American Gangster

“မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ငွေရှာတော့မယ်လို့ ဆုံးဖြတ်ချက်ချထားရင်
ပထမဦးဆုံး မင်း လုပ်ရမှာက
အကောင်ကြီးတကောင်ကို
မင်းအိတ်ကပ်ထဲ ထည့်ထားနိုင်ဖို့ အရေးကြီးတယ်”

အယ်(လ်)ကပုန်း
(နယူးယောက် မာဖီးယားခေါင်းဆောင်)
အမေရိကန်အခြေစိုက် နယူးယောက် မာဖီးယားဂိုဏ်း ခေါင်းဆောင် အယ်(လ်)ကပုန်းဟာ သူ့ခေတ်သူ့အခါက အမေရိကန် မြေအောက် ဒုစရိုက်လောကမှာ အမျှော်အမြင် အရှိဆုံး ပုဂ္ဂိုလ်၊ အစိုးရနဲ့ ရဲအဖွဲ့က အကြီးအကဲ ပုဂ္ဂိုလ်တွေကို တန်စိုးလက်ဆောင် ပေးပြီး စည်းရုံးထားနိုင်သူ၊ ဒုစရိုက်လုပ်ငန်းကို organized crime အဖြစ် စနစ်တကျ လုပ်ကိုင်တတ်သူအဖြစ် နာမည်ကြီးပြီး အထက်ပါ စကားကတော့ သူ ထောင်မကျခင်မှာ သူ့အရိုက်အရာကို ဆက်ခံမည့် တပည့်ဖြစ်သူအား အကြံဥာဏ်ပေးခဲ့သည့် ကမ္ဘာကျော် စကားတခွန်း ဖြစ်သည်။အမေရိကန် မူးယစ်ရာဇာ ဖရန့်(စ်)လူးက(စ်)၏ ဘဝဇာတ်ကြောင်းကို Gladiator, Kingdom in Heaven, Black Hawkdown, A Good Year ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် နာမည်ကျော် ဒါရိုက်တာ ရစ်ဒလေစကော့က American Gangster အမည်ဖြင့် ရုပ်ရှင်ကားတကား ဖန်တီးခဲ့သည်။ ထိုဇာတ်ကားတွင် အော်စကာဆုရ သရုပ်ဆောင်များ ဖြစ်သည့် ရပ်ဆဲ(လ်)ခရိုးနှင့် ဒန်ဇယ် ဝါရှင်တန်တို့က အဓိက သရုပ်ဆောင်ထားပြီး ဂျော့(ရှ်)ဘရိုလင်နှင့် ကျူးဘား ဂူဒင်ဂျူနီယာတို့လည်း ပါဝင် သရုပ်ဆောင်ထားသည်။ အရှေ့တောင်အာရှရှိ နာမည်ကျော်ဒေသဖြစ်သည့် ရွှေတြိဂံဒေသမှ ဘိန်းဖြူများကို အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ခိုးဝှက်တင်သွင်းပြီး ဖြန့်ချိပုံကို ရိုက်ကူးတင်ဆက် ပြသထားခြင်း ဖြစ်သည်။

၁၉၆ဝ ပြည့်လွန်နှစ်များက နယူးယောက်ရှိ လူမဲအများစု အခြေချသော ဟာလမ် ရပ်ကွက်တွင် ဘမ်ပီဟု လူသိများသည့် လူရည်လည်သည့် လူမည်း အဲလ်ဝတ်ဂျွန်ဆင်တွင် ပါးရည်နပ်ရည်ရှိသော ဖရန့်(စ်)လူက(စ်) အမည်ရှိ ဒရိုင်ဘာတယောက် ဖြစ်သည်။ စိတ်ကူးဥာဏ်ဖြင့် အရာရာကို စဉ်းစား လုပ်ကိုင်တတ်မှုကြောင့် ထိုသူမှာ ဂျွန်ဆင်၏ ညာလက်ရုံးအဖြစ်သို့ တခဏအတွင်း ရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဂျွန်ဆင် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသည့်အခါ လူးက(စ်)က သူ့နေရာကို ဆက်ခံပြီး ဂျွန်ဆင်၏ ဒုစရိုက်လုပ်ငန်း အားလုံးမှ ငွေဝင်ပေါက် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး သူ၏ သြဇာနှင့် ဓနအင်အားကို တရုတ်ဗိုလ်ချုပ် တဦးမှတဆင့် တွေ့ဆုံခဲ့သည်။ ရွှေတြိဂံဒေသထွက် ဘိန်းဖြူများကို အမေရိကန်သို့ သယ်ဆောင်ရာတွင်လည်း အကိုဖြစ်သူ အကူအညီဖြင့် ဗီယက်နမ်ရှိ အမေရိကန် စစ်လေယဉ်များမှတဆင့် လျှို့ဝှက် သယ်ဆောင်ခဲ့သည်။ ပထမဦးဆုံး အကြိမ်တွင် ရွှေတြိဂံဘိန်းဖြူများကို ၁ဝဝ ကီလိုဂရမ်သာ စမ်းသပ် သယ်ဆောင်ခဲ့သည်။ တကြိမ်တွင်မူ ဗီယက်နမ် စစ်ပွဲတွင် ကျဆုံးသော အမေရိကန် စစ်သား ၇ ဦး၏ ရုပ်အလောင်း ထည့်ထားသော ခေါင်းတလားထဲတွင် ဘိန်းဖြူနှစ်တန်အထိ လျှို့ဝှက် သယ်ဆောင်ခဲ့သည်။

အမေရိကန် နိုင်ငံတွင်းသို့ ရောက်ရှိလာသော ဘိန်းဖြူများကို The Country Boys ဟု အမည်ပေးထားသည့် သူ၏ ညီအကို ၅ ဦး အပါအဝင် သူ၏ နောက်လိုက်နောက်ပါများနှင့် “အပြာရောင် မျက်လှည့်” ဟု အမည်ပေးထားသည့် ၄ဝ ရာခိုင်နှုန်းစစ်စစ် ဘိန်းဖြူများကို နယူးယောက်တလွှားတွင် ဖြန့်ချိ ရောင်းချခဲ့သည်။ ရွှေတြိဂံဒေသထွက် ဘိန်းဖြူများကို အမေရိကန်တွင် ကြားလူများ တဆင့်ခံထား၍ ရောင်းချခြင်းဖြင့် နေ့ချင်းညချင်း ကြီးပွားလာသည့် လူးက(စ်)မှာ မြောက်ကယ်ရိုလိုင်းနားမှ နယူးဂျာစီသို့ ပြောင်းရွှေ့ အခြေချနေထိုင်ပြီး သူ၏ မိထွေးဖြစ်သူကိုပင် တန်ဖိုးကြီး အိမ်ရာတလုံးကို မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးခဲ့သည်။ သူ၏ အကျိုးကို လိုလားသူများကို လိုလေသေးမရှိ ရက်ရောသော်လည်း သူ့အပေါ် သစ္စာမရှိသူ၊ လှည့်ဖျား ကောက်ကျစ်သူများကို သူကိုယ်တိုင်ပင် သွေးအေးအေးဖြင့် သုတ်သင် သတ်ဖြတ်လေ့ ရှိသည်။ ဟာလမ်တလွှားရှိ မြေအောက် ဒုစရိုက်လောကတွင် ပြိုင်ဘက်မရှိ တန်ခိုးကြီးထွားခဲ့ပြီးနောက် ပွာတိုရီကန်မှ လာရောက် အခြေစိုက်သော အလှပဂေးမလေး အီဗာကို လက်ထပ်ခဲ့သည်။

နယူးဂျာစီပြည်နယ် နီဝခ်အခြေစိုက် ရီချိရောဘတ်မှာ ဥပဒေအကြောင်းဆိုင်ရာ ကိစ္စတွင် သက်သေ သာဓကများ ခိုင်လုံအောင် စုံစမ်း ထောက်လှမ်းရသည့် ရဲစုံထောက်တဦး ဖြစ်သည်။ မိန်းမ လိုက်စားသည်ဟု သတင်းမွှေးလှသော ရစ်ချီမှာ ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးခါစ ဖြစ်ပြီး အဖော်ဖြစ်သူ ဂျေဗီးယားနှင့်အတူပင် နေထိုင်သည်။ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲရင်း ဂျေဗီးယား သေဆုံးသွားသည့်အခါ ရစ်ချီက လိုက်လံ စုံစမ်းရာမှ “အပြာရောင် မျက်လှည့်” ဟူသည့် ဘိန်းဖြူ အမျိုးအစားဖြစ်ပြီး၊ ထိုဘိန်းဖြူ ဖြန့်ချိသည့် လူကို ဖမ်းဆီးရမိပြီး နယူးဂျာစီ ရဲအဖွဲ့ အကြီးအကဲထံတွင် အကူအညီတောင်းကာ ထိုမူးယစ်ဆေးဝါး ဖြန့်ချိသူများအား လိုက်လံ စုံစမ်းလေသည်။ နောင်တွင် အမေရိကန် အထက်လွှတ်တော်အမတ် တဦးကပင် ပြည်သူ့ရန်သူ (Public Enemies) ဟု သတ်မှတ်ခဲ့ရသည့် ဖရန့်(စ်)မှာ ထိပ်တန်း ဘိန်းမှောင်ခိုတဦး ဖြစ်သော်လည်း ဥပဒေကို လေးစားလိုက်နာသူ၊ ဘာသာရေးကို ကိုင်းရှိုင်းသူဟု အခြားသူများ အထင်ရောက်အောင် ဖန်တီးထားသည်။ နယူးယောက်နှင့် နယူးဂျာစီ ပြည်နယ်များတွင် သူ၏ ဘိန်းဖြန့်ချိရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန် နယူးယောက် ရဲတပ်ဖွဲ့မှ နာမည်ကျော် ရဲစုံထောက် ထယူပို အပါအဝင် ရဲအရာရှိများကို ငွေကြေးဖြင့် စည်းရုံးထားသကဲ့သို့ အီတာလျံ မာဖီးယားအုပ်စုမှ ဖြစ်သည့် လူချက်ဆီ မိသားစု၊ နယူးယောက် မြေအောက်ထိပ်သီး တဦးဖြစ်သည့် နစ်ကီဘန်းတို့နှင့်လည်း မဟာမိတ် ပြုထားသည်။

၁၉၇၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရာစုနှစ်၏ အကောင်းဆုံး လက်ဝှေ့ပွဲဟု သတ်မှတ်ကြသည့် ဂျိုဖရေဇီယာနှင့် မိုဟာမက် အလီတို့၏ ပြိုင်ပွဲ (ထိုပြိုင်ပွဲတွင် ဂျိုဖရေဇီယာ အနိုင် ရရှိခဲ့သည်။) ကို သွားကြည့်သည့် နေ့တွင် ထိုပွဲအတွက် စုံစမ်း ထောက်လှမ်းရန် တာဝန်ယူထားသည့် ရစ်ချီက နယူးယောက် ထိပ်တန်း ဒုစရိုက်ခေါင်းဆောင်များနှင့်အတူ လက်ဝှေ့ပွဲကို ကြည့်ရှုနေသည့် ဖရန်(စ်)ကို မသင်္ကာ ဖြစ်သွားခဲ့သည်။ ထိုအချိန်မှာ ဖရန်(စ်)၏ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချရေး ကွန်ယက်ကို အခက်အခဲပေါင်း များစွာကြားမှ လိုက်လံ စုံစမ်းရာမှ နောက်ဆုံးတွင် ဖရန်(စ်)ကို သူကိုယ်တိုင် လက်ရ ဖမ်းမိခဲ့သည်။ တရားမဝင် မူးယစ်ဆေးဝါး တင်သွင်းမှု၊ ဖြန့်ချိရောင်းချမှုများ အပါအဝင် လူသတ်မှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်းများစွာ အပါအဝင် သေဒဏ်အထိ ကျခံနိုင်ဖွယ်ရာ ရှိသော်လည်း အစိုးရ သတင်းပေးအဖြစ် သူ၏ ကွန်ယက်ခွင်တွင် ပါဝင်ပတ်သက်သူ အားလုံးကို ဖွင့်ပြောရန် သဘောတူလိုက်သည့်အခါ ထောင်ဒဏ် ၁၅ နှစ်သာ ကျခံရသော်လည်း သူ၏ ဘိန်းမှောင်ခိုမှုတွင် ပါဝင် ပတ်သက်နေသည့် ရဲအဖွဲ့နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများပါ အဖမ်းခံကြရလေသည်။

ဖရန့်(စ်)လူးက(စ်) အဖမ်းခံရချိန်တွင် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံမှာ မိုဟာမက်အလီဖြစ်ပြီး သူ ထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အခါ ၁၉၉၂ ခုနှစ်ဖြစ်ပြီး ဟဲဗီးဝိတ် ချန်ပီယံမှာ ရစ်ဒစ်ဘိုဝီ ဖြစ်နေသည်ကို ပြသခဲ့ပြီး ဒရိုင်ဘာ ဘဝမှ မူးယစ်ရာဇာဘဝ၊ ထိုမှတဆင့် သူ၏ ပြစ်ဒဏ်များ ပေါ့လျော့အောင် အစိုးရသတင်းပေး ဖြစ်ခဲ့ရသည့် မူးယစ်ရာဇာ တဦး၏ ထောင်မှ လွတ်မြောက်လာသော ခြေလှမ်းများကို ပြသပြီး ရုပ်ရှင်ကားကို ပြီးဆုံးစေခဲ့သည်။ သူ့ခေတ် သူ့အခါက ရဲအဖွဲ့မှ အရေးပါ အရာရောက်သူများကို ပေးကမ်းစည်းရုံးထားပြီး မူးယစ်ဆေးဝါးကို သယ်ဆောင်ဖြန့်ချိ ရောင်းချခဲ့မှုကြောင့် လွှတ်တော်ထဲတွင်ပင် ဆွေးနွေး အဖြေရှာရသည်အထိ နာမည်ကြီးခဲ့သော ဖရန့်(စ်)လူးက(စ်)မှာ ယခုတိုင် သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အပြီးကာလများတွင် နာမည်ကျော်ခဲ့သော မာဖီးယားခေါင်းဆောင် အယ်(လ်)ကပုန်း၏ နည်းအတိုင်း အစိုးရပိုင်းမှ အရေးပါ အရာရောက်သူများကို ငွေကြေးပေး၍ စည်းရုံးထားကာ ဒုစရိုက်လောက၌ သြဇာကြီးသူ အဖြစ်သို့ ရောက်ရှိခဲ့သည်။

American Gangster ဇာတ်ကားတွင် ဖရန့်လူးက(စ်)အဖြစ် Training Day ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည့် လူမည်းမင်းသား ဒန်ဇဲလ်ဝါရှင်တန်က သရုပ်ဆောင်ထားသည်။ (လူမည်းခေါင်းဆောင် Malcom X အဖြစ်လည်း သရုပ်ဆောင်ဖူးသည့် လူမည်း သရုပ်ဆောင်အဖြစ် ပထမဆုံး အော်စကာဆု ဆွတ်ခူးခဲ့သူလည်း ဖြစ်သည်။) စုံထောက် ရစ်ချီရောဘတ်အဖြစ် Gladiator ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့သူ မင်းသား ရပ်ဆဲလ်ခရိုးလ်က သရုပ်ဆောင်ထားသည်။ ဖရန်(စ်)ဆီမှ တန်စိုးလက်ဆောင် ရယူထားပြီး နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူ စုံထောက် ထရူပိုအဖြစ် ဂျော့(ရှ်)ဘရိုလင်က သရုပ်ဆောင်ထားသည်။ ဖရန်(စ်)၏ ဇနီးဖြစ်သူ နလေ မှာ ရုပ်ရှင်ကားထဲတွင် ဖရန်(စ်)၏ ရန်သူဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသော်လည်း တကယ့်ဘဝတွင် မူးယစ်ဆေးဝါး ဖြန့်ချိမှုဖြင့် သူပါ ထောင် ၅ နှစ် ကျခံခဲ့ရသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာတွင်လည်း “ညောင်မြစ်တူးမှ ပုတ်သင်ဥပေါ်” ဆိုသလိုပင် ဗိုလ်မှူးကြီး၏ မြေး၊ ဗိုလ်ချုပ်ကြီး၏ သား စသည်ဖြင့် မီးခိုးကြွက်လျှောက်မဆုံးပင် ဖြစ်နေတော့သည်မှာ American Gangster ဇာတ်ကားထဲတွင် တရားသူကြီးက တရားခံ ဖရန့်လူးက(စ်)ကို “မင်းနဲ့ ပတ်သက်သမျှ အစိုးရ အရာရှိတွေက ဒါ အကုန်ပဲလား” ဟု မေးတာနဲ့ ထပ်တူထပ်မျှလိုပင် ဖြစ်နေသည်။

Source: Mizzima

Print this post

0 comments: