မြန်မာကျူးပစ်မှ ကိုအရိုးရဲ့ စင်္ကာပူအစိုးရအပေါ် အမြင်လေးပါ
စလုံးရဲ. Case by case ဆိုတာ သူတို. အစိုးရလုပ်ချင်ရာလုပ်ဖို. ချန်ထားတဲ့အကွက်ပဲ။ သူများနိုင်ငံတွေလို တပြေးညီစစ်ဆေးတာမျိုးမဟုတ်တော့ဘူး။ သူတို.လုပ်ချင်သလို လုပ်မယ်ဆိုတာ မျိုး ဆိုတာ မြင်လာရတယ်။
ကျွန်တော်တို.နဲ. လက်အလှမ်းဝေးတော့ ပြောဖို.က ခက်တယ်။ Immigration Rules တွေက အလုပ်ရပြီးသားလူကိုတောင် Spass မချပေးလောက်အောင် ချန်ထားလို.ရသလား။ ဒါဟာ ဘယ်လိုမှ လွတ်လပ်တရားမျှတမှုမရှိတော့ဘူး။ အလုပ်ရပြီးသားလူတစ်ယောက်အတွက်တော့ နေထိုင်ခွင့်ပေးကို ပေးသင့်တယ်။ တကယ်လို. သူတို. မကျေနပ်ရင် စလုံးလုပ်ငန်းရှင်တွေကို နိုင်ငံခြားသား မငှားဖို. လုပ်ခိုင်းသင့်တယ်။ ( ဒါမှမဟုတ် Incentives တွေပေးပေါ့ ) အခုတော့ လုပ်ချင်တိုင်းတွေလုပ်နေတယ်။ အကောင့်တန်.အလုပ်တွေကို Spass မပေးချင်တော့ဘူးဆိုရင် တရားဝင်ကျေညာချက်ထုတ်လိုက်ပါ။ စင်္ကာပူမှာ ဒီအလုပ်တွေကိုတော့ဖြင့် နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်ပေးတော့မှာ မဟုတ်ပါဘူးဆိုတာမျိုး။ အစိုးရဆိုပြီး လုပ်ချင်တိုင်းလုပ်နေလို. ရမလား။ ကိုယ်လုပ်လိုက်လို. ကျန်တဲ့သူတွေ ဘယ်လို ဖြစ်သွားမလဲ စဉ်းစားရဦးမှာပေါ့။ ပွင့်လင်းမှုရှိဖို.လိုနေတယ်။
အင်မီဂရေးရှင်းကနေ လှည့်ပြန်ခိုင်းတဲ့ကိစ္စမှာ မြန်မာအစိုးရဘက်ကနေ stand up လုပ် ပြောသင့်တယ်။ ဒါသက်သက်မဲ့ အနိုင်ကျင့်တာပဲ။ သူတို. ကိုယ်တိုင်က ကျေနပ်လို. ဗီဇာပေးပြီးသား။ ဘာမှ လေဆိပ်မှာ တခြား ကြီးမားတဲ့ အကြောင်းပြချက်တစ်ခုမပေးပဲ ပြန်လွှတ်စရာ မရှိဘူး။ သူတို. မကျေနပ်ရင် အစကတည်းက ဗီဇာမပေးနဲ.။ ဒါမှမဟုတ် လည်ပတ်ဗီဇာတွေကို လိုအပ်ချက်တွေ မြှင့်လိုက်။ ဘဏ်အကောင့်တွေ တိုးပြခိုင်းလိုက်။ ဘာလဲဗျ။ လူတွေကို ကိုယ်ချင်းစာစိတ်မရှိတာ။
အစိုးရဖြစ်တိုင်း လုပ်ချင်တိုင်းလုပ်နေတာ အဓိပ္ပါယ်မရှိဘူး။ အထက်ပါ အဖြစ်အပျက် ၂ ခုလုံးမှာ တရားဝင် ရပိုင်ခွင့်တွေထဲက စင်္ကာပူအစိုးရရဲ. ပွင့်လင့်ရိုးသားမှုမရှိပဲ အနိုင်ကျင့်မှုပဲ။ အခက်အခဲတွေ.နေတာ ကျွန်တော်မသိလို. မဟုတ်။ သိတယ်။ အစကတည်းက ပေါ်လစီပိုင်းညံ့ဖြင်းမှု ၊ လူထုကို ထုတ်ပြောခြင်းမရှိမှုတွေက သိပ်လွန်တယ်။ အစိုးရတစ်ရပ်အနေနဲ. သူတို. ကိုယ်တွယ်မဲ့ ပေါ်လစီကို တပြေးညီဖြစ်အောင် လုပ်ထားသင့်တယ်။ အစကတည်းက မလိုချင်ဘူးဆို ကျေညာချက်ထုတ်လိုက်။ ပေါ်လစီအသစ်တွေ ရေးဆွဲပြီး ကန်.သတ်လိုက်။
ငါက အထက်စီးကပဲ၊ လုပ်ချင်ရာလုပ်မဲ့ဆိုတဲ့ အမူအကျင့်တွေ လွန်လွန်းနေပြီ။ တကယ်ဖြစ်သင့်တာက ကျုပ်တို. စလုံးမှာဖြင့် အလုပ်လက်မဲ့တွေများလာပြီ။ စီးပွားရေးလဲ မကောင်းတော့ဘူး။ ဒါကြောင့် နိုင်ငံခြားသား အလုပ်သမားတွေကို ကန်.သတ်ရတော့မယ်၊ ကန်.သတ်ဖို.အတွက်တော့ဖြင့် မည်သည့် အလုပ်မျိုးကိုတော့ Spass မချပေးနိုင်တော့ပါဘူး ဆိုပြီး တရားဝင်ကျေညာလိုက်ပေါ့။ လေဆိပ်ကပြသနာကတော့ စင်္ကာပူသံရုံးတွေမှာ အလည်အပတ်ဗီဇာတွေကို ခက်ပစ်လိုက်ပေါ့။ သူတို.က လူတစ်ယောက်လုံး ငွေကြေးအရင်းအနှီး၊ အချိန်အရင်းအနှီး။ opportunity အရင်းအနှီးတွေ ပေးဆပ်ပြီးမှ ဒါတွေလုပ်ရတယ်ဆိုတာ ထည့်မစဉ်းစားပေးတာ။ လွန်တယ်။
အခုတော့ မျက်နှာပန်းလှအောင် သူတို.ကပဲ နိုင်ငံခြားသားတွေအတွက် အခွင့်အရေး တစ်ရပ်လို လုပ်နေပြီး (သူတို.ပဲ နိုင်ငံခြားသားဦးနှောက်တွေ ဖောက်စားနေပြီး ) အခုလို တာဝန်မဲ့ လုပ်ရပ်တွေလုပ်တာ လုံးဝရပ်တန်းကရပ်သင့်ပြီ။ ပေါ်လစီကို တပြေးညီ ဆက်ဆံနိုင်အောင် ကျင့်ကြံပြီး ပိုပြီး ပွင့်လင်းစွာ ချမှတ်သင့်ပြီ။
အရိုး
စင်္ကာပူညစ်သမျှ
Posted by Baganland at 10:15 AM 0 comments
Labels: စင်္ကာပူ
ဂုဏ်ယူဖွယ်ရာ ဒို့မြန်မာ
ဲ ကျွန်မကို ကျွန်မ မပြာပါနဲ့လို့ သတိပေးမိတယ်။ဲ
စင်ကာပူနိုင်ငံ၊ ခမ်ချင်းလမ်း၊ အကွက်အမှတ် ၁၃၄ (အေ)ရှိ ၁၀ လွှာတိုက်ခန်းတွင် အောက်တိုဘာ ၃၁ ရက် ညနေ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ဒေါ်စန္ဒာကျော်တစ်ယောက်ထဲ တရားထိုင်နေစဉ် ရုတ်တရက် မီးခိုးနံ့ရလိုက်တယ်။
အဲဒါနဲ့ အပြင်စက်ြန်လမ်းကို ထွက်ကြည့်လိုက်တဲ့အခါ မြင်လိုက်ရတယ့်မြင်ကွင်းက သူမကို တုန်လှုပ်သွားစေတယ်။ မီးလောင်နေတယ်။ သူမအိမ်နီးနားချင်းတိုက်ခန်း မီးစွဲနေတယ်။ သူမနှင့် သုံးတိုက်သာကွာတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ဦးရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်။ ကြားကြားချင်းပဲ အထဲမှာပိတ်မိနေတဲ့လူ ရှိမရှိသိရအောင် မီးတောက်တွေ၊ မီးခိုးငွေ့တွေရှိတယ့်ဘက်ကို တဟုန်ထိုးပြေးထွက်သွားမိတယ်။
အဲဒီရောက်တော့ တံခါးမကြီးရဲ့ဘေးက ပြတင်းပေါက်ကလေးကနေ အထဲကိုချောင်းကြည့်လိုက်တော့ အိန္ဒိယအမျိုးသမီးတစ်ယောက်နဲ့ ကလေးနှစ်ယောက် ပိတ်မိနေတယ်။ ဧည့်ခန်းက မီးကူးနေပြီဆိုတော့ ဧည့်ခန်းကဖြတ်ပြီး တံခါးမကြီးကနေ ထွက်ပြေးလို့မရတော့ဘဲ ချောင်ပိတ်နေတယ်။ အိန္ဒိယအမျိုးသမီးကလည်း ပြတင်းပေါက်နားကနေ အော်ဟစ်ငိုရိုပြီး အကူအညီတောင်းနေတယ်။
အကူအညီတောင်းနေတယ်ဆိုတာကလွဲပြီး သူဘာတွေပြောနေတယ်ဆိုတာ နားမလည်နိုင်ဘူး။ ကလေးနှစ်ယောက်ဆိုရင် ကြောက်လွန်းလို့ လူသေတွေလို လှုပ်တောင်မလှုပ်ရဲဘူး။ တံခါးမကြီးရဲ့ သံပန်းတံခါးက သော့ခတ်ထားတာလည်းတွေရော တော်တော်စိတ်ပျက်သွားတယ်။
ဒေါ်စန္ဒာကျော်လည်း သူမကိုသူမ မပြာအောင် သတိထားပြီး သူမအခန်းကို ပြန်ပြေး၊ ၉၉၉ ကို ဖုန်းဆက်ခေါ်။ ပလာယာတစ်စုံ ကောက်ဆွဲပြီး၊ မီးလောင်ရာကို ပြန်ရောက်လာတယ်။ ပလာယာနဲ့ တံခါးသော့ကိုဖျက်ဖို့ကြိုးစားလည်း အချည်းနှီးပဲ။
မီးခိုးငွေ့တွေက ဘယ်လောက်တောင်များလည်းဆို သူမတောင် အသက်ကောင်းကောင်း မရှူနိုင်တော့ဘူး၊ မျက်လုံးတွေလည်းေ၀၀ါးလာတယ်။ တံခါးမကြီးနားအထိ မီးကရောက်နေပြီဆိုတော့ သံကလည်း ကျစ်ကျစ်တောက်ပူနေပြီ။ တခြားအိမ်နီးနားချင်းတွေကလည်း သူမသော့ဖျက်နေချိန်မှာ လက်ဆွဲရေဘုံးလေးတွေနဲ့ မီးတောက်ကြီးကို လှမ်းပတ်နေလေရဲ့။
သူမကိုယ်နှိုက်လည်း ရင်တွေတဒိန်းတဒိန်းခုန်နေတယ်။ အထဲကလူတွေအတွက် တော်တော်စိတ်ပူနေရပြီ။ နောက်တော့ ကိုယ့်ကိုကိုယ် မပြာအောင်ထိန်းရင်း သူတို့ကိုဘယ်လို ကယ်ရမလဲဆိုတာ အသည်းအသန်စဉ်းစားနေမိတယ်။
ရုတ်တရက် အကြံထွက်လာတယ်။ စောစောက အိပ်ခန်းပြတင်းပေါက်လေး။ အဲဒီ့က သံပန်းတံခါးကို ဖျက်လိုက်ရင် သားအမိတွေ အဲဒီ့က ခုန်ထွက်နိုင်ပြီ။ ပြတင်းပေါက်သံပန်းကို စမ်းကြည့်တော့ တံခါးမကြီးလို မပူသေးဘူး။ အဲဒါနဲ့ သံပန်းကို လက်နှစ်ဖက်နဲ့ မရမက အတင်းကာရော ဆွဲဖြဲပါလေရော။ တကိုယ်လုံးရှိတဲ့အားတွေ လက်မှာစုပြီး အားကုန်သုံးပြီး ဆွဲလေရဲ့။ သူမနဲ့မသိတဲ့ တစ်ခြားအိန္ဒိယအမျိုးသမီးငယ်တစ်ယောက်ကလည်း လာကူပြီး ဆွဲပေးတယ်။ လူ့အသက်နဲ့ရင်းရတာဆိုတဲ့ဇောနဲ့ သံတန်းနှစ်ခုကို ဆွဲဖြဲကြတာ တော်တော်လေးလည်း ဟလာရော ကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်လှမ်းဆွဲထုတ်၊ ပြီးတော့ မိခင်ကြီးကိုလည်း ထွက်လို့ရအောင် ၀ိုင်းကူရင်းနဲ့ သားအမိတွေ ဘေးကင်းရာ ရောက်ခဲ့လေသည်။
ဒေါ်စန္ဒာကျော်ရဲ့စွမ်းဆောင်မှုနဲ့ သတ္တိအတွက် စင်္ကာပူအစိုးရက ပရဟိတဆု ချီးမြှင့်ခဲ့ပါတယ်။
Posted by Baganland at 8:47 AM 1 comments
Labels: စင်္ကာပူ
ဆူနာမီဖြစ်လျှင်စင်ကာပူပြေးမလွတ်
အာရှတိုက်၏ အကြွယ်ဝဆုံး မြို့တော်တစ်ခုဖြစ်သော စင်ကာပူသည် ဆူနာမီလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါက ယင်းဘေးအန္တရာယ်မှ လုံးလုံးလျားလျား ကင်းလွတ်နိုင်ခြင်းမရှိ၍ အကာအကွယ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ကမ်းခြေဒေသ ကျွမ်းကျင်ပညာရှင်တစ်ဦးက သတိပေးပြောကြားခဲ့သည်။
ကျွန်းနိုင်ငံတစ်ခုဖြစ်သော စင်ကာပူသည် သဘာဝအရ ဆူနာမီလှိုင်းလုံးများဖြစ်လာခဲ့ ပါက လှိုင်းလုံးများ မြင့်လွန်းခြင်းမရှိသော်လည်း အပျက်အစီးအဆုံးအရှုံးများ ကြီးကြီးမားမား ကြုံတွေ့နိုင်သည်ဟု စင်ကာပူပထ၀ီဘာသာဌာနမှ ပါမောက္ခ ၀မ်ပိုပိုက ပြောသည်။
ရာသီဥတု၏မှန်းဆမရသော ဘေးဒုက္ခဆိုးများ ပြည်သူများအပေါ် ကျရောက်ခြင်းမရှိစေရန် ကြိုကြိုတင်တင် ကာကွယ်ခြင်း လုပ်ငန်းရပ်များ ပြုထားသင့်ကြောင်း ပါမောက္ခ၀မ်က ဆိုသည်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ၁၀ မီတာ အမြင့်ရှိသော ဆူနာမီလှိုင်းလုံးကြီးများကြောင့် လူပေါင်း ၁၆၈၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီး လူအတော်များများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်ခဲ့ကြရသည်။ အကယ်၍ စင်ကာပူ၌ ဆူနာမီလှိုင်းများ ဖြစ်ခဲ့ပါက အပျက်အစီးများဖြစ်ပေါ်ရန် ၁၀ မီတာ အမြင့်ပင် မလိုအပ်ကြောင်း ၎င်းက ဆိုသည်။
ချန်ဂီလေဆိပ်အပါအ၀င် အခြားအခြေခံအဆောက်အအုံများသည် လှိုင်းအသေးလေးများနှင့် ကြုံရရုံပင် ပျက်စီးနိုင်ကြောင်း၊ လူတို့ဖန်တီးထားသော ဂျူရွန်ကျွန်း၌လည်း ရေနံဓာတုပစ္စည်းများ အများအပြား တည်ရှိသဖြင့် အန္တရာယ်အလွန်ကြီးမားကြောင်း၊ သို့ဖြစ်၍ အစိုးရမှ ဆူနာမီနှင့်ပတ်သက်၍ လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ပါမောက္ခ၀မ်က ပြောသည်။
Posted by Baganland at 6:46 PM 0 comments
Labels: စင်္ကာပူ
စင်ကာပူတွင် ဘာသာတရားအပေါ် လျစ်လျူရှုသူများလာ
စင်ကာပူတွင် တာအိုဝါဒီများသည် တရုတ်လူမျိုးများ၏မိဘများလက်ထက်က ဘာသာတရားကိုင်းရှိုင်းမှုအပေါ် လျစ်လျူရှုကာ ယုံကြည်သက်ဝင်မှု ပျောက်ဆုံးနေသူများဖြစ်သည်ဟု ဆိုသည်။ စင်ကာပူရှိ တရုတ်လူမျိုးများတွင် ခရစ်ယာန်ဘာသာကိုးကွယ်မှုက အများစုဖြစ်ပြီး ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူများကို ပြန်လည်တွေ့လာခဲ့ရသည်။ တရုတ်လူမျိုးတို့၏ ဘာသာတရားမှာ အထူးသဖြင့် တာအိုဝါဒဖြစ်ပြီး အစဉ်အဆက် ယုံကြည်သက်ဝင်မှုအပေါ် ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။
သို့ရာတွင် ထိုသူတို့၏ နောက်ပိုင်းလူများကမူ ခရစ်ယာန်ဘာသာကိုသာ သက်ဝင်ယုံကြည်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်များစွာက တရုတ်လူမျိုး ၁၀ ဦးတွင် ခုနစ်ဦးမှာ တာအိုဝါဒီများ ဖြစ်ခဲ့ကြသည်။ သို့ရာတွင် မကြာသေးမီက သန်းခေါင်စာရင်းကောက်ယူချက်အရ တာအိုဝါဒီ ၁၉၈၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်း၊ ၁၉၉၀ ပြည့်နှစ်တွင် ၂၂ဒသမ၄ ရာခိုင်နှုန်းနှင့် ၂၀၀၀ ပြည့်နှစ် တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ခရစ်ယာန်ဘာသာဝင်အဖြစ် ၂၀၀၀ ပြည့်နှစ်တွင် ၁၄ဒသမ ၆ရာ ခိုင်နှုန်း၊ ၁၉၂၀ ပြည့်နှစ်တွင် ၅ဒသမ၂ ရာခိုင်နှုန်း၊ ၁၉၈၀ပြည့်နှစ်တွင် ၁၀ဒသမ၁ ရာခိုင်နှုန်းနှင့် ၁၉၉၀ ပြည့်နှစ်တွင် ၁၂ဒသမ၇ ရာခိုင်နှုန်း တိုးပွားလာခဲ့သည်။
Straits Times လေ့လာအကဲခတ်ရေးအဖွဲ့က ဘာသာတရား ကူးပြောင်းမှုနှင့်ပတ်သက်၍ အဘယ့်ကြောင့် ယုံကြည်သက်ဝင်မှု ပြောင်းလဲရသည်ဆိုသည့်အချက်ကို ဖော်ထုတ်ရန် ရည်ရွယ်ထားခဲ့သည်။
လေ့လာချက်အရ စင်ကာပူလူဦးရေ စုစုပေါင်း ၁၀၀၀ တွင် အသက် ၁၅ နှစ်အရွယ် ၂၀ ရာခိုင်နှုန်းသည် အသက် ၃၀ အရွယ်မတိုင်မီ ဘာသာတရားကို လျစ်လျူရှုခဲ့ကြောင်း တွေ့ရသည်။ ၁၉၉၀ ပြည့်နှစ်က ဘာသာတရားကူးပြောင်းသူ ၁၁ ဒသမ ၅ ရာခိုင်နှုန်း သာရှိကြောင်း တွေ့ရသည်။ ဗုဒ္ဓဘာသာမှာမူ ခိုင်မြဲမှုရှိသည်ဟုဆိုသည်။ ဗုဒ္ဓဘာသာအဖြစ် မွေးဖွားလာသူ ၈၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်အဖြစ်သာ ဆက်လက်ရှိနေကြခြင်းဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင်များသည်လည်း ခရစ်ယာန်ဘာသာဝင်များကဲ့သို့ တိုးပွားများလာသည်ဟုဆိုသည်။ တရုတ်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် ခရစ်ယာန်ဘာသာဝင်များဖြစ်၍ ၂၂ ဒသမ ၈ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာဝင်များဖြစ်သည်။
စင်ကာပူနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ၏တစ်ဝက်မှာ ဘာသာကူးပြောင်းလာသူများ ဖြစ်သည်။ စင်ကာပူရှိ လူအများစုသည် ပညာတတ်များဖြစ်ပြီး အင်္ဂလိပ်ဘာသာကို အသုံးပြုကြီးပြင်းလာခဲ့ကြသူများဖြစ်ကြရာ အနောက်တိုင်းအယူအဆ ယဉ်ကျေးမှုစရိုက်များ လက်ခံကျင့်သုံးနေကြသူများလည်းဖြစ်သည်။ စင်ကာပူအမျိုးသားတက္ကသိုလ်လူမှုဗေဒပညာရှင် Ale-xius Pereira က စင်ကာပူတွင် တရုတ်ရိုးရာဘာသာတရား ကိုးကွယ်မှု စိမ့်ဝင်ခဲ့သော်လည်း နောက်ပိုင်းလူငယ်များတွင် ထိုကဲ့သို့ ယုံကြည်သက်ဝင်မှုမျိုး မတွေ့ကြရတော့ ဟုဆိုသည်။
ဆက်လက်၍ ခရစ်ယာန်ဘာသာပညာတတ် အင်္ဂလိပ်ဘာသာစကားပြောသော တရုတ်လူမျိုးများအား ဆွဲခေါ်သွားခဲ့သည် ဟု ပြောကြားခဲ့သည်။ အဖွဲ့ဝင် ၂၄၀၀၀ ရှိသော City Harvest ကဲ့သို့သော ဘုရားရှိခိုးကျောင်းကြီးများက ပေါ့ပ်ယဉ်ကျေးမှုဖြင့် လူငယ်လူရွယ်များအား လွှမ်းမိုးနိုင်သည့် ဈေးကွက်အဖြစ် အသုံးပြုနေသည်ဟု ယူဆခဲ့ကြသည်။
မူဆလင်နှင့် ဟိန္ဒူဘာသာ သက်ဝင်ယုံကြည်မှုနှင့်ပတ်သက်၍ လေ့လာအကဲခတ်ရာ တွင်လည်း အစ္စလာမ်ဘာသာဝင် ၉၉ရာခိုင်နှုန်းကို သိမ်းသွင်းထားနိုင်ခဲ့ပြီး ဟိန္ဒူတို့ကမူ ခုနစ် ရာခိုင်နှုန်းကိုသာ ဘာသာကူးပြောင်း ရယူနိုင်ခဲ့ကြောင်းတွေ့ရသည်။ ဒေါက်တာ Pereira ကဲ့သို့သော လူမှုဗေဒပညာရှင်တို့က ခရစ်ယာန်ဘာသာသည် နောက်ဆုံး၌ ထိပ်ဆုံးသို့ရောက်ကာ ဘာသာဝင်တင်းကျမ်း ဖြစ်လာသည် အထိ ကျယ်ပြန့်လာမည်ဟုယူဆခဲ့သည်။ စင်ကာပူ အမျိုးသားတက္ကသိုလ်မှ လူမှုဗေဒပညာရှင် Tong Chee Kiong သည် လွန်ခဲ့သည့်နှစ်က သူ၏ စာအုပ်ထဲတွင် “ကိုးကွယ်မှုဆိုင်ရာ အသီးသီးနှင့်ဆိုင်သော လူမှုရေးအတွေ့အကြုံက လူမှုရေး အပြောင်းအလဲကို အတိုင်းအတာတစ်ရပ်အထိ အလျင်အမြန် ပြောင်းလဲစေမည်ဖြစ်ပြီး ဘာသာအယူဝါဒများကြားတွင် အားပြိုင်မှု ကစားပွဲဖြစ်ပေါ်ကာ ပြောင်းလဲမှုက ကစားပွဲ၏ ပြီးပြည့်စုံ သော အစိတ်အပိုင်းတစ်ရပ်ကို ဖြစ်လာစေမည်ဟု ရေးသားခဲ့သည်။
Posted by Baganland at 10:48 AM 0 comments
Labels: စင်္ကာပူ
စင်္ကာပူအစိုးရ မြန်မာတွေကို ဖိနှိပ်သမျှ
မြန်မာလူတန်းစား မျိုးစုံတို့သည် ယခုနောက်ပိုင်းနှစ်များတွင် မိမိနိုင်ငံ၏ ပြည်တွင်း အလုပ်အကိုင် ရှားပါးမှု၊ ပညာရေး အဆင့်အတန်း နိမ့်ပါးလာမှု (သို့) ပညာရေး အာမခံမှု လျှော့ပါးလာမှုတို့ကြောင့် စင်္ကာပူနိုင်ငံသို့ ပညာသင်ရန်၊ အလုပ်လုပ်ကိုင်ရန် အစရှိသော အကြောင်းအမျိုးမျိုးဖြင့် တစ်ဖြည်းဖြည်း ရောက်ရှိလာကြကာ ယခုအချိန်တွင် နေထိုင်သူပေါင်း ၁ သိန်း ခန့် ရှိနေပါသည်
ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်အချိန်ထိ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာများ အနည်းစုလောက်သာ နိုင်ငံရေးနှင့် ပတ်သက်သော အထိမ်းအမှတ်ပွဲလေးများအား ကြိုကြားကြိုကြား လုပ်ခဲ့ကြသော်လည်း ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် ရဟန်း သံဃာ အပါအ၀င် လူကြီး၊ လူငယ်အများစု ရင်ထဲ၌ မိမိနိုင်ငံသားများ မတရား ဖိနှိပ် အုပ်ချူပ်ခံရမှုအပေါ် မခံမရပ်နိုင်မှုများ ပိုမိုကြီးထွားလာပြီး မိမိနိုင်ငံနှင့် လူမျိုးအတွက် တတ်အားသရွေ့ အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် န အ ဖ စစ်အာဏာရှုး လက်တစ်ဆုပ်စာ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတရားမှုများအား နိုင်ငံတကာ ပိုမို သိရှိလာစေရန် နှင့် ပြည်တွင်းမှ အသက်၊ ဘ၀ စွန့်လွှတ်ကာ ရွပ်ရွပ်ချွံချွံ လှုပ်ရှားနေကြသော မျိုးချစ် အာဇာနည်များအတွက် အထောက်အပံ့ ဖြစ်စေရန် လှုပ်ရှားဆောင်ရွက်မှုများ အရှိန်အဟုန် ပြင်းပြင်း လုပ်ခဲ့ကြရာ
သိသာ ထင်ရှားသော လှုပ်ရှားမှုများအဖြစ် ၂၀ ရက်၊ နိုဝင်ဘာ၊၂၀၀၇ တွင် ပြုလုပ်ကျင်းပခဲ့သော ASEAN Summit ၌ Orchard လမ်းပေါ် ဆန္ဒပြခဲ့မှု၊ Referendum ၌ မိမိနိုင်ငံသား အခွင့်အရေးကို လက်ကိုင်ပြုပြီး “NO” စတစ်ကာ ကပ်ထားသော အနီရောင် တီရှပ် နှင့် ဦးထုပ်ကို လူထောင်ပေါင်းများစွာ ဆင်တူ ၀တ်ဆင် ဆောင်းခဲ့ကြပြီး မြန်မာသံရုံးရှေ့၌ စည်းစည်းလုံးလုံး နှင့် စည်းကမ်းသေ၀ပ်စွာ မိမိတို့၏ ဆန္ဒအမှန်ကို ထုတ်ဖေါ်ပြသမှုတို့သည် န အ ဖ စစ်အာဏာရှုးများအား အရှက်တကွဲ ဖြစ်စေခဲ့သကဲ့သို့ ဒီမိုကရေစီ အရေခြုံ တစ်ပါတီအာဏာရှင် စင်္ကာပူအစိုးရ အနေဖြင့်လည်း ကိုင်တွယ်ဖြေရှင်းရန် အကြပ်ရိုက် စေခဲ့ပါသည်။
ထိုနောက်ပိုင်းတွင် မြန်မာ့အရေးကို အားသွန်ခွန်စိုက် လှုပ်ရှားလာခဲ့သော ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့် အခြားသော မြန်မာ့အရေး လှုပ်ရှားသူများ၏ စည်းလုံးညီညွတ်မှု နှင့် လူအင်အား၊ စိတ်ဓါတ်အင်အား ကြီးမားလာမှုအား စနစ်တကျ ဖြိုခွဲရန် န အ ဖ အလိုကျ စင်္ကာပူအစိုးရ အနေဖြင့် ဆောင်ရွက်ခဲ့သည်ဟု ကောက်ချက် ချနိုင်ပါသည်။
စင်္ကာပူအစိုးရသည် မတ်လ၊ ၂၀၀၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားသော အဖွဲ့အစည်းများအား ပြင်းထန်စွာ နှိမ်နင်းရန် ကြိုးစားခဲ့သော်လည်း ထိုအချိန်၌ စင်္ကာပူနိုင်ငံတွင် လာရောက် ပညာသင်ကြားသူ၊ အလုပ် လုပ်ကိုင် နေထိုင်သူတို့၏ ဗီဇာသက်တမ်းမှာ အားလုံးနီးပါး မကုန်သေးသောကြောင့် သိသာထင်ရှားခြင်း မရှိခဲ့ပါ။
သို့သော် ဇူလိုင်လ၊ ၂၀၀၈ မှ စတင်ပြီး ဗီဇာသက်တမ်း ကုန်သောသူများ တစ်ယောက်ပြီး တစ်ယောက် ရှိလာခဲ့ရာ ယခုအချိန်ထိ (၁၂)ယောက် ထိခိုက်ခြင်း ခံနေရပြီး (၃)ယောက်မှာ စင်္ကာပူနိုင်ငံမှ ထွက်ခွာသွားရပြီ ဖြစ်ပါသည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်တို့သည် စင်္ကာပူအစိုးရ၏ သိက္ခာမရှိသော နည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းခြင်း ခံခဲ့ရသူများ ဖြစ်ပါသည်။
၁။ ကိုစိုးသီဟ
၎င်းသည် ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်တည်းက မြန်မာ့အရေး လှုပ်ရှားမှုတိုင်းတွင် တတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သကဲ့သို့ နာဂစ် လေဘေး ကယ်ဆယ်ရေး အပါအ၀င် လူမူရေးလုပ်ငန်းများတွင်လည်း အားတက်သရော ပါဝင်ခဲ့ပြီး Tanglin Police Station မှ ခေါ်ယူစစ်ဆေးမှုများ ခံခဲ့ရသူလည်း ဖြစ်ပါသည်။
၎င်းသည် National University of Singapore တွင် ပညာသင်ကြားခဲ့ပြီး ကျောင်းပြီးချိန်တွင် အခြားသော ကျောင်းသားများ တန်းတူ PR Application Offer Letter လက္ခံ ရရှိခြင်း၊ ကျောင်းပြီး၍ အလုပ်အကိုင် ရှာဖွေရန် လုံလောက်သော အချိန်ရရှိခြင်း မရှိခဲ့ပါ။ (ပုံမှန်အားဖြင့် University နှင့် Polytechnic မှ ကျောင်းပြီးသူတိုင်း PR Application Offer Letter လက္ခံရရှိကြပြီး ကျောင်းပြီးသူတိုင်း အလုပ်အကိုင် ရှာဖွေရန် ၆လ မှ ၁၂ လထိ နေထိုင်ခွင့် ရရှိကြပါသည်)။
၎င်း၏ Student Pass သည် Final Year Project Presentation အပြီး (၈)ရက်အကြာ (၁၇)ရက်၊ မေလ၊ ၂၀၀၈ တွင် ကုန်ဆုံးခဲ့ပြီး (၁၃)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Degree Scroll ကို လက္ခံရရှိခဲ့ပါသည်။ ထိုအတောအတွင်း Social Visit Visa ကို လစဉ် တိုးနေခဲ့ရပြီး (၃၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ ထိသာ ရရှိခဲ့ပါသည်။ ဇွန်လကုန်ကာနီးတွင် အလုပ်အကိုင် ရှာဖွေရန် Long-Term Social Visit Pass လျှောက်ထားခဲ့ရာ (၂၄)ရက်၊ ဇုလိုင်လ၊ ၂၀၀၈ တွင် ICA (Immigration and Check-Points Authority) မှ ပေးပို့သော Rejection Letter ကို (၂၆)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ ၌ ၎င်း၏ စပွန်ဆာထံမှ တစ်ဆင့် ရရှိခဲ့ပါသည်။
(၂၈)ရက်နှင့်(၂၉)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ICA ကို ပြန်သွားခဲ့ပြီး NUS မှ ဘွဲ့ရကျောင်းသားတစ်ယောက် အနေဖြင့် နေထိုင် အလုပ်ရှာဖွေခွင့် ရှိလျှက်နှင့် မည်သည့် အကြောင်းကြောင့် Pass မရသည့် အကြောင်းပြချက်အား မေးမြန်းခဲ့ရာ ဖြေကြားခြင်း မရှိခဲ့ပါ။ ထို့အပြင် Long-Term Social Visit Pass အတွက် Appeal Letter လျှောက်ထားခြင်းမှာလည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှင်းပြပဲ ချက်ချင်း ငြင်းပယ်ခြင်း ခံခဲ့ရပါသည်။
စင်္ကာပူ အာဏာပိုင်များမှ မည်သို့မှ ဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ၎င်း၏ Social Visit Pass ကုန်ဆုံးသည့် (၃၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် မနက်ပိုင်း (၆း၄၅) နာရီ လေယာဉ်ဖြင့် ကမ္ဘောဒီးယားသို့ ထွက်ခွာရန် မနက် (၆း၁၅-၆း၂၀) နာရီတွင် စင်္ကာပူနိုင်ငံ လေယာဉ်ကွင်းမှ Immigration Counter ကို ဖြတ်ခဲ့သောကြောင့် သာမန်အားဖြင့် လေယာဉ် စီးနင်းလိုက်ပါရန် လုံလောက်သော အချိန်ဖြစ်ပါသည်။
သို့သော် Counter အဖြတ်၌ Immigration Officer မှ ၎င်း၏ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးပြီး ဘေးဘက်တွင် ရှိသော အထူး စစ်ဆေးမေးမြန်းသော ကောင်တာဘက်ကို ခေါ်သွားပါသည်။ ထိုနေရာမှ တစ်နေရာရာကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းမှုကို (၃၀)မိနစ်ခန့်ကြာ ပြုလုပ်နေခဲ့ပါသည်။ ထိုသို့ ပြုလုပ်နေစဉ်တွင် ၎င်း၏ လေယာဉ်မှ ထွက်ခွာရန် အချိန် အလွန်နီးကပ်နေသောကြောင့် ၎င်း၏နာမည်ကို နောက်ဆုံး ခေါ်ဆိုမှု ပြုလုပ်နေသည့်အကြောင်း Immigration Officer အား ပြောပြရာ လေယာဉ်ကို စောင့်ခိုင်းထားကြောင်း ပြန်ပြောခဲ့ပါသည်။ နောက်ဆုံး Immigration Officer သွားခွင့်ပြုချိန်တွင် အပြေးအလွှား သွားခဲ့သော်လည်း လေယာဉ်မှာ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် Immigration Officer ထံပြန်လာပြီး ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ နိုင်ငံကူးလက်မှတ်တွင် မည်သည့် ပြဿနာ ရှိသလဲဟု မေးမြန်းခဲ့ရာ ဘာမှ မရှိကြောင်း ဖြေကြားခဲ့ပါသည်။
ထို့ပြင် လေယာဉ်လက်မှတ် ဆုံးရှုံးခြင်း၊ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ စိတ်အနှာင့်အယှက် ဖြစ်အောင် အချိန်ဆွဲထားခြင်း စသည်တို့အတွက် တာဝန်ယူမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ နောက်တစ်နေ့ ပြန်ထွက်နိုင်ရန်အတွက် နေထိုင်ခွင့် တစ်ရက်သာ တိုးပေးခဲ့ပါသည်။ (နိုင်ငံကြီးသား ပီသပါသည်၊ စည်းစနစ် အလွန် ကျပါသည်ဟု ပြောဆိုလေ့ရှိသော စင်္ကာပူနိုင်ငံ၏ လုပ်ရပ်အား ပြန်လည် သုံးသပ်ရန် လိုအပ်ပါသည်။)
ထိုနေ့တွင်ပင် ၎င်းသည် Engineering Company တစ်ခုတွင် Project Engineer / Manager အဖြစ် အလုပ် ရှာဖွေ ရရှိခဲ့ပြီး အလုပ်ရှင်မှ Employment Pass အား Online မှ လျှောက်ထားပေးခဲ့သော်လည်း ယနေ့ အချိန်အထိ အတည်ပြုပေးခြင်း မရှိသေးပါ။
ပုံမှန်အားဖြင့် EP လျှောက်ထားခြင်းသည် အချက်အလက် ပြည့်စုံပါက တစ်ရက် နှစ်ရက်အတွင်း ပြီးစီးနိုင်ပြီး တစ်ခါတစ်ရံ အကျိုးအကြောင်း မညီညွှတ်မှသာ အများဆုံး နှစ်ပတ်ထိ ကြာတတ်ပါသည်။ သို့သော် အများဆုံး နှစ်ပတ်သာ ကြာတတ်သောကြောင့် Social Visit Pass ကို EP လျှောက်ထားခြင်း ပြီးစီးသည့်အထိ အမြဲတမ်း ပေးလေ့ရှိသော်လည်း ၎င်းအား လုံးဝတိုးပေးခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။
စင်္ကာပူအစိုးရကျောင်းများဖြစ်သော Polytechnic (၅)ခု နှင့် University (၃)ခု မှကျောင်းပြီးသော ကျောင်းသားများ အနေဖြင့် အလုပ်ရရှိ၍ EP (သို့) Pass တစ်ခုခု လျှောက်ထားပါက လျှောက်ထားသည့် ကောင်တာတွင်ပင် In principle Approval ကို နာရီပိုင်းအတွင်း ရရှိသော်လည်း စင်္ကာပူနိုင်ငံ၏ နာမည်ကြီး NUS မှ ကျောင်းပြီးသော ကိုစိုးသီဟ အတွက် (၁၀)ရက်ကျော် ကြာသည့်တိုင် ခက်ခဲနေရသည့် အကြောင်းရင်းမှာ စိတ်ဝင်စားစရာပင် ဖြစ်ပေသည်။
ကိုစိုးသီဟသည် (၃၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ ကမ္ဘောဒီးယားသို့ ထွက်ခွာသွားခဲ့ပြီး ၎င်း၏ EP Result အား အဖြူအမည်း ကွဲပြားအောင်း စောင့်စားရင်း မိမိ ပညာဖြင့် အဆင်ပြေနိုင်မည့် နိုင်ငံတွင် အလုပ်ရှာဖွေနိုင်ရန် ကြိုးစားနေပါသည်။
၂။ ကိုမျိုးထွန်း
၎င်းသည် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ၁၉၈၈ ခုနှစ် မှ ၁၉၉၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အထိန်းသိမ်းခံရခြင်း၊ ထောင်ချခံရခြင်းများ ရှိခဲ့ပြီး စင်္ကာပူနိုင်ငံတွင်လည်း ရွှေဝါရောင်တော်လှန်ရေးမှ စတင်ကာ Orchard လမ်းမပေါ် ဆန္ဒပြမှု၊ Referendum တွင် “NO Campaign” လှုပ်ရှားမှု အစရှိသော လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး နာဂစ် လေဘေး ဒုက္ခသည်များအတွက် မြန်မာပြည်တွင်း ပြန်ဝင်ကာ ကူညီ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
စင်္ကာပူနိုင်ငံတွင် အထွေထွေ အလုပ်သမားဘ၀ဖြင့် လုပ်ကိုင်ခဲ့ပြီး မိမိ ရရှိသော ချွေးနှဲစာ လစာနည်းနည်းမှ တစ်ချိန်က အတူတကွ လှုပ်ရှားခဲ့သော၊ မြန်မာပြည်တွင် ထောင်ကျနေပြီး ငွေရေး အခက်အခဲ ဖြစ်နေသော ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ မိသားစုများအား တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။ Tanglin Police Station မှ ခေါ်ယူစစ်ဆေးမှုများ ခံခဲ့သူလည်း ဖြစ်ပါသည်။
၎င်း၏ Work Permit မှာ (၃၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် သက်တမ်းကုန်မည်ဖြစ်၍ ၎င်းတို့ ကုမ္ပဏီမှ ၎င်းအပါအ၀င် အလုပ်သမား(၆)ယောက်အား ထိုရက်မတိုင်မီ သက်တမ်းတိုးပေးခဲ့ရာ ၎င်းတစ်ယောက်သာ သက်တမ်းတိုးခွင့် မရရှိခဲ့ပါ။
(စင်္ကာပူနိုင်ငံတွင် Work Permit လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ Reject ဖြစ်ပါက အခြားသော S Pass, Employment Pass & Student Pass ကဲ့သို့ Appeal Letter တင်ခွင့်မရှိပါ။ Work Permit သက်တမ်းတိုးသူမှာ Reject ဖြစ်ပါက နိုင်ငံမှ တစ်ရက်၊ နှစ်ရက်အတွင်း ထွက်ခွာ ပေးရပါသည်။)
၎င်းသည် (၂)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံရှိ သူငယ်ချင်းအိမ်တွင် ယာယီ နေထိုင်ရင်း အလုပ်ရှာဖွေနေပါသည်။
၃။ ကိုလှိုင်မိုး
၎င်းသည် စင်္ကာပူနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးမှ စတင် လှုပ်ရှားခဲ့သော မြန်မာ့အရေး လှုပ်ရှားတိုင်းတွင် အားတက်သရော ပါဝင် လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်သကဲ့သို့ နာဂစ် လေဘေး ကယ်ဆယ်ရေးအတွက် ပြည်တွင်း ပြန်ဝင် လှုပ်ရှားခဲ့သူလည်း ဖြစ်ပြီး Tanglin Police Station ၏ ခေါ်ယူ စုံစမ်းမေးမြန်းခြင်းကို အများနည်းတူ ခံရသူလည်း ဖြစ်ပါသည်။
စင်္ကာပူနိုင်ငံတွင် Technical Supervisor ၊ S Pass holder အဖြစ် ဂျပန် ကုမ္ပဏီကြီး တစ်ခုတွင် အလုပ် လုပ်ကိုင်ခဲ့ပြီး ၎င်း၏ S Pass သက်တမ်းသည် (၂၀)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် (၃၀)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် MOM (Ministry of Manpower) ၌ ၎င်း၏ ကုမ္ပဏီမှ သက်တမ်းတိုးရန် လျှောက်ထားပေးခဲ့ရာ (၁၇)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Reject Letter ကို MOM မှ လက္ခံရရှိခဲ့ပါသည်။ ၎င်း၏ အထက်အရာရှိမှ စုံစမ်းမေးမြန်းခဲ့ရာ မည့်သည့် အကြောင်းပြချက်မှ မရရှိခဲ့ပါ။ ၎င်း၏ အထက်အရာရှိများမှ ထောက်ခံစာများနှင့်တစ်ကွ Appeal Letter ကို (၂၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် တင်ပေးခဲ့သော်လည်း (၂၅)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မသိရှိရပဲ ထပ်မံ ငြင်းဆန်ခြင်း ခံခဲ့ရပါသည်။ ထိုအချိန်တွင် ၎င်း၏ S Pass မှာ ဖျက်သိမ်းခဲ့ရပြီး MOM Rule အရ Social Visit Pass ဖြင့် (၅)ရက်၊ သြဂုတ်လ၊ ၂၀၀၈ အထိ နေထိုင်ခွင့် ရခဲ့ပါသည်။
နောက်ပိုင်းတွင် Human Resource Department မှ ၎င်း၏ အရာရှိထံသို့ ပေးပို့သော Email အရ ၎င်းသည် နိုင်ငံရေးအရ Police Record ရှိသောကြောင့် MOM မှ လုပ်ပေးမည် မဟုတ်ကြောင်း သိရှိရပါသည်။
၎င်းသည် ထိုကုမ္ပဏီတွင် အလုပ် လုပ်ကိုင်ရင်း Ngee Ann Polytechnic ၌ Technology (Mechanical)၊ Diploma Course ကို အချိန်ပိုင်း တက်ရောက် သင်ကြားနေရာ သြဂုတ်လ (၁၄)ရက်မှ (၂၄)ရက်အတွင်း 5th Semester Examination ဖြေဆိုရမည် ဖြစ်သောကြောင့် ထိုစာမေးပွဲ ပြီးဆုံးချိန်ထိ နေထိုင်ခွင့်ပြုရန် ကျောင်းမှ ထုတ်ပေးသော စာရွက်စာတမ်းများနှင့် လျှောက်ထားခဲ့ရာ MOM သို့ လျှောက်ထာခဲ့ရာ ICA သို့ သွားခိုင်းခဲ့ပြီး ICA သို့ သွားလျှောက်ရာတွင်လည်း လျှောက်လွှာအား သိမ်းယူထားပြီး အကြောင်းပြချက် တစ်စုံတစ်ရာ မပေးပဲ ငြင်းဆန်ခြင်း ခံခဲ့ရသည်။ မေးမြန်းစုံစမ်းမှုအရ စာမေးပွဲဖြေဆိုရန် ဗီဇာလျှောက်ထားပြီး ပြန်လာနိုင်ကြောင်း၊ သို့သော် ဗီဇာ ရ၊ မရ အာမ မခံနိုင်ကြောင်းသာ သိခဲ့ရပါသည်။
သြဂုတ်လ ကုန်ခါနီး စင်္ကာပူနိုင်ငံမှ မထွက်ခွာခင် Re-Entry Visa အား လျှောက်ထားခဲ့ရာ ၎င်း၏ စပွန်ဆာ အား ICA မှ နှစ်ကြိမ်တိတိ ခေါ်ယူကာ စိတ်အနှောင့်အယှက် ဖြစ်စေသော စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်း၏ စပွန်ဆာမှ လျှောက်ထားပေးမှုအား ပြန်လည် ရုပ်သိမ်းခဲ့သည်။ ၎င်းအားလည်း စင်္ကာပူနိုင်ငံမှ ထွက်ခွာမည့်နေ့တွင် ICA မှ ခေါ်ယူကာ မည့်သည့်အကြောင်းကြောင့် Re-Entry Visa အား လျှောက်ထားကြောင်း မေးမြန်းပြီး (ပထမဦးဆုံး Social Visit Pass Extension လျှောက်ထားစဉ် စာမေးပွဲဖြေဆိုရမည့်အကြောင်း ကျောင်းမှ ပေးသောစာပါ ပေးခဲ့ပြီး ဒုတိယအကြိမ် Re-Entry Visa လျှောက်ထားစဉ်တွင်လည်း စာမေးပွဲဖြေဆိုရန် လျှောက်ထားကြောင်း ဖော်ပြခဲ့ပါသည်။) ထပ်မံ လျှောက်ထား ရန် ပြောကြားသဖြင့် နောက် စပွန်ဆာ တစ်ယောက်ဖြင့် လျှောက်ထားခဲ့ပါသည်။
၎င်းသည် (၅)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် စင်္ကာပူနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး စာမေးပွဲ ဖြေဆိုရန် ဗီဇာအား စောင့်ဆိုင်းနေပါသည်။
၎။ ကိုကျော်စိုး
၎င်းသည် မြန်မာ့အရေးအား သြဂုတ်လ အဖြူရောင် လှုပ်ရှားမှု နှင့် ရွှေဝါရောင် တော်လှန်ရေးမှ စတင်ပြီး စိုက်လိုက်မတ်တတ် လှုပ်ရှားမှုတိုင်းတွင် အဓိကကျစွာ ထိထိရောက်ရောက် ပါဝင်ခဲ့သည့်အပြင် စင်္ကာပူနိုင်ငံ အာဏာပိုင်များ၊ နိုင်ငံခြား သံတမန်တစ်ချို့ နှင့် ပြောဆို ဆွေးနွေးခြင်းများ၊ မီဒီယာများ နှင့် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီး စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာန နှင့် Tanglin Police Station ၏ ခေါ်ယူ မေးမြန်း စုံစမ်းခြင်းကို လှုပ်ရှားမှုများ မလုပ်ခင်နှင့် လုပ်ပြီးတိုင်း မကြာခဏ ခံရသူလည်း ဖြစ်ပါသည်။
၎င်းသည် Temasek Polytechnic မှ Diploma in Hospitality & Management ဖြင့် ကျောင်းပြီး၍ ကျန်ခဲ့သော (၅)နှစ် အလုပ်ဝင်ချိန်၌ လျှောက်ထားခဲ့သော Permanent Resident Application မှ ဖြေဆိုမှု နှစ်ခုနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်ရာ တွေ့ရှိသည်ဟု ဆိုကာ စင်္ကာပူနိုင်ငံ အာဏာပိုင်များမှ ရွှေဝါရောင် တော်လှန်ရေးအတွင်းမှ စတင်၍ အကြိမ်ကြိမ် ခေါ်ယူ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ (စင်္ကာပူအစိုးရသည် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများ၏ နောက်ကြောင်း ရာဇ၀င်ကို ထိုစဉ်ကတည်းမှ ပြန်လည် စစ်ဆေးနေကြောင်း ကောက်ချက်ချနိုင်ပါသည်။)
ထို့နောက် စင်္ကာပူနိုင်ငံတွင် မြန်မာ့အရေး လှုပ်ရှားမှု အရှိန်အဟုန် အမြှင့်ဆုံး ဖြစ်သော Referendum အပြီး နာဂစ် လေဘေး ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ကောက်ခံမှု အရှိန်ရစဉ် အထက်တွင် ဖော်ပြခဲ့သော ဖြေဆိုမှု နှစ်ခုနှင့် ပတ်သက်၍ စင်္ကာပူ အစိုးရ၏ ရက်(၄၀)ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရပါသည်။ ထိုသို့ ထိမ်းသိန်းခံရစဉ် ကာလအတွင်း (၅)ကြိမ်တိတိ၊ စင်္ကာပူ အာဏာပိုင် အဖွဲ့အစည်းများမှ ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့်ပတ်သက်သော အသေးစိတ် မေးခွန်းများ၊ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ပတ်သက်သော မေးခွန်းများအပြင် အခြားသော စည်းရုံး ဆွဲဆောင်သော စကားများအား ချော့တခါ ချောက်တလှည့်ဖြင့် နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခဲ့ပါသည်။
၎င်း၏ PR ကဒ် (သို့) IC ကို ထိန်းသိမ်းခံရခြင်းမှ လွတ်သောနေ့ (၁၆)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် သိမ်းယူထားခြင်း ခံခဲ့ရပါသည်။ ၎င်း၏ နိုင်ငံကူးလက်မှတ်မှာလည်း ၂၀၀၈၊ ဇွန်လထဲတွင် သက်တမ်း ကုန်ခဲ့သည့်အတွက် သက်တမ်းတိုးရန် သွားလျှောက်ရာ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်ကို သိမ်းယူ ထားပြီး ယနေု့အချိန်ထိ သက်တမ်းတိုးခြင်းကိစ္စ ပြီးပြတ်ခြင်း မရှိသေးပါ။ Re-Entry Permit သည်လည်း (၂၁)ရက်၊ ဇူလိုင်၊ ၂၀၀၈ တွင် ကုန်ဆုံးခဲ့ပါသည်။
၎င်းသည် မိမိ၏ ကိစ္စအား မည်သို့ စီစဉ်ထားကြောင်း စင်္ကာပူ အာဏာပိုင်များအား မေးမြန်းခဲ့သော်လည်း နိုင်ငံကူးလက်မှတ် ယူလာခဲ့ရန်သာ ပြောဆိုပြီး တိကျစွာ ဖြေဆိုခြင်း မပြုခဲ့ပါ။ နောက်ဆုံး မိမိ၏ လက်ရှိနေထိုင်ရသော Status အား ပြတ်ပြတ်သားသား မကြာခဏ မေးမြန်းခဲ့သည့်နောက်တွင်မှ ၎င်းအား Special Pass ထုတ်ပေးကာ (၃)ရက်၊ (၄)ရက် တစ်ကြိမ် သက်တမ်း တိုးကာ နေစေသော်လည်း မည်သည့် အကြောင်းကြောင့် ၎င်း Special Pass ထုတ်ပေးကြောင်း ဖြေကြားခြင်း မရှိခဲ့ပါ။
(PR တစ်ယောက်အား ၎င်း၏ PR Status အား Cancellation လုပ်ကြောင်း တရားဝင် မထုတ်ပြန်ပဲ နေထိုင်ခွင့် တစ်စုံတစ်ရာမှ မရှိသူအား ထုတ်ပေးလေ့ရှိသော Special Pass ပေးပြီး မကြာခဏ သက်တမ်းတိုး နေထိုင်စေခြင်းမှာ မည်သို့မျှ အဓိပ္ပါယ်ရှိသော လုပ်ရပ် မဟုတ်ပါ။)
ယခုအချိန်၌ ၎င်း၏ လက်ထဲတွင် မြန်မာနိုင်ငံကူးလက်မှတ် မရှိသကဲ့သို့ စင်္ကာပူနိုင်ငံမှ ထုတ်ပေးထားသော PR Status ကိုလည်း တိတိပပ မပြောသေးပဲ စိတ်ဓါတ် ယိုင်နဲ့ ပျက်ပြားအောင် နှစ်ဘက်စလုံးမှ ဖိအားပေး လုပ်ဆောင်ခြင်း ခံနေရပါသည်။ ထိုသို့ ဖြစ်ပေါ်နေသော အခြေအနေကို အခွင့်ကောင်းယူပြီး ယနေ့အချိန်ထိ စင်္ကာပူ အစိုးရဘက်မှ ၎င်း၏ PR Status ကို ရုပ်သိမ်းလိုက်ကြောင်း တရားဝင် ထုတ်ပြန်ပေးခြင်း မရှိပဲ ၎င်း၏ CPF (Central Provident Fund) (သို့) စုငွေကို ထုတ်ယူစေရန် ညွှန်ကြားပြီး စင်္ကာပူနိုင်ငံမှ မိမိ သဘောဆန္ဒအရ ထွက်ခွာသွားသည့် ပုံစံမျိုး ဖြစ်စေရန် အတင်းအကြပ် တွန်းအားပေး လုပ်ဆောင်ခြင်း ခံနေရပါသည်။
(ပုံမှန်အားဖြင့် ထိုသို့ မှားယွင်းစွာ ဖြည့်စွက်မှုကြောင့် ဖြစ်ပေါ်လာသော ကိစ္စများ စင်္ကာပူနိုင်ငံတွင် အနည်း နှင့် အများ ရှိကြပါသည်။ အများအားဖြင့် PR နှင့် PR မှီခို၊ EP မှီခို၊ ကျောင်းသား မှီခို လျှောက်ထားသူများ၊ လျှောက်နေစဉ်ကာလမှာပင် ဖြစ်ပေါ်တတ်ပါသည်။ ယခုကဲ့သို့ (၅)နှစ်ကြာမှ အထူးတလည် ပြန်လည် စစ်ဆေးမှုမျိုး မြန်မာအသိုင်းအ၀ိုင်းတွင် မကြားဖူးပါ။ သာမန်အားဖြင့် Permanent Resident တစ်ယောက် သည် တော်ရုံ ရာဇ၀တ်မှု တစ်ခုခု ကျူးလွန်ခဲ့လျှင်ပင် ကျသင့်သော အပြစ် ပေးဆပ်ပြီးပါက မိမိ၏ ပညာ၊ အရည်အချင်း ၊ ကြိုးစားမှုကြောင့် ရရှိလာသော PR Status အတိုင်း ပြန်လည် နေထိုင်ခွင့် ရကြပါတယ်။ ယခုကိစ္စသည် ရာဇ၀တ်မှု (Criminal) မဟုတ်ပဲ သာမန်ကျူးလွန်မှု (Offense) မျှသာ ဖြစ်သောကြောင့် ယခုကဲ့သို့ ဆက်ဆံ ကိုင်တွယ် ဖြေရှင်းမှုအား ခိုင်လုံသော အကြောင်းပြချက် ပေးသင့်ပါသည်။)
၅။ ကိုသူရိန်ဝင်း
၎င်းသည် စင်္ကာပူနိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုများတွင် တစ်နိုင်တစ်ပိုင် တစ်သီးပုဂ္ဂလ ပါဝင်လှုပ်ရှားလျှက် ရှိရာမှ Referendum အတွက် Signature Campaign လှုပ်ရှားမှုမှ စတင်ကာ တက်တက်ကြွကြွ စုပေါင်း လုပ်ဆောင်လာခဲ့ပြီး နာဂစ် လေဘေး ကယ်ဆယ်ရေးတွင်လည်း ပြည်တွင်းသို့ ပြည်လည် ၀င်ရောက် ကူညီခဲ့သူဖြစ်သည်။
၎င်းသည် Assistant Engineer ၊ S pass holder အဖြစ် လုပ်ကိုင်နေပြီး မြန်မာပြည်မှ နာဂစ် လေဘေး ကယ်ဆယ်ရေးလုပ်ပြီး ပြန်လာချိန်၌် ICA မှ ၎င်း၏ PR Application အတွက် (၆)ရက်၊ ဇွန်လ၊ ၂၀၀၈ တွင် Interview ရန် စာဖြင့်ဆင့်ခေါ်သောကြောင့် သွားရောက်ချိန်တွင် ၎င်းအား ပြည်ပရောက် မျိုးချစ်မြန်မာများ နှင့်ပတ်သက်သော အထူးသဖြင့် ခေါင်းဆောင်ပိုင်း၊ လူအင်အား၊ အစည်းအဝေး လုပ်ရာနေရာ၊ အဖွဲ့အစည်း တည်နေရာ အစရှိသော မေးခွန်းများ၊ အခြားသော နိုင်ငံရေး အဖွဲ့အစည်းများ၊ ၎င်း၏နိုင်ငံရေး လှုပ်ရှားမှုများ မေးမြန်းခြင်းနှင့် ၄င်း၏ PR Application အား Reject လုပ်ပြီး S Pass ကိုလည်း ပြန်ရုပ်သိမ်းပါက မည်သို့ သဘောရကြောင်း (၂) နာရီ (၃၀) မိနစ်ကြာ Officer (၂)ယောက်မှ လှည့်ပတ် မေးမြန်းခြင်း ခံခဲ့ရပါသည်။
၎င်းသည် လက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီထက် အခွင့်အလမ်း၊ လစာ ပိုမို ကောင်းမွန်သော ကုမ္ပဏီတစ်ခု မှ အလုပ်တစ်ခုကို ရှာဖွေရရှိခဲ့ပြီး ၎င်းကုမ္ပဏီမှ (၁၇)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် Employment Pass လျှောက်ထားပေးခဲ့သော်လည်း ယနေ့တိုင် တိကျသော အဖြေ မသိရှိရသေးပါ။
၆။ မငွေဇင်စိုး
၎င်းသည် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော မြန်မာ့အရေး လှုပ်ရှားမှုများတွင် Orchard Protest မှလွဲ၍ Referendum အပါအ၀င် ကျန်သော နိုင်ငံရေး လှုပ်ရှားမှုများ နှင့် နာဂစ် လေဘေး ရံပုံငွေ ရှာဖွေခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်ပြီး Tanglin Police Station ၏ ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါသည်။
၎င်းသည် စင်္ကာပူနိုင်ငံ Temasek Polytechnic မှ ၂၀၀၃ ခုနှစ်တွင် ကျောင်းပြီးခဲ့သော PR တစ်ယောက် ဖြစ်ပြီး Engineering Company တစ်ခုတွင် အဆက်မပြတ် လုပ်လာခဲ့သူ ဖြစ်ပြီး ၎င်း၏ Re-Entry Permit သက်တမ်းမှာ (၁၁)ရက်၊ စက်တင်ဘာလ၊ ၂၀၀၈ တွင် ကုန်မည် ဖြစ်သဖြင့် (၂၁)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် စာရွက်စာတမ်း အပြည့်အစုံဖြင့် သွားရောက် သက်တမ်း တိုးခဲ့ရာ ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ မပြောပဲ ချက်ချင်း တိုးမပေးနိုင်ကြောင်း၊ နောက်မှ ပြန်ဆက်သွယ်ပါမည်ဟုသာ ပြောကြားပြီး ယနေ့အထိ ၎င်းကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားခြင်း မရှိ သေးပါ။
(ပုံမှန်အားဖြင့် စာရွက်စာတမ်း ပြည့်စုံပြီး အလုပ်ပုံမှန် လုပ်ကိုင်နေသူ ဖြစ်ပါက မိနစ် (၃၀) အတွင်း ပြီးစီးသော လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ပါသည်။ ၎င်း ပါမစ်အား သက်တမ်း မကုန်ခင် (၆) လ အလိုတွင် စတင် တိုးနိုင်သကဲ့သို့ သက်တမ်းကုန်သော်လည်း စင်္ကာပူနိုင်ငံမှ မထွက်ခင်ထိ တိုးနိုင်ပါသည်။)
၇။ ကိုဝဏ္ဏစောသိန်း နှင့် ၈။ မအေးသန္တာ
၎င်းတို့ ဇနီးမောင်နှံသည် စင်္ကာပူနိုင်ငံတွင် မြန်မာ့အရေး လှုပ်ရှားမှုများအား ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင် နိုင်ငံရေးနှင့် ပတ်သက်၍ ကြိုကြားကြိုကြား ပြုလုပ်သော အထိမ်းအမှတ်ပွဲလေးများမှ အစ Orchard လမ်းမပေါ် ဆန္ဒပြမှု၊ Referendum တွင် “NO Campaign” လှုပ်ရှားမှု အစရှိသော လှုပ်ရှားမှုတိုင်းတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ ဖြစ်ကြပြီး Tanglin Police Station ၏ ခေါ်ယူ စစ်ဆေးခြင်း ကို ခံရသူများလည်း ဖြစ်သည်။
ကိုဝဏ္ဏစောသိန်းသည် National University of Singapore မှ ကျောင်းပြီးသော PR ၊ Engineer တစ်ယောက် ဖြစ်ပြီး ၎င်း၏ အမျိုးသမီးမှာ ၎င်းကို မှီခို၍ PR ဖြစ်လာကာ Accountant အဖြစ် အလုပ်ကို ဆက်တိုက် လုပ်ကိုင်နေကြသူများ ဖြစ်ပါသည်။ ၎င်းတို့၏ Re-Entry Permits သည် (၁၅)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် သက်တမ်း ကုန်ဆုံးခဲ့ပြီး (၂)ရက်၊ သြဂုတ်လ၊ ၂၀၀၈ တွင် သက်တမ်း သွားတိုးခဲ့ရာ ယခင် တစ်ယောက်အတိုင်း ခိုင်မာသော အကြောင်းပြချက် မပေးပဲ ယခုချက်ချင်း တိုးမပေးနိုင်ကြောင်း၊ ပြန်ဆက်သွယ်ပါမည်ဟုသာ ပြောပြီး ယနေ့ထိ တိုးမပေးသေးပါ။
Re-Entry Permits သက်တမ်း ကုန်သွားပြီ ဖြစ်သောကြောင့် မိမိနိုင်ငံပြန်ရန် (သို့) အခြားနိုင်ငံထွက်ခွာပါက ပြန်ဝင်ရန် အခက်အခဲ ကြုံတွေ့နိုင်သောကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရပါသည်။
၉။ ကိုစိုးထွန်း
၎င်းသည် စင်္ကာပူနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးမှ စတင် လှုပ်ရှားခဲ့သော မြန်မာ့အရေး လှုပ်ရှားမှုတိုင်း တွင် စိတ်ရောကိုယ်ပါ ပါဝင် လှုပ်ရှားခဲ့သူ တစ်ယောက် ဖြစ်သကဲ့သို့ ရွှေဝါရောင် တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြရန် Handphone ဖြင့် စတင် လှုံ့ဆော် သတင်းဖြန့်ခြင်းကြောင့် စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာနမှ ခေါ်ယူ စုံစမ်းမေးမြန်းခြင်း စတင် ခံခဲ့ရပြီး Orchard Protest နှင့် Referendum အပါအ၀င် အခြားထင်ရှားသော လှုပ်ရှားမှုများ ပြုလုပ်ရန် သတင်းကြားတိုင်း Tanglin Police Station ၏ ဖုန်းဖြင့် သတိပေးခြင်း၊ ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများကို အများနည်းတူ ခံရသူလည်း ဖြစ်သည်။
၎င်းသည်လည်း Temasek Polytechnic မှ ၂၀၀၂ ခုနှစ်တွင် ကျောင်းပြီးသော PR တစ်ယောက်ဖြစ်ပြီး ယခင်က Engineering Company နှစ်ခုတွင် လုပ်ကိုင်ခဲ့သော်လည်း လက်ရှိတွင် Real Estate Company တစ်ခု၌ Senior Associate Manager အဖြစ် လုပ်ကိုင်နေပါသည်။ ၎င်း၏ Re-Entry Permit သက်တမ်းမှာ (၃၁)ရက်၊ အောက်တိုဘာလ၊ ၂၀၀၈ တွင် ကုန်ဆုံးမည် ဖြစ်သည်။
(၂၃)ရက်၊ ဇူလိုင်လ၊ ၂၀၀၈ တွင် ကလေးကျောင်းထားရန် လာစုံစမ်းသော အသိ မိတ်ဆွေတစ်ယောက်၏ Social Visit Pass သက်တမ်းတိုးရန် စပွန်ဆာလုပ်ပေးခဲ့ပါသည်။ ထိုမိတ်ဆွေက ICA သို့ သွားလျှောက်သောအခါ Immigration Officer မှ ၎င်း၏ လျှောက်လွှာတွင် မှားယွင်းမှု တစ်ခုခု ဖြစ်နေ၍ တိုးမပေးနိုင်ကြာင်း ပြောကြားသည့်အတွက် အကျိုးအကြောင်း မေးမြန်းခဲ့ရာ ပြဿနာမှာ စပွန်ဆာကြောင့် ဖြစ်၍ လဲလျှောက်ရန် လိုကြောင်း၊ သို့မဟုတ်ပါက မည်သို့မှ တိုးမပေးနိုင်ကြောင်း ပြန်ဖြေကြားခဲ့ပါသည်။
(လက်ရှိ တရားဝင် ကိုင်ဆောင်ထားသော၊ ၎င်းတို့ ကိုယ်တိုင် ထုတ်ပေးထားသော PR IC ကဒ်မှာ အများနည်းတူ မဟုတ်ပဲ တစ်ခုခု မှားယွင်းနေသည် ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်နေပါသည်။)
၁၀။ ၁၁။ ၁၂။ ၎င်းတို့၏ နာမည်များနှင့် အချက်အလက်များကို ယခုအချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ဖော်ပြရန် အဆင်သင့် မဖြစ်သေးပါ။
၎င်းတို့ (၃)ဦးမှာ မိန်းကလေးများ ဖြစ်ကြပြီး (၂)ဦးမှာ စင်္ကာပူနိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှုတိုင်း၌ တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်ပြီး ကျန်တစ်ဦးမှာ Referendum နှင့် နာဂစ် လေဘေး ကယ်ဆယ်ရေး လှုပ်ရှားမှုများ၌ တက်ကြွစွာ ပါဝင်ခဲ့သူတို့ ဖြစ်သည်။ Temasek Polytechnic မှ Engineering ဖြင့် ကျောင်းပြီးကြသော PR များ ဖြစ်ကြပြီး နှစ်ဦးမှာ Engineering Field တွင် အလုပ် လုပ်နေကြသော်လည်း တစ်ဦးမှာ လက်ရှိတွင် NUS ၌ ကျောင်းဆက်တက်နေပါသည်။
၎င်းတို့ (၃)ဦးသည်လည်း Re-Entry Permit သက်တမ်းတိုးရန် လျှောက်ထားရာတွင် အများနည်းတူ သက်တမ်းတိုးခွင့် မရရှိသေးပဲ စောင့်ဆိုင်းနေကြရသူများ ဖြစ်ကြပြီး တစ်ယောက်မှာ ဧပြီလ၊ ၂၀၀၈ တွင် သက်တမ်း ကုန်ခဲ့ပြီး နောက်တစ်ယောက်မှာ ဇူလိုင်လ၊ ၂၀၀၈တွင် သက်တမ်း ကုန်သွားခဲ့သဖြင့် အခြားနိုင်ငံများသို့ မိမိတို့၏ ပညာရေး၊ လူမှုရေးကိစ္စတို့ကြောင့် သွားရောက်ရန် ရှိခဲ့သော်လည်း ICA နှင့် မေးမြန်းစုံစမ်းချက်အရ ပြန်ဝင်ခွင့် ဗီဇာရရန် မသေချာခြင်း၊ ၎င်းတို့၏ PR Status ပျက်ပြယ်သွားမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် မည်သည့်နိုင်ငံကိုမှ ထွက်ခွာခြင်း မပြုနိုင်ပဲ စင်္ကာပူနိုင်ငံ အတွင်း၌သာ ခြေချုပ် မိနေပါသည်။ ကျန်တစ်ယောက်မှာလည်း ၂၀၀၈၊ သြဂုတ်လ အတွင်း သက်တမ်း ကုန်တော့မည် ဖြစ်သည်။
(ပုံမှန်အားဖြင့် PR တစ်ယောက်သည် Re-Entry Permit သက်တမ်း မတိုးဖြစ်ခင် (သို့) မတိုးပဲ အရေးပေါ် ကိစ္စတစ်ခုခုကြောင့် စင်္ကာပူနိုင်ငံမှ ထွက်ခွာသွားပါက Re-Entry Visa လျှောက်ထားကာ ပြန်လည် ၀င်ရောက်လာနိုင်ပြီး မိမိ ရရှိထားသော PR Status ကို လွယ်ကူစွာ ပြန်လျှောက်ယူနိုင်သော်လည်း စင်္ကာပူအစိုးရမှ Re-Entry Visa ပေးရန် ငြင်းပယ်ခဲ့ပါက (သို့) စင်္ကာပူနိုင်ငံသို့ ပြန်မ၀င်နိုင်ပါက PR Status သည် အလိုလို ပျက်ပြယ်သွားနိုင်ပါသည်။ ထိုသို့ Re-Entry Visa ပေးခြင်း၊ မပေးခြင်းမှာ ICA ၏ ကြောက်စရာ လက်သုံးစကားဖြစ်သော … case by case basic , subject to approval … ဖြစ်ပေသည်။)
သုံးသပ်ချက်
စင်္ကာပူနိုင်ငံ၏ အကျိုးစီးပွားအား ထိခိုက်အောင် မည်သည့်အချိန်ကမှ ရည်ရွယ် လုပ်ဆောင်ခြင်း မရှိဘဲ မြန်မာ့အရေးကိစ္စကိုသာ မျိုးချစ်စိတ်ဓါတ် တစ်ခုတည်းဖြင့် အာရုံစိုက်ကာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့ကြသော မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများသည် အများနည်းတူ စင်္ကာပူနိုင်ငံတွင် မိမိတို့၏ ပညာ၊ အရည်အချင်း၊ အချိန် နှင့် ငွေကြေး ရင်းနှီးမှုတို့ ပေါင်းစပ်ပြီးမှ ထို Status များကို ထိုက်တန်စွာ ရရှိလာခြင်း ဖြစ်သည်။
သို့ရာတွင် စင်္ကာပူနိုင်ငံ ထောက်လှမ်းရေး ဋ္ဌာန နှင့် Tanglin Police Station ၏ ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများ ခံခဲ့ရသော မျိုးချစ်မြန်မာများတွင်မှ ပုံမှန် မဟုတ်သော ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်နေခြင်းမှာ မည်သည့်နည်းနှင့်မျှ တိုက်ဆိုင်သော ဖြစ်ရပ်၊ ရိုးသားသော လုပ်ရပ် မဖြစ်နိုင်ပါ။ အခြားသော မျိုးချစ်မြန်မာများသည်လည်း ယခုအချိန်တွင် ၎င်းတို့၏ Pass များ၊ Re-Entry Permit များ သက်တမ်းမကုန်သေးသော်လည်း မကြာမီ် တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ကုန်လာတော့မည် ဖြစ်ပါသည်။
သို့ဖြစ်၍ ထိုသို့ သိက္ခာ မရှိသော လုပ်ရပ်ဖြင့် န အ ဖ အလိုကျ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများအား စနစ်တကျ တတိတိ ဖြိုခွဲနေခြင်းအား နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ သိရှိပြီး ၎င်းတို့၏ မှုမမှန်သော လုပ်ရပ်အား ရှုတ်ချရန် နှင့် ရပ်တန့်အောင် ၀ိုင်းဝန်း လုပ်ဆာင်ပေးကြပါရန် ရွှေမြန်မာ အပေါင်းတို့ အား တိုက်တွန်း နှိုးဆော်အပ်ပါသည်။
Posted by Baganland at 5:49 PM 0 comments
Labels: စင်္ကာပူ
စည်းကမ်းသည်လူဧ။်တန်ဘိုး
ပင်နီဆူလာပလာဇာမှာ ရှိတဲ့ မြန်မာစတိုးဆိုင် နဲ့ လက်ဖက်ရည်ဆိုင် တွေမှာ ကွမ်းယာ ကြိုက်တတ်သူများအတွက် ကွမ်းယာ ရောင်းချပေးနေကြတာ အားလုံးသိကြမှာပါ။ အဲဒီကွမ်းယာထဲမှာ ပါတဲ့ မြန်မာဆေး ဆိုတာက စလုံး ဆေးရွက်ကြီး ဥပဒေနဲ့ ညိစွန်းနေမယ် ဆိုတာ ခန့်မှန်းနိုင်ကြမှာပါ။ စလုံးဆိုတာက ဆေးရွက်ကြီး ဆေးလိပ်နဲ့ ပက်သက်ရင် စည်းကမ်းက တင်းကျပ်တာကလာ...
အဲဒီဆိုင်တွေမှာ သုံးနေတဲ့ မြန်မာဆေးကလည်း ဘန်းကျော်ကနေ နည်းမျိုးစုံနဲ့ သွင်းခဲ့ရတာပါ။
ဒီနေ့တော့ ဘန်းကျော်က လာတဲ့ လူတွေဆီမှ ကယ်ရီလုပ်ပြီး သွင်းလာတဲ့ မြန်မာဆေး တွေကို ချန်ဂီလေဆိပ်မှာ ရှာဖွေတွေ့ရှိသွားတယ်လို့ သိရပါတယ်။ အဲဒီကတဆင့် မည်သူအတွက် မည်သည့်ဆိုင်အတွက် သယ်ယူလာသည်ကို စစ်ဆေးပြီးသကာလ ပင်နီဆူလာ ရှိ ၄င်းနဲ့ ဆက်စပ်နေတဲ့ ဆိုင်တချို့ကို ၀င်ရောက် အရေးယူသွားတယ်လို့ ကြားသိရပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာဆေးနဲ့ပက်သက်ပြီး လက်ဘက်ရည်ဆိုင်တစ်ဆိုင်က အရေးယူ သတိပေးခံထားရတာ ကြားမိပါတယ်။ အခု အဲဒီဆိုင် အပါအ၀င် ဆိုင်တော်တော်များ ထိတယ်လို့ ကြားပါတယ်။
ကြားရမိသလောက် ဒဏ်ကြေး စလုံးငွေ ၁၀၀၀၀၀ ( တစ်သိန်း ) ဒဏ်ရိုက်ခံရတဲ့ဆိုင်ရှိသလို ထပ်မံ စည်းကမ်း ချိုးဖေါက်လို့ ဒဏ်ငွေ တစ်သိန်း အပြင် ကြိမ်ဒဏ်ပါ တပ်ခံရတဲ့ ဆိုင်လည်း ရှိပါတယ်လို့ ကြားပါတယ်။ ဘယ်ဆိုင်တွေလဲဆိုတာတော့ သိပေမဲ့ အမည်တပ်မရေးချင်တော့ပါဘူး။ သူတို့လည်း မြန်မာတွေပဲမို့ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
နောက်ရက်တွေကစပြီး စီးတီးဟောမှာ မြန်မာရိုးရာ ကွမ်းယာ ရောင်းဖို့ မျှော်လင့်ချက်နည်းသွားပါပြီး... မြန်မာဆေးကလွဲပြီး ကွမ်းရွက်၊ ကွမ်းသီး နဲ့ တခြားဟာတွေကတော့ ရောင်းလို့ရပါတယ်တဲ့။ အိန္ဒိယကွမ်းစားဆေးတွေလည်း တားမြစ်ထားပါတယ်။ အလိုဆိုတော့ ကွမ်းယာအချိုပဲ ရောင်းလို့ ရနိုင်တော့မှာ...
အနော် တွေးကြည့်သလောက်ကတော့ ဆေးရွက်ကြီး ဥပဒေကြောင့် အပြင်.. ကွမ်းတံတွေး မဆင်မခြင်ထွေးတဲ့ အကြောင်းအရင်းကြောင့်လည်း အခုလို ဖြစ်လာတာ လို့ ယူဆပါတယ်။
ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်ပေမဲ့လည်း... စည်းကမ်းဆိုတာ အတိအလင်း သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ စည်းကမ်း ဖောက်လို့ အရေးယူခံရတာ အသေအချာပဲ လို့ဆိုချင်ပါတယ်။
အနော်တို့ ရွှေမြန်မာတွေ အနေနဲ့လည်း တတ်နိုင်သလောက် အသေးအဖွဲဆိုပြီး မဆင်မခြင် စည်းကမ်းမဖောက်မိကြဖို့ သတိလေးထားကြဖို့ ပြောပြချင်တာပါပဲဗျာ။ ရေမြေခြားရောက်နေပေမဲ့ မြန်မာပြည်သား အနော်တို့က နိုင်ငံကို ကိုယ်စားပြုထားတဲ့သူတွေပဲလေ။
Source: MyanmarCupid
Posted by Baganland at 5:22 AM 0 comments
Labels: စင်္ကာပူ
စင်္ကာပူ PR တင်မယ်ဆိုရင်
အလုပ်လုပ်တာ အနဲဆုံး သက်တမ်း (၆)လ ရှိပြီဆိုရင် ပီအာ (အမြဲတမ်းနေထိုင်ခွင့် ၅နှစ်သက်တမ်း) တင်ခွင့်ရှိပါတယ်။ တင်ခွင့်ရှိတယ်လို့ဆိုလိုတာနော် ရမယ်မရဘူးဆိုတာကတော့ သိပ်ပြီးတော့ စိတ်မမှန်တဲ့ စလုံးတွေအပေါ်မူတည်တယ်။ အိုကေ စတင်တော့မယ်ဆိုရင် ဘာတွေလိုအပ်မလဲဆိုတော့ (၁) ၆လစာ Pay slip ပရင့်ထုတ်ပါ။ (၂) အိမ်ထောင်စုဇယား ၊ ဘွဲ့လက်မှတ်၊ ဆယ်တန်းအောင်လက်မှတ်၊ မွေးစာရင်း၊ မှတ်ပုံတင်၊ အိမ်ထောင်ရှိလျှင် လက်ထပ်စာချုပ်၊ ကလေးမွေးစာရင်း နဲ့အခြား အောင်လက်မှတ်များ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက နိုတြီပြန်တဲ့နေရာမှာ တရားဝင်ရှေ့နေဖြစ်ဖို့ နဲ့ တစ်ခါတစ်လေ မိဘမွေးသက္ကရာဇ်က မြန်မာလိုဖြစ်နေတတ်တယ် အင်္ဂလိပ်လိုဖြစ်ရပါမယ်။ တော်ကြာ နင်တို့မိဘတွေက အသက်ရာကျော် ထောင်ကျော်တွေပါလားဆိုပြီးတော့ ပြန်လုပ်ခိုင်းရင် အချိန်အလကားကုန်တယ်။ ကဲ..အဲဒါတွေ အားလုံးစုံပြီဆိုရင် အွန်လိုင်းကနေ ICA ၀က်ဆိုဒ်ထဲကိုဝင် http://www.ica.gov.sg/page.aspx?pageid=151&secid=150 အဲဒီလင့်ခ်က နေ Form4A ဆိုတာကို ဆွဲချ ပရင့်ထုတ်။ ပြီးရင်ဖောင်ဖြည့် ဓာတ်ပုံကမြန်မာပြည်က ရိုက်လာတဲ့ပုံတွေမသုံးပါနဲ့။ ဒီမှာသီးသန့် ပြန်ရိုက်ပါ။ အိုင်စီအေ မှာလည်းရိုက်လို့ရတယ်။ ဖောင်ဖြည့်တဲ့နေရာမှာ လက်ရေးလက်သားကို မလှရင်နေပါ ရှင်းနေအောင်ရေးပါ အကောင်းဆုံးကတော့ ဖောင်မဖြည့်ခင် မိတ္တူအပိုဆွဲထား တာပိုကောင်းတယ်။
ပြီးတော့ အလုပ်အ လုပ်အကိုင်နဲ့ ပညာရေးမှာ တစ်နှစ်နဲ့တစ်နှစ်တစ်အားကြီး ကွာမနေပါစေနဲ့။ ဥပမာ။ ။ ၂၀၀၀ ခုနှစ်မှာကျောင်းပြီးတယ် ၂၀၀၂ ခုနှစ်မှာအလုပ်ဝင်တာကို ပြထားမယ်ဆိုပါတော့ သူတို့ကမေးလိမ့်မယ် ကြားထဲက နှစ်တွေမှာဘာလုပ်နေသတုံးပေါ့။ အဲဒီတော့ အဲဒါတွေကိုသတိထားပါ။ ဖြည့်စရာမလိုတဲ့/ဖြည့်ဖို့ကိုယ်နဲ့မဆိုင်တဲ့နေရာ တွေမှာ ကွက်လပ်မထားခဲ့ပါနဲ့ N.A ဆို ပြီးတော့ရေးထဲ့ပါ။ အားလုံးဖြည့်ပြီးသွားရင် အနဲဆုံး ၃ ကြိမ်လောက်ပြန်စစ်ပါ။ စာလုံးပေါင်းတွေ အချက်အလက်တွေကို။ အော်ပြီးတော့ တစ်ခုရှိသေးတယ် ပုံမှန်အားဖြင့်ဆိုရင် ပီအာတင်ရင် ကိုယ်လက်ရှိအလုပ်လုပ်နေတဲ့ ကုပ္မဏီက ထောက်ခံ ပေးရတယ် သူတို့တံဆိပ်တုံးတွေ CPF တွေဘာညာတွေ ဖြည့်ပေးရတယ်။ ဒီနေရာမှာ တစ်ချို့ကုပ္မဏီက လုပ်ပေးတယ် တစ်ချို့ကလုံးဝလုပ်မပေးဘူး ဒါလည်း ပြသနာမရှိပါဘူး ICA မှာဖောင်တင်တော့ ကိုယ့်ဟာကိုတင် တာလို့ပြောလိုက် လက်ခံတယ်။ ဟုတ်ပြီလား။ ကဲ..ဖောင်တွေလည်းဖြည့်ပြီးပြီ စာရွက်စာတမ်းလည်းစုံပြီ ဆိုရင်တော့ ဘယ်လိုတင်မလည်း ဆိုတာရွေးတော့။ တစ်ခုက မနက်စောစောသွားပြီး တန်းစီတာ၊ အင်း…ဒီနည်းက အိပ်ရေးပျက်တယ် အချိန်ကုန်တယ် ကို့ထက်ဦးတဲ့သူတွေကြီးပဲ စနေလိုနေ့မျိုးဆို လူ ၁၂၀ ပဲလက်ခံတာ။ ကိုယ့်အလှည့်ကျမှ ပြန်ချိန်းရင် ပင်ပန်းတယ်။ ဒီတော့ ICA ၀က်ဆိုဒ်ထဲမှာပဲ E-appointment ဆိုတာကိုရှာ ကလစ်နှိပ်ပြီးတော့ ရက်နဲ့ အချိန်နဲ့ရွေးပေးလိုက် ပြီးရင် submit လုပ် ပရင့်ထုတ်ဖို့တော့မမေ့နဲ့ အဲဒီမှာ barcode ပါတယ်။ ကဲဒါဆို အဆင်သင့်ပဲ။ ဂိုးလို့ရပြီ ICA ကို။ ICA ရုံးကိုရောက်ရင် ၅ ထပ်ကိုတက်သွား ပြီးရင် Queue Machine ၂ လုံးချထားတာတွေ့လိမ့်မယ် အဲဒီမှာ ကိုယ့်ရဲ့ အပိုင့်မန့်စာရွက်ကို scan ဖတ် ပြီးတော့ screen က e-appointment ဆိုတာကို လက်ညှိုးလေးနဲ့ သာသာထောက်လိုက် (တော်ကြာမှန်ကွဲသွားလို့ လျှော်နေရဦးမယ်)။ အဲဒါဆို Queue စာရွက်ကလေးထွက်လာလိမ့်မယ် ဒါဆို စာရွက်က ကိုယ့်နံပတ်ကိုကြည့် ကောင်တာ ဘယ်လောက်ကနေဘယ်လောက်အတွင်း ဆိုတာလည်း ပါလိမ့်မယ်။ ထိုင်စောင့်ပေတော့ အပိုင့်မန့်လုပ်ထားလို့ သိပ်မကြာဘူး ၁၀ မိနစ်လောက်ပဲကြာလိမ့်မယ်။ ကိုယ့်ရှေ့က တီဗွီစက၇င်မှာ ကောင်တာနံပတ်နဲ့ အမှတ်စဉ်ပေါ်လာရင် သက်ဆိုင်ရာကောင်တာကိုသွား။ ဂွတ်မောနင်းတို့..အာဖတာနွန်းတို့ ပစ်လုပ် လုပ်ပလိုက် ကံကောင်းရင် မင်္ဂလာပါလို့ ပြန်ပြောလိမ့်မယ်။ အဟဲ..ပြီးတော့ တစ်ကယ်လို့ ကုပ္မဏီစပွန်စာ မပါလည်း ကိုယ့် ဟာကိုယ်တင်တာလို့ပြောလိုက် အိုကေတယ်။ ပြီးရင် လက်မှတ်တွေကို မူရင်းနဲ့တိုက်လိမ့်မယ် ပြီးတော့ သူတို့လက်ခံပြီဆို ရင် စလစ်တစ်စောင်ထုတ်ပေးလိမ့်မယ်။ ပျမ်းမျှ ၃ လကြာပါလိမ့်မယ်။ ကံကောင်းရင် တစ်လခွဲလောက်နဲ့ရတယ်။ အဲကံက နဲနဲလေးမကောင်းရင် ၃လ သို့မဟုတ် ၆လ ထပ်စောင့်ခိုင်းတယ်။ အဲဒိထက်ကံဆိုးရင်တော့ ၃ နှစ်လည်းမသေချာဘူးဗျ။ ကျွန်တော်ကြားသလောက်ကတော့ မိန်းမ၊ခလေး နဲ့မိသားစုရှိတဲ့သူတွေဆို ပိုပြီးတော့အကျမြန်သတဲ့။ လူပျိုကြီးများ စလုံးမ ၂ ယောက်လောက်နဲ့ ကလေး တစ်ဒါဇင်လောက် အရေးပေါ်ယူပြီးတင်ကြလေကုန်။
Posted by Baganland at 5:55 PM 0 comments
Labels: စင်္ကာပူ
စင်္ကာပူတွင်အလုပ်ရှာနေသူများအတွက်သတိပြုစရာ
Novick Trading And Consultancy
200 Jalan Sultan #10-05 Textile Centre
Singapore 199018
Ms Jolin Koh (၉၈၄၈၂၉၀၂)
အထက်ဖော်ပြပါ Companay နာမည်နှင့် အမျိုးသမီးငယ် သည် Straite Time သတင်းစာတွင် Admin နှင့် Various IT position အလုပ်များကို ထဲ့သွင်းကာ လာလျှောက်သမျှလူတိုင်းအား စင်္ကာပူဒေါ်လာ ၂၀၀ တောင်းယူပြီး အလုပ်ခန့်ကာ S pass တင်ပေးနေပါသည်။ ကျွန်တော့် ကိုယ်တွေ့အရ သူငယ်ချင်း ၃ ယောက် သီးခြားစီ အလုပ်သွားလျှောက်ရာ အင်တာဗျူးခေါ်ပြီး လုပ်ငန်းနှင့်ပတ်သက်သည်များကို မေးမြန်းခြင်းမရှိဘဲ ငွေ ၂၀၀ တောင်းယူပြီး spass တင်ပေးလိုက်ပါသည်။ သို့သော် ၃ ယောက်စလုံး Rejected ဖြစ်ပြီး Appeal letter ထပ်တင်ပေးမည်ဟု ပြောပါသည်။ ၁လ ကျော်သော်လည်း မထူးခြားသဖြင့် မသင်္ကာသောကြောင့် MOM တွင်သွားရောက်စုံစမ်းသောအခါ Officer မှ ၄င်း company သည် သက်ဆိုင်ရာ စာရွက်စာတမ်းများ ဘဏ်အကောင့်များ တင်ပြခြင်းမရှိဘဲ လူပေါင်းများစွာကို pass တင်ပေးထားကြောင်း၊ Appeal letter လည်းတင်ထားခြင်းမရှိကြောင်း သိရပါသောကြောင့် နောင်လာနောက်သားများ သတိပြုစေရန် တင်ပြလိုက်ပါသည်။
Posted by Baganland at 7:44 PM 0 comments
Labels: စင်္ကာပူ
စင်္ကာပူမှ မြန်မာမလေးတစ်ယောက်ရဲ့ အဖြစ်ဆိုး
ဝမ်းနည်းစရာ သတင်းလေးတစ်ပုဒ်ပါ။ စင်္ကာပူမှာ အိမ်ဖော်အဖြစ်နဲ့ အလုပ်လုပ်နေတဲ့ မခင်ချိုဦး (၃၃နှစ်) ဆိုတဲ့ ကျွန်တော်တို့ မြန်မာမလေးတစ်ယောက်ဟာ သူမအလုပ်လုပ်နေတဲ့ Woodland drive မှာရှိတဲ့ သုံးထပ်ကနေ တွယ်ဆင်းထွက်ပြေးရာ မှာ လိမ့်ကျပြီး သေဆုံးခဲ့ရပါတယ်။ သူမဟာ အိမ်ထောင်ကွဲတစ်ယောက်ဖြစ် ပြီး ၄ နှစ်အရွယ် သမီးလေးတစ်ယောက် ကျန်ခဲ့ပါတယ်။ ပြီးတော့ သူမဟာ လွန်ခဲ့တဲ့ ၄ နှစ်က သမိုင်းအဓိကနဲ့ ဘွဲ့ ရခဲ့ပြီး ကွန်ပျူတာသင်တန်း လည်းတက်ဖူးခဲ့တယ် လို့ သူမရဲ့ အရင်အလုပ်ရှင် ကပြောပြပါတယ်။ ကျွန်တော်တို့ ဘယ်သူ့ကိုအပြစ်တင်ရမှာလည်းဗျာ ဒီလိုသတင်းမျိုး ဘယ်တော့ မှမကြားပါရစေနဲ့ မခင်ချိုဦး တစ်ယောက်လည်း ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးက ကင်းလွတ်ပါစေလို့ ဆုတောင်းပေးကြပါစို့။
Posted by Baganland at 1:36 PM 2 comments
Labels: စင်္ကာပူ