ရေကြောင်းအငြင်းပွားလည်း မြန်မာက ဓာတ်ငွေ့ ဆက်ရှာမည

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 05 2008 14:46 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ဘင်္ဂလားဒေ့ရှ်က အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း မြန်မာသည် ဘင်္ဂလားပင်လယ်အော်ရှိ ဓာတ်ငွေ့ရှာဖွေမှုကို ဆက်လုပ်မည်။

ဤအကြောင်းကို မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးကို ကိုးကား၍ အေပီသတင်းဌာနက ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။

“ကျနော်တို့ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေကို ရပ်မှာ မဟုတ်ပါဘူး။ ဒါက မြန်မာ ရေပိုင်နက်ထဲမှာ လုပ်နေတာပါ” ဟု မြန်မာအရာရှိက ပြောသည်။

ရေတပ်သင်္ဘောများကို မြန်မာရေပိုင်နက်အတွင်း စေလွှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို တရားဝင် ကန့်ကွက်ထားကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို နိုင်ငံ၏ မြို့တော်သစ် နေပြည်တော်သို့ ဆင့်ခေါ်ကာ မြန်မာစစ်အစိုးရ၏ ကန့်ကွက်လွှာကို ပေးအပ်ခဲ့ကြောင်းဖြင့် ထိုအရာရှိက ဆက်ပြောသည်။

“ကျနော်တို့ ရေပိုင်နက်အတွင်း ရေတပ်သင်္ဘောတွေ ကျူးကျော် ဝင်ရောက်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သတိပေးခဲ့ပါတယ်” ဟု အဆိုပါ အရာရှိ ပြောစကားကို ကိုးကားကာ အေပီက ရေးသားသည်။

ဘင်္ဂလား ပင်လယ်အော်အတွင်း မြန်မာနိုင်ငံက ဓာတ်ငွေ့ ရှာဖွေနေမှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရက တနင်္ဂနွေနေ့က ကန့်ကွက်ခဲ့ပြီးနောက် ဤသို့ ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောများ မိမိတို့ ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် လာခဲ့သည်ဟု မြန်မာအစိုးရ၏ ပြောဆိုမှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာသင်္ဘောများ ဓာတ်ငွေ့ ရှာဖွေနေမှုများကို ကန့်ကွက်သည့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်က ယခုလ ၂ ရက်နေ့တွင် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ကာ ပြောကြားခဲ့သည်။ အဆိုပါ ရေနံသဘာဝဓာတ်ငွေ့ ရှာဖွေမှုများ ပြုလုပ်နေသည့် နေရာသည် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ကျရောက်နေကြောင်း သံအမတ်ကြီးကို ပြောကြားခဲ့သည်။

“ဒီပြဿနာကို သံတမန်ရေး နည်းလမ်းအရ ဖြေရှင်းသွားဘို့ ကျနော်တို့ ကြိုးပမ်း အားထုတ်သွားမှာပါ။ ဒါပေမဲ့ ကျနော်တို့ အချုပ်အခြာအာဏာကို ကာကွယ်ဘို့အတွက် ဘာမဆိုလုပ်မယ် ဆိုတာကိုလည်း နားလည်ထားဘို့ လိုပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အစ်ဖ်တက်ခါ အာမက် ချောင်ဒရီ (Iftekhar Ahmed Chowdhury) က ပြောသည်။

ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ဖြေရှင်း ပြီးစီးသည်အထိ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ ရပ်တန့်ထားကာ မြန်မာရေယာဉ်များအားလုံး ချက်ချင်း ပြန်လည် ထွက်ခွာသွားရန်လည်း ဒါကာက မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ကြောင်းဖြင့် ချောင်ဒရီက ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရေတပ်သည် အဆိုပါ အငြင်းပွားနေသော ဒေသတွင် စောင့်ကြပ် ကြည့်ရှုနေကြောင်းဖြင့်လည်း သူက ပြောသည်။

သို့သော် မြန်မာရေယာဉ်များသည် ဘင်္ဂလား ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဖေသန်းဦးက ဝါရှင်တန်အခြေစိုက် အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်နှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ ကျူးကျော် ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ ဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းတွေကို ကျနော်တို့ စီးပွားရေးဇုံအတွင်း လုပ်နေတာပါ” ဟု ဦးဖေသန်းဦးက အမေရိကန်အသံ မြန်မာပိုင်း အစီအစဉ်ကို ပြောသည်။

တဖက်နှင့် တဖက် အပြန်အလှန် တောင်းဆို ပြောကြားနေမှုများအပေါ် နှစ်ဖက်လုံးက သဘောမတူကြသေးပါ။

“ကျနော်တို့ ဒီပြဿနာကို သံတမန်ရေး လမ်းကြောင်းကတဆင့် ဆွေးနွေးသွားမှာပါ” ဟု မြန်မာသံအမတ်ကြီးက ပြောသည်။

နယ်နိမိတ် သတ်မှတ်ရေးကိစ္စကို ဒါကာမြို့တွင် လာမည့် ဒီဇင်ဘာလ ၁၆-၁၇ ရက်နေ့များ၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။

Print this post

0 comments: