ်အဆက်ဆက် ယုံကြည်ကိုးကွယ်မှုသမိုင်းတွေမှာလည်း ကမ္ဘာဦးလူသားတို့ မီးကိုးကွယ်မှုခေတ်၊တောတောင် ရေမြေကိုးကွယ်မှု၊နတ် ကိုးကွယ်မှု ယာဇ်ပူဇော်မှုခေတ်၊ထိုမှတဆင့် ယနေ့မျက်မှောက်ခေတ်မှာ ဘာသာကြီး(၄)မျိုး ယုံကြည်ကိုးကွယ်မှုအထိ အမျိုးမျိုးကွဲပြားခဲ့ကြပါတယ်၊ဒါဟာ လူသားတွေရဲ့အသိဥာဏ်နဲ့ ခေတ်ကာလ ဒေသ ပယောဂ၊ပတ်ဝန်း ကျင် မိရိုးဖလာ အစဉ်အလာ ဓလေ့ထုံးစံ စသည့်အချက်တွေပေါ်မှာမူတည် ပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်၊၂၀ရာစုနဲ့၂၁ရာစုခေတ် လူငယ်အချို့ဟာ လည်း မိမိတို့ခေတ်မှာ မိမိတို့အသိဥာဏ်နဲ့ နှိုင်းဆပြီး မိမိတို့ယုံကြည်ချက် အတိုင်း လျှောက်လှမ်းနေကြပါပြီ၊ရှေးခေတ် အတွေးအခေါ် ဒဿနတွေထဲ က မိမိတို့နဲ့အသုံးတည့်တာလောက်ကိုသာ ရွေးချယ်သုံးပြီး၊မလိုအပ်တာ တွေကို လက်မခံကြတော့ပါဘူး၊မျက်ကန်းယုံကြည်မှုမျိုး မလုပ်ကြတော့ဟု ဆိုလိုပါတယ်၊ဒါဟာ ပကတိ အစစ်အမှန်Reality ကိုသာ လက်ခံယုံကြည်မှု သဘောတရားနဲ့သက်ဆိုင်ပါတယ်။
ကမ္ဘာကြီးရဲ့ ရာသီဥတု၊ရေမြေသဘာဝတွေဟာ အချိန်တိုင်း မရပ်မနား ပြောင်းလဲလှုပ်ရှားနေသလို၊ လူ့သမိုင်းဟာလည်း အစဉ် တိုးတက် ပြောင်းလဲ အသက်ဝင်လျှက် ရှိပါတယ်၊ ကျောက်ခေတ် မှ ပညာခေတ် (Knowledge Age) ထိ အံ့မခန်းတိုးတက်လာခဲ့ကြပါတယ်၊သိပ္ပံနဲ့ နည်းပညာပိုင်းမှာ လျင်မြန်သော အရှိန်အဟုန်နဲ့ ခေတ်ကိုကျော်လွှားလျှက် ရှိပါတယ်၊ဒါဟာ အသိဥာဏ်ပိုင်း ဖွံ့ဖြိုးလျက် ရှိကြောင်းဖေါ်ပြနေခြင်း ဖြစ်ပါတယ်၊မည်သူမျှ ခေတ်နောက်ပြန်မသွားချင်ကြပါဘူး၊လူသားတွေရဲ့ တွေးခေါ်ကြံစည်မှုတိုင်းဟာ လူသားအကျိုးပြုစေဖို့ဖြစ်ပါတယ်၊ မသုံးတတ် ရင်ဘေး သုံးတတ်ရင်ဆေး ဆိုသကဲ့သို့ လူသားတွေရဲ့ အသိဥာဏ် ပေါ်မှာ မူတည်ပါတယ်။
ဒါကြောင့် လူသားတိုင်း မိမိတို့ အသိဥာဏ်ကိုသာ အားထား ယုံကြည်မှုပြုပြီး မှန်တဲ့အတွေးအခေါ် ရှိကြမယ်ဆိုရင် လူ့ဘောင်အဖွဲ့ အစည်းအတွက် အကျိုးပြုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မောင်ပညာ (၂၀၀၆ ခုနှစ်၊ဧပြီလ)
[+/-]Read
More...
[+/-]Summary
only...