ရင်တွင်းဖြစ် ခံစားချက်များ

ကျွန်တော်လည်း စာမရေးဖြစ်တာ တော်တော်ကြာသွားပြီဗျာ။ ဒီမှာအလုပ်လုပ်ရတာလည်း အားလုံးသိတဲ့အတိုင်း ဖိအားတွေတစ်ပုံတစ်ပင်နဲ့။ အလုပ်မရခင်က အလုပ်ရအောင်ရှာရတယ် ကိုယ့်မှာ ရှိတဲ့စတေးလေး မကုန်ခင် စိတ်မောလူမောနဲ့ဗျာ။ အဲအလုပ်ရပြန်တော့ ကိုယ့် Pass လေး ရှောရှောရူရူ ကျအောင်ဆုတောင်းရတာ ဘာသာကြီးလေးခု ဘယ်ဘုရားမှမနေရဘူး။ Pass ရလာပြန်တော့ ဆေးစစ်ဖို့က ကျန်သေးတယ် အဟဲ။ ဆေးသွားစစ်ပြီး Result ကိုစောင့်နေတုန်းလည်းမောတာပဲဗျ။ အရင်က ကဲထားတာလေးတွေကရှိတာကိုး။ ဆေးအောင်ပြီးအလုပ်စ၀င်တော့ သူတိှု့Singlish တွေကို နားလည်အောင် တော်တော်ကြိုးစားရသေးတယ်။ လုပ်တော့လည်း အယောင်ယောင်အမှားမှားနဲ့ ဒီနေ့ပဲ ပြုတ်မလား မနက်ဖြန်ပဲပြုတ်မလားနဲ့ Probation ကာလမှာမောရသေးတယ်။ ကျွန်တော့်ရုံးက အလုပ်ဝင်တုန်းကပြောတော့ Probation က ၆ လတဲ့။ တစ်ကယ်တော့ ၁၀ လနေမှ Comfirmation ဖြစ်တယ်။ လစာကလည်းအပြည့်မရခဲ့ဘူး။ စာချုပ်ထဲမှာတော့ လစာပြည့်ပေါ့။ ဘယ်တတ်နိုင်ပါ့မလည်း သူတို့ပြောပြောနေတဲ့ No choice ပေါ့ကွယ်။

ကျွန်တော်တို့ရဲ့ ပြည်ချစ်တပ်မတော်သား ကြီးတွေကတော့ပြောမှာပေါ့ ကိုယ့်နိုင်ငံမှာ ဒီလောက်တည်ငြိမ် အေးချမ်းနေတာကို နိုင်ငံခြားမှာ ကျွန်ခံချင်တဲ့ ပြည်ပြေးတွေ ဒေါ်လာလေးရဖို့ လုပ်ပေါ့လို့ အပြောကခံရသေး။ အင်းပေါ့ သူတို့လို ပညာကကောင်းကောင်းမတတ်တော့ နိုင်ငံခြားကို နေပြည်တော် ရံပုံ ငွေနဲ့ ပညာတော်သင်မသွားနိုင်တော့ ပြောသမျှကိုခေါင်းငုံ့ခံရုံပေါ့။ တစ်ခါတစ်လေတော့လည်း ဖိအားတွေကို မခံနိုင်တော့ဘူးဗျာ မြန်မာပြည်ပြန်ပြီးတော့ ဘုန်းကြီးဝတ်ရင်ကောင်းမလားလို့ စဉ်းစားပြန်တော့… သာသနာရောင်ဝါ နေမင်းကြီးလိုထွန်းလင်းတောက်ပနေလေတော့ ဘုန်းကြီးဝတ်ဖို့တောင်အတော်မလွယ် ဘူးနော်။ လည်ပင်း ID ချိတ် သပိတ်မှာ ဘုန်းကြီးစစ်စစ်ဖြစ်ကြောင်း တံဆိပ်ကပ် နအဖ ၀ိနည်းများကို အလွတ်ကျက် အာဂုံဆောင်…တော်ပြီ ဒီမှာပဲကျွန်ဆက်ခံတော့မယ်။ No choice ။ အချိန်တန် နေပြည်တော် ဓမြရုံးမှာ အခွန်ဆောင်ပြီးတော့ နေပြည်တော်ကို အဝေးကနေပဲ တစ်တပ်တစ်အား တည်ဆောက်ပေးတော့ မယ်နော်။ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လိုက်ဦးမယ်ဗျာ နောက်အလုပ်တစ်ခုပြောင်းဖို့ဆိုတာကလည်း အခုသိပ်မလွယ်တော့ဘူးဗျ သူတို့လည်း စီးပွားရေးက Slow down ဖြစ်နေတာ။ ကျွန်တော်တို့ မိခင်တိုင်း ပြည်လို စီးပွားရေးကမလုပ်တတ်ကြတော့ ခံပေါ့။

ပြီးတော့ဟိုရက်ပိုင်းက ဖတ်လိုက်ရပါသေးတယ် စင်္ကာပူနဲ့ ယိုးဒယားကို လျှပ်စစ်တွေရောင်းတယ်ဆိုပဲ။ အဟွတ်.. တစ်နိုင်ငံလုံးမပြောနဲ့ ရန်ကုန်တစ်မြို့လေးကိုတောင် မီးမပေးနိုင်ပေမယ့် နိုင်ငံခြားကိုတော့ ရောင်းနိုင်တယ်။ အင်းပေါ့လေ တို့ပြည်သူတွေ က အမှောင်ထဲမှာ အသားကျနေပြီပဲနော။ နိုင်ငံတော် တစ်ဝှမ်းဆည်တွေဆောက် ရေအားလျှပ်စစ်တွေထုတ် တာ နေပြည်တော်နဲ့ နိုင်ငံခြားရောင်းစားဖို့ပါလားဗျ။

ဗုံးတွေကလည်းပေါက်လိုက်တာ တစ်အား တစ်ကယ်ခံရတာက ပြည်သူတွေပါ။ သတင်းစာရှင်းလင်းပွဲ တွေမှာတော့ ဘယ်နေ့က ဘယ်နိုင်ငံမှာ ဘယ်သူတွေအစည်းအဝေးလုပ်ပြီး ဘယ်နိုင်ငံကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ ဘယ်သူက ဘယ်လမ်းကြောင်းကနေ ဘယ်အချိန်မှာ ဘယ်လိုဝင်လာပြီး ဘယ်သူ့အိမ်မှာ တည်းခိုကာ မည်သို့မည်ပုံဖောက်ခွဲသွားပါကြောင်းတဲ့။ ကောင်းလိုက်တဲ့ထောက်လှမ်းရေးဗျာ။ နောက်ကြောင်းပြန်လိုက်တာ တော့တစ်အားတော်တာ ရှေ့မှာ ဘာဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီး တော့မကာကွယ်နိုင်တာလေးတစ်ခုပဲ။ ထားပါ။ တော်ကြာ နောက်ကြောင်းအလိုက်ခံနေရဦးမယ်။ ဒီကိစ္စကိုတော့ ပြည်ပြေးသောင်းကျန်းသူပဲလုပ်လုပ် နအဖပဲလုပ်လုပ် လုံးဝမလုပ်သင့်တဲ့ ကိစ္စပဲ။ နအဖ ဘလော့ဂ်ထဲမှာ ရေးထားသလို သတ္တိရှိရင် အသေခံဗုံးခွဲပါလားတဲ့။ ဟုတ်တယ် စွမ်းအားမြင့်ဘာညာဆိုပြီး ကြေငြာချက်တွေထုတ်ထုတ်နေတဲ့ အဖွဲ့ လည်း ပြည်သူတွေကို အထိတ်တစ်လန့်ဖြစ်အောင် ထိခိုက်အောင် မလုပ်ပါနဲ့။ ပြည်သူတွေဟာ ခံရလွန်းလို့ ပရုတ်လုံးဖြစ်နေပါပြီ။ သူတို့ပြောသလို သတ္တိရှိရင် သူတို့လက်နက် ကိုင်အဖွဲ့အစည်းတွေကို တိုက်ရိုက်ဆော်ပေါ့။ အခုတော့ သူတို့ကခွဲလိုက် နအဖက ခွဲလိုက်နဲ့။

ကျွန်တော်အခုလိုပြောနေတာဟာ နအဖလည်းမဟုတ် ဒီမိုလည်းမဟုတ်ပါဘူးခင်ဗျာ။ သာမာန်နိုင်ငံသား တစ်ယောက်အမြင်နဲ့ပဲပြောတာပါ။ ပြည်သူလို့တော့ မသုံးရဲဘူးခင်ဗျ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် က ကြံ့ဖွတ်နဲ့ စွမ်းအားရှင်မဟုတ်လို့ပါ။ မြန်မာပြည်မှာက ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ကိုမှ ပြည်သူလို့သတ်မှတ် တာဗျ။ ဟုတ်တယ်ဟုတ်။ အင်းပြည်သူဆိုလို့ ကျွန်တော်လည်း ၉ တန်းနှစ်ကတော့ ခဏပြည်သူဖြစ်ဖူးတယ် ဗျ။ မနက် ၄ နာရီလောက် ကျောင်းမှာစုပြီးတော့ ကြံ့ဖွတ် ဦးထုပ်တစ်လုံးစီဝေပေးတယ်။ အဟေးပျော်လိုက် တာ ပြီးတော့ ဘောလုံးကွင်းကြီးထဲကို ပျော်ပျော်ပါးပါးကြီးချီတက် သူတို့အော်ခိုင်းတာကို အော်၊ သူတို့ စင်မြင့်ပေါ်ကနေ တော့ကီပစ် တာကို အောက်ကနေတော့ကီပစ် ပြီးတော့ နားထောင် တစ်ယောက်ပြီးသွား ရင် ၀မ်းသာအားရလက်ခုပ်တီး။ ဗွီဒီယိုရိုက်တာကို ပြုံးပြုံးကြီးနဲ့ ဖြီးပြ၊ ကိုကြိုက်နေတဲ့ကောင်မလေးနားကပ် ထိုင် အောင်မယ်လေးပျော်လိုက်တာ။ ဒါပေမယ့်…ကျောင်းလည်းပြန်ရောက်ရော ဦးထုပ်လေးတွေလည်း ပြန်သိမ်းသွားပါရောလားဗျ။ ဘာပဲဖြစ်ဖြစ်လေ ပြည်သူတော့ခဏဖြစ်လိုက်ရပါတယ်။ ငါကွ။

တစ်ခါတစ်လေကျတော့လည်း ကိုယ့်ကိုပညာတွေတတ်အောင် သင်ပေးတဲ့မိဘတွေကိုတောင် နဲနဲအပြစ်မြင် ချင်တယ်ဗျ။ ဘယ်နှဲဗျာ ရပ်ကွက်ထဲမှာ အရက်သောက်၊ ရန်ဖြစ် လူတွေကိုအော်ဆဲ ဆိုက်ကားလေးနင်း ညနေပိုင်းအချိန်ပိုင်း ရပ်ကွက်လူကြီးလုပ်၊ ကြံ့ဖွတ်နဲ့ စွမ်းအားဆိုပြီး လူရိုက်နည်း သင်တန်းလေးတက်၊ သတင်း အရဆိုပြီး စွမ်းအားတွေစု အရပ်ဝတ်ဝတ် အရက်သောက် တုတ်တိုခါးထိုး ပြီးတော့ ဖမ်းချင်တဲ့သူကို ၀ရမ်းမလို ရိုက်ချင်သလိုရိုက် ပြီးတော့ နေ့တွက်လေးယူ။ ဘယ်လောက်အဆင်ပြေသလဲဗျာနော့်။ ဒါမှမဟုတ် ၁၀ တန်းအောင် ဗိုလ်သင်တန်းလေးတက် စာလေးကြိုးစား ပြောသမျှခေါင်းညိမ့် လူကြီးနဲနဲ ခွံ့ ပြီး တော့ နိုင်ငံခြားပညာတော်သင်သွား။ ပြီးတော့ တစ်ခြားနိုင်ငံခြားမှာ အလုပ်လုပ်ပညာသင် နေတဲ့သူတွေ အားလုံးကို ဒီမိုတို့ ပြည်ပြေးတို့လို့ပြော ဘလော့ဂ်လေးဖွင့် အဆဲခံ ပြန်ဆဲ အချိန်တန် ၂၅၀ ထုတ်။ အားကျလိုက်တာ။ ၂၅၀ က အသားတင်နော် အခွန်ဆောင်စရာမလိုဘူး။ ဒါကတစ်နည်း။

တစ်ကယ်တန်းဆို ကျွန်တော်တို့ တပ်မတော်သားစစ်စစ်တွေကို မမုန်းကြပါဘူး။ ဘယ်သူမှလည်း အကြောင်းမဲ့ မဆဲဆိုကြပါဘူး။ တစ်ချို့ တပ်မတော်သားစစ်စစ်တွေရဲ့ ဘလော့ဂ်တွေရှိပါတယ် သူတို့ရဲ့ တပ်တွင်းအတွေ့အကြုံလေးတွေ စစ်မြေပြင်အတွေ့အကြုံလေးတွေကို ရသမြောက်အောင် ရေးဖွဲ့ထားလေး တွေဟာ အတော်ဖတ်လို့ကောင်းပါတယ်။ သွားကြည့်ပါ ဘယ်သူမှမဆဲကြပါဘူး အားပေးသံ၊ချီးမွန်းသံတွေ သာတွေ့ရပါလိမ့်မယ်။ တစ်ကယ်လို့ နိုင်ငံရေးကို သေသေချာချာဆွေးနွေးချင်တယ် ဆိုလည်း အားလုံးရဲ့ အမြင် တွေကိုတည်တည်တန့်တန့် ဆွေးနွေးနိုင်တဲ့ ပိတောက်မြေတို့လို့ တင်ပါ။ အခုတော့ ဘာကိုဆိုလိုချင် မှန်းမသိ ဘာကိုပြောချင်တာမှန်းလည်းမသိနဲ့။ တပ်မတော်သား ငါးစိမ်းသည်လို လာသမျှ ရန်တွေ့နေတာ။ ကျွန်တော်တောင် ၀င်ဆဲချင်စိတ်ပေါက်လာတယ်။ ပြီးတော့ ရှိသေးတယ် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဘာညာဘာညာ ဥက္ကဋ္ဋကြီးအား ဘာဖြစ်သူများအား ဘာဖြစ်သည်ညာဖြစ်သည်ဆိုပြီး ပထွေးထိမချိအောင် နာတတ်သော ဘလော့ဂ်ကရှိသေး။ အင်း..သင်တန်းမှာ ငါတို့သည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်မယ် လို့မသင်ပဲ ငါတို့သည် နိုင်ငံတော်အကြီးအကဲကို သာကာကွယ်စောင့်ရှောက်မည်လို့ သင်ခဲ့ပုံပဲ။

နောက်တစ်ခုက ဟိုနိုင်ငံဒီနိုင်ငံက အထောက်အပံ့တွေယူ ဘလော့ဂ်လေးဖွင့် ဟုတ်သော် ရှိမဟုတ်သော်ရှိ လူပြိန်းကြိုက် ကောလဟာလတွေရေး။ လားရှိုးမှာ လေယာဉ်ပျက်ကျ( သတင်းအမှောင်ချ) တို့၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လျှို့ဝှက်အမိန့်စာတို့ ဆိုပြီးရေးထားတာက ရပ်ကွက်ရုံးက စာရေးမလောက် တောင် ရုံးစာမဆန်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရုံးစာအတုကိုပြ ကောလဟာလတွေထုတ်။ ပေါက်တတ် ကရတွေရေး။ အပေါစား ၀ါဒဖြန့်နည်းတွေသုံးပြီးတော့ ဒေါ်လာညာစား။ ကောင်းပ။ ၀င်ဖတ်မိတဲ့ သားတို့ အပြစ်ပါဗျ။ တော်သေးပြီဗျာ။

Print this post

1 comments:

ထိပေ့သျှင် said...

မင်္ဂလာပါခင်ဗျ။ဒီ ဘလော့ကို ခဏခဏ ရောက်ဖြစ်တယ်။ ရင်တွင်းဖြစ် ခံစားချက်များဆိုတဲ့ ပို့စ်က ခံစားချက်စစ်မှန်လို့ထင်တယ်။ ဖတ်ရတာအသက်ဝင်တယ်။ ရုရှက လူတွေ ဘလော့ရေးတာ ဘာအခွင့်အရေးမှ မရပါဘူးဗျာ ။အထက်လူကြီးတွေလဲ ရေးတဲ့ သူတွေ ကို မသိကြပါဘူး။ ၀ါသနာပါလို့တာ ရေးနေကြတာပါ။ ကဗျာ၊ ၀ထ္ထု ၀ါသနာပါတဲ့လူက ကဗျာ ၀ထ္ထုပေါ့။ နိုင်ငံရေး ၀ါသနာပါတဲ့ လူက နိုင်ငံရေးပေါ့ဗျာ။ ကျွန်တော်တို့ရေးတော့ ပြည်ပရောက် ပြည်သူတွေလဲ ကျွန်တော်တို့ အတွေးအမြင်၊ ခံယူချက်တွေ သိရတော့ ပိုကောင်းတာပေါ့နော်။ သဘောထားခြင်း တူတာ၊ မတူတာ အသာထား တစ်ယောက်အကြောင်း ပွင့်ပွင့် လင်းလင်းသိလေ ကောင်းလေပဲလေ။အားပေးလျှက်ပါ၊ အလုပ်လဲ အဆင်ပြေပါစေဗျာ။