အခပေးစီးနင်းနိုင်မည့် ခရီးတိုအာကာသလွှတ်တင်ယာဉ် ထုတ်ဖော်ပြသ


အပျိုစင်ကြယ်စင်စု(Virgin-Galatic)ကုမ္ပဏီက တီထွင်သည့် ပထမဆုံးအခပေးစီးနင်းနိုင်မည့် အာကာသယာဉ်အား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ဗြိတိန်မှကုဋေကြွယ်ဆာရစ်ချက်ဘရန်ဆန်၏ အပျိုစင်ကြယ်စင်စုကုမ္ပဏီက အာကာသခရီးစဉ်သယ်ဆောင်ပေးမည့် လွှတ်တင်ယာဉ်အဖြူရောင်သူရဲကောင်း-၂ (White-KnightTwo)ကို အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်တွင် ပြသခဲ့သည်။

ခရီးစဉ်ကုန်ကျစရိတ်မှာ ဒေါ်လာနှစ်သိန်းဖြစ်သောကြောင့် လက်ရှိသွားလာနေကြသည့် နိုင်ငံတကာ အာကာသစခန်းခရီးစဉ် ကုန်ကျစရိတ်ဒေါ်လာသန်း ၂၀ ၀န်းကျင်နှင့် နှိုင်းယှဉ်ပါက သက်သာသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ခရီးတိုသာဖြစ်ပြီး နာရီအနည်းငယ်သာကြာမြင့်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ စာရင်းပေးထားသူဦးရေ ၂၅၀ကျော်ရှိသည်ဟု သိရသည်။ ပထမဆုံးခရီးစဉ်တွင် ဘရန်ဆန်ကိုယ်တိုင် ၎င်း၏မိသားစုနှင့်အတူ လိုက်ပါမည် ဖြစ်သည်။

''ကျွန်တော်တို့နဲ့အတူ ဒီပွဲမှာရှိနေကြတဲ့ ပထမမျိုးဆက်အာကာသခရီးသွားဖြစ်လာမဲ့သူတွေဟာ ကျွန် တော်တို့မြေကမ္ဘာရဲ့ အလှတရား၊ အလေးချိန်မဲ့လွတ်လပ်မှု၊ အာကာသရဲ့ မှောင်မိုက်မှု ခံစားနိုင်တော့မှာပါ'' ဟု ဘရန်ဆန်က ပြောကြားခဲ့သည်။

ခရီးစဉ်ကို လာမည့် ၁၈ လအတွင်း စတင်မည်ဖြစ်ပြီး ရက်အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။ လွှတ်တင်ယာဉ် အဖြူရောင်သူရဲကောင်း-၂ ဆောက်လုပ်မှုပြီးစီး၍ ပြသနိုင်ခဲ့ပြီဖြစ်သော်လည်း အာကာသယာဉ် SpaceShipTwo ဆောက်လုပ်မှုမှာ ပြီးစီးရန် လိုအပ်နေသေးသည်။ ပြီးစီးပါကလည်း စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

အဖြူရောင် သူရဲကောင်း-၂ လွှတ်တင်အာကာသယာဉ်အား ဘရန်ဆန်၏မိခင်အိဗ်အား ဂုဏ်ပြုသည့်အနေဖြင့် အိဗ်ဟု အမည်ပြောင်းလဲပေးခဲ့သည်။ လွှတ်တင်ယာဉ်သည် လေထုအထက်အမြင့်ပေ ၅၀၀၀၀ အရောက်တွင် အာကာသယာဉ် Spa-ceShipTwo အား ထပ်ဆင့်လွှတ်တင်ပေးမည် ဖြစ်သည်။

Spa-ceShipTwo သည် ကမ္ဘာအထက်အမြင့်ပေ မိုင် ၆၀ အထိမြင့်တက်မောင်းနှင်မည် ဖြစ်သည်။ အာကာသယာဉ်တွင် ယာဉ်မှူးနှစ်ဦးနှင့် ခရီးသည်ခြောက်ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Print this post

0 comments: