iPhone ကိုယှဉ်ပြိုင်မည့် G1 ဖုန်းအား ဂူးဂဲလ်နှင့် ဖုန်းကုမ္ပဏီများ ပူးပေါင်းဖန်တီး

Apple ကုမ္ပဏီကထုတ်လုပ်သည့် စွမ်းဆောင်ရည်မြင့် iPhone ၏ ဈေးကွက်ဝေစုကို ရယူနိုင်ရေးရည်ရွယ်၍ ဂူးဂဲလ်နှင့် T-Mobile ဖုန်းကုမ္ပဏီတို့ ပူးပေါင်းဖန်တီးသည့် G-1 ဖုန်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ပြသခဲ့ကြောင်း သိရသည်။

ဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်ထည့်သွင်းထားသည့် ပထမဆုံးဖုန်းအဖြစ် G1 ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဆက်လက်ဖြန့်ဖြူးသွားမည် ဖြစ်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၉ ဒေါ်လာရှိပြီး Apple က နောက်ဆုံးထုတ်လုပ်လိုက်သည့် iPhone 3G ထက် ဒေါ်လာ ၂၀ ခန့် သက်သာမည်ဖြစ်သည်။

တရုတ်တိုင်ပေကုမ္ပဏီ HTC က ဖုန်းကိုယ်ထည်ကို တာဝန်ယူထုတ်လုပ်ပေးပြီး T-Mobile က အခြားပံ့ပိုးမှုများနှင့် ဖြန့်ချီရေးကိုတာဝန်ယူကာ ဂူးဂဲလ်က ဆော့ဖ်ဝဲလ်ပိုင်းနှင့် အင်တာနက်သုံးစွဲမှုလွယ်ကူစေရေးကို တာဝန်ယူပေးခဲ့သည်။ T-Mobile ၏ နည်းပညာနှင့် တီထွင်မှုဆိုင်ရာအရာရှိချုပ် ကိုးလ်ဘရော့မင်းန်က G1 ဖုန်းသည် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုနယ်ပယ်ကို တစ်ခေတ်ဆန်းစေလိမ့်မည်ဟု ကြွေးကြော်ခဲ့သည်။

G1 သည် iPhone ထက် အနည်းငယ်ပိုထူပြီး ဗြက်ပိုကျဉ်းသည်။ အဖြူ၊ အမည်း၊ အညို အရောင်သုံးမျိုးထုတ်လုပ်ထားသည်။ iPhone ကဲ့သို့ပင် ထိတွေ့မျက်နှာပြင်(Touch Screen)ပါရှိပြီး iPhone ထက်သာလွန်သောဝန်ဆောင်မှုမှာ လိုအပ်ပါက ဖုန်းအတွင်းထိုးသွင်းထားသော ကီးဘုတ်ကိုဆွဲထုတ်အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အဓိကအားသာချက်မှာ အင်တာနက်၊ အီးမေးလ်၊ SMS အသုံးပြုမှုအထူးမြန်ဆန်ခြင်း၊ ဂူးဂဲလ်နှင့် ချိတ်ဆက်၍ Google map နှင့် Street View ၀န်ဆောင်မှု သုံးစွဲနိုင်ခြင်းတို့ ဖြစ်သည်။ 3 Megapixels ရှိသည့် ကင်မရာပါရှိသော်လည်း iPhone ကဲ့သို့ ဗီဒီယိုရိုက်၍မရခြင်းမှာ အားနည်းချက်ဖြစ်သည်။

Apple ၏ အွန်လိုင်းတေးဂီတ၀က်ဘ်ဆိုက် iTunes ကိုယှဉ်နိုင်ရန်အတွက် သီချင်းခြောက်သန်းကျော်ရနိုင်သော Amazon ကုမ္ပဏီ၏ တေးဂီတ၀က်ဘ်ဆိုက်နှင့် ချိတ်ဆက်ပေးထားသည်။ ဂူးဂဲလ်၏ Operating System Android မှာ Linux ကဲ့သို့ Open-source ဆော့ဖ်ဝဲလ်ဖြစ်သည်။ ဂူးဂဲလ်သည် Android ကို မိုဘိုင်းလ်ဖုန်းများ၏ Operating System နယ်ပယ်တွင် ပျံ့နှံ့စေရန်အတွက် အခမဲ့ဖြန့်ဖြူးခြင်း ဖြစ်သည်။ Samsung၊ LG ဖုန်းကုမ္ပဏီများက ထုတ်လုပ်သောဂူးဂဲလ်၏ Android ဆော့ဖ်ဝဲလ်သုံးဖုန်းများလည်း ဈေးကွက်အတွင်း မကြာမီရောက်ရှိလာဖွယ် ရှိသည်။

Print this post

0 comments: