ဟန်လုပ်ခဲ့သမျှ ဘူးပေါ်ခဲ့ရသည့် မြန်မာ့တပ်မတော်

ဆယ်စုနှစ် ၂ ခုကြာမျှ တပ်မတော်အင်အားကြီးထွားရေးအတွက် စစ်အစိုးရက ကျားကုတ်ကျားခဲ လုံးပမ်းနေခဲ့သော်လည်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အမိန့်ပေးစနစ်မှစ၍ အောက်ခြေဖွဲ့စည်းပုံများအားလုံး၏ အရာမထင်ဖြစ်နေရသေး သော အခြေအနေများကို မြင်သာစေခဲ့ပြီဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များက လက်နက်ဆန်းများ၊ ဂျက်တိုက်လေယာဉ်များဖြင့် ခေတ်မီတပ်မတော်ကြီး တည်ဆောက်လို ကြသည်။ သို့သော်လည်း လွန်ခဲ့သည့်လက သဘာဝကပ်ဘေးဒုက္ခကြီး ကျရောက်ခဲ့ရာတွင် စစ်ခေါင်းဆောင်များက သူတို့၏ စစ်တပ်ကို နှိုး၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသုံးမပြုနိုင် ဖြစ်ခဲ့ရသည်။ ဂျက်တိုက်လေယာဉ်များ မဆိုထားနှင့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း သင့်ခဲ့ရသူ ဒုက္ခသည်ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရဟတ်ယာဉ်များနှင့် စစ်သင်္ဘောများပင် အလုံအလောက် ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိပါ။

မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မေလ ၂ ရက်၊ ၃ ရက်နေ့များတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် ဖျက်ဆီးခဲ့ပြီးသည့်နောက် ရက်အနည်းငယ်ကြာသည့်တိုင် အကူအညီပေးရန် လာကြသည့် စစ်သားများကို မမြင်တွေ့ခဲ့ကြရပါ။ တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များထံမှလည်း မည်သည့်အမိန့်မျှ မရရှိခဲ့ကြပါ။

မြန်မာနိုင်ငံ၏ မှတ်မိသိရှိနိုင်သမျှသော သမိုင်းတလျှောက် အကြီးမားဆုံး မုန်တိုင်းကြီးတိုက်ခတ် ဖျက်ဆီးခံရသည့်တိုင် မြန်မာ့တပ်မတော်၏ စစ်သားများမှာ သူတို့၏ စစ်တန်းလျားများအတွင်း၌သော်လည်းကောင်း၊ တိုင်းရင်းသား သူပုန် အင်အားစုများနှင့် ဆင်နွှဲနေသည့် ချေမှုန်းရေး စစ်ပွဲများ၏ ရှေ့တန်းစစ်မျက်နှာတွင်လည်းကောင်း မည်သို့မျှ မသက်ဆိုင်သလို ရှိနေခဲ့ကြသည်။


သို့သော်လည်း တချို့က စစ်တပ်အနေနှင့် ဤသို့ လုံးဝလှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေခြင်းမှာ စစ်အစိုးရ ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ဖြင့် ညွှန်ကြားချက်မပေးဘဲ လေဘေးဒုက္ခသည်များကို သူတို့ဘာသာ ရုန်းကန်ကြစေရန် ပစ်ထားလိုခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း အမြင့်ပိုင်းဌာနများ၌ ဆက်သွယ်ရေးစနစ်များနှင့် အမိန့်ပေးစနစ်များ ပြတ်တောက် ခဲ့ပုံရပါသည်။

မည်သို့ပင် တွက်ချက်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ အမျိုးသားဘဏ္ဍာ အများစုကို ရရှိသုံးစွဲနေကြသည့် တပ်မတော်တခုထံမှ မျှော်လင့်ထားနိုင်သည့် တုန့်ပြန်မှု မဟုတ်ပါ။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာ့တပ်မတော်ကို အလျင်အမြန်တိုးချဲ့လာနေမှုကြောင့် အိမ်နီးချင်းနိုင်ငံများက စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေခဲ့ရသည်။

မြန်မာ့တပ်မတော်ကို ၁၉၈၈ ခုနှစ်မှ စတင်၍ တိုးချဲ့ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သည့် နှစ် ၂၀ က မြန်မာ့တပ်မတော်၏ အင်အားမှာ ၁၈၀၀၀၀ သာရှိပြီး ယခုအချိန်တွင် အင်အား ၄၀၀၀၀၀ နီးပါး ရှိနေပြီဟု ယုံကြည်ရသည်။

ယန္တယား ရုပ်ဝတ္ထုပစ္စည်း အနေအထားအရလည်း များစွာ ပို၍ ပိုင်ဆိုင်လာနေခဲ့ပြီ ဖြစ်သည်။ တင့်ကားများ၊ ဂျက်တိုက် လေယာဉ်များ၊ စစ်သင်္ဘောများကို စစ်အစိုးရအားထားနေရသည့် တရုတ်၊ ရုရှား၊ စင်္ကာပူ၊ ပိုလန်၊ ယူကရိန်း၊ အစ္စရေးလ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံများမှ ၀ယ်ယူဖြည့်ဆည်းခဲ့ကြသည်။

၁၉၈၈ ခုနှစ်က မြန်မာ့ရေတပ်တွင် စစ်သင်္ဘော အစီး ၁၀၀ ခန့်သာ ရှိပြီး အများစုမှာ အိုမင်း ပျက်စီးနေပြီဖြစ်သည်။ ယခုအခါ ဗျူဟာစစ်ရေယာဉ်စုဟုခေါ်သည့် ဖယ်ရီဂိတ်တိုက်သင်္ဘောများ၊ ကမ်းရိုးတန်း သွား စစ်ရေယာဉ်များ၊ မြစ်တွင်း တိုက်ရေ ယာဉ်များ၊ ကမ်းတက်ယာဉ်များကို တရုတ်နှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့မှ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ရှည်လျားလှသည့် ကမ်းရိုးတန်းတလျှောက်တွင် စစ်တွေ၊ ဟိုင်းကြီးကျွန်း၊ မော်လမြိုင်၊ မြိတ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ၌ ရေတပ် စခန်းဌာနချုပ်များ ဖွင့်လှစ်ကာ စောင့်ကြပ်နေနိုင်ပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ်မှစတင်၍ လေတပ်ကိုလည်း အလျင်အမြန် တိုးချဲ့လာခဲ့သည်။

၁၉၈၀ ပြည့်နှစ်များက မြန်မာ့လေတပ်၏ ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ် အများစုမှာ ပျံသန်း၍ မရကြပါ။ ကရင်ပြည်နယ်အတွင်းနှင့် ရှမ်းပြည်နယ်ရှိ သူပုန်နှိမ်နင်းရေး တို့အတွက်ပင် ပြုပြင်မွမ်းမံထားသည့် အမောင်းသင်လေယာဉ် များကို သုံး၍ ပံ့ပိုးခဲ့ကြရသည်။

၁၉၈၈ ခုနှစ်မှစတင်၍ မြန်မာ့လေတပ်ကို ခေတ်မီစေရေးအတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ စစ်လေယာဉ်သစ်များ ၀ယ်ယူ ဖြည့်ဆည်းခဲ့ကြသည်။

စစ်အစိုးရက ရုရှားနိုင်ငံလုပ် အမ်အိုင်ဂျီ-၂၁ နှင့် အဆင့်ညီသော အက်ဖ်-၇ ဂျက်တိုက်လေယာဉ်များ၊ အေ-၅ စီ အမျိုးအစား လေကြောင်းအကူနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံမှ အမ်အိုင်-၇၊ အမ်အိုင်-၁၂၊ အမ်အိုင်-၂၊ အမ်အိုင်-၈ ရဟတ်ယာဉ် များလည်း ၀ယ်ယူခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် မြန်မာ့လေတပ်က ရုရှားနိုင်ငံမှ အမ်အိုင်ဂျီ-၂၉ အမျိုးအစား ဂျက်တိုက်လေယာဉ် တအုပ်ကိုပင် ၀ယ်ယူခဲ့ကြသေးသည်။

ဤတိုးချဲ့ထားသော လေယာဉ်များကို စီမံထိန်းသိမ်းနိုင်ရန်နှင့် နိုင်ငံတ၀န်းတွင် လိုအပ်သည့် စစ်အပိုပစ္စည်းများ ရရှိစေရန် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ လေတပ်စခန်းဌာနချုပ်များ တိုးချဲ့တည်ဆောက်ထားခဲ့ကြသည်။ မြန်မာ လေတပ်က အမိန့်ပေးစနစ်သစ်နှင့် ထိန်းချုပ်မှု စနစ်သစ်ကိုပင် စတင်ကျင့်သုံးခဲ့ပြီး လေယာဉ်မှူးများနှင့် မြေပြင်အကူတပ်ဖွဲ့ များကို လေ့ကျင့်မှု အမျိုးမျိုး ပေးခဲ့ကြသည်။

ဤသို့ အဆင့်မြှင့်ခဲ့သော်လည်း လေ့လာသူများက မြန်မာ့တပ်မတော် (လေ) နှင့် (ရေ) အနေဖြင့် ပြုပြင် ထိန်းသိမ်းရေး ဆိုင်ရာ ပြဿနာမျိုးစုံ ကြုံတွေ့နေရသည်ဟု သုံးသပ်ကြသည်။ လိုအပ်သည့် စက်အပိုအစိတ်အပိုင်းများ မရရှိနိုင်ကြသကဲ့သို့ လောင်စာဆီ ရှားပါးမှု၊ နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှားယွင်းမှုများ အဖုံဖုံ တွေ့ကြုံနေရသည်ဟု ဆိုသည်။ ဂျက်တိုက် လေယာဉ်များနှင့် ရဟတ်ယာဉ်များသည်လည်း မကြာခဏဆိုသလို ပျက်ကျ ခဲ့ကြသည်။ ပျံမရဘဲ ရပ်နားထားကြရသည် လည်း ရှိသည်။

တရားဝင်ဖော်ပြကြေညာထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် အစီး ၆၀ နှင့် ဂျက်တိုက်လေယာဉ်၊ ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ်နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် ဆယ်ဂဏန်းအချို့ ရှိနေပါသည်။ သို့သော်လည်း မေလအတွင်း မြန်မာနိုင်ငံ ကပ်ဘေးဒုက္ခသင့်ခဲ့ရသည့် အချိန်တွင် ဤလေယာဉ်များ၊ ရဟတ်ယာဉ်များ ပျောက်ချင်းမလှ ပျောက်နေခဲ့ကြသည်။

လွန်ခဲ့သည့်လက မြန်မာကမ်းရိုးတန်းအနီးသို့ ပြင်သစ်စစ်သင်္ဘောနှင့် အမေရိကန် စစ်သင်္ဘောများ ကယ်ဆယ်ရေးတာဝန် ဖြင့် ကပ်လာကြချိန်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် (လေ) တို့က မလှုပ်မရှားနိုင် ဖြစ်နေခဲ့ကြသည်။ နိုင်ငံရပ်ခြား စစ်သင်္ဘောများကို တန်ပြန်ရန်အတွက် လှုပ်ရှားမှုများ ပြုနိုင်ခြင်း မရှိခဲ့ကြသလို ကင်းထောက်လေယာဉ်များပင် ထွက်၍ ပျံသန်းထောက်လှမ်းနိုင်ခြင်း မရှိခဲ့ကြပါ။

နေပြည်တော်ရှိ ခေါင်းဆောင်များနှင့် ရေတပ်၊ လေတပ်၊ စစ်တိုင်းဌာနချုပ်များအကြားရှိ အမိန့်ပေးစနစ်မှာ လုံးဝ လေငန်းမိ၊ အကြောသေနေခြင်း မဟုတ်လျင်သော်မှ သက်ဝင်ထိရောက်မှု မရှိခဲ့သည်မှာ သေချာပါသည်။

နောက်ဆုံး စစ်အစိုးရက မြစ်ဝကျွန်းပေါ်အရေးကို ကိုင်တွယ်နိုင်ရန် လူယုံတဦးကိုလွှတ်၍ ကြီးကြပ်စေခဲ့၏။ မုန်တိုင်း တိုက်ခတ်ဖျက်ဆီး၍ တပတ်ကြာပြီးနောက်မှ ဗိုလ်မှူးချုပ်မောင်မောင်အေး ကွပ်ကဲသည့် တပ်မ-၆၆ ရောက်လာခဲ့သည်။ ဗိုလ်မှူးချုပ် မောင်မောင်အေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူဟု ယူဆရပြီး လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့ဆန္ဒပြ ပွဲများကို ချေမှုန်း နှိမ်နင်းစဉ်ကလည်း ဦးဆောင်တာဝန်ယူခဲ့သူ ဖြစ်သည်။

လွန်ခဲ့သည့် အပတ်က စစ်အစိုးရ၏ တပ်ရာထူး အပြောင်းအလဲများ ကြေညာခဲ့ရာ တပ်မတော် (ရေ) ကာကွယ် ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးသိန်းကို အမှတ် (၂) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး ဤသို့ တာဝန်ပြောင်း လဲပေးအပ်ခြင်းအတွက် မည်သို့မျှ ရှင်းလင်းခြင်း မရှိခဲ့ပါ။

ထိုအချိန်မှစ၍ မြန်မာ့အရေးလေ့လာသူများနှင့် အတိုက်အခံ အင်အားစုများအကြား စစ်အာဏာရှင်များအတွင်း ရာထူး တာဝန်များ ပြောင်းလဲခဲ့ရခြင်းအတွက် ထင်ကြေးပေး သုံးသပ်မှုများ၊ ကောလာဟလများ ဖြစ်ပေါ်လာခဲ့ရသည်။

တချို့က ဒုဗိုလ်ချုပ်ကြီးစိုးသိန်းသည် မုန်တိုင်းသင့်ပြည်သူများကို ကယ်ဆယ်နိုင်ရေးအတွက် နိုင်ငံခြား သင်္ဘောများ ၀င်ရောက်ခွင့် မပြုသည့် ကိစ္စအပေါ် မကျေလည်ဟု ထင်မြင်ကြသည်။ ထိုမျှမက ဟိုင်းကြီးကျွန်းရေတပ် စခန်းဌာနချုပ်တွင် လေမုန်တိုင်းအတွင်း သေဆုံးခဲ့ကြရသည့် ရေတပ်ရဲဘော်များကို သင်္ဂြိုဟ်မြှုပ်နှံခွင့် မပြုသည့်ကိစ္စ အပေါ်တွင်လည်း သူက ဒေါသထွက်ခဲ့သည်ဟု သတင်းအရ ပြောဆိုကြပါသည်။

တချို့ကမူ အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများကို တန်ပြန်နိုင်ရန်အတွက် သင်္ဘောများ စေလွှတ်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ သည့်အပေါ် သူ၏ စွမ်းဆောင်ရည်ကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကျေမနပ်ဖြစ်နေကြသည် ဟု ဆိုကြသည်။ နိုင်ငံခြား စစ်သင်္ဘောများကမူ မြန်မာ့ရေပိုင်နက်အလွန်တွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေကြသည်။

မြန်မာတပ်မတော်အတွင်းတွင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု ကာလမှစ၍ တပ်မတော် (ကြည်း) နှင့် ရေတပ်၊ လေတပ်များ အကြား မယုံသင်္ကာ သံသယများနှင့် မကျေလည်မှုများ ရှိနေခဲ့ကြသည်။ ထို ဒီမိုကရေစီ အရေးတော်ပုံတွင် ရေတပ်နှင့် လေတပ်မှ အရာရှိ၊ အကြပ်တပ်သားများ ပူးပေါင်းခဲ့ကြဖူးသည်။

မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက မကြာခဏဆိုသလို တပ်မတော်ကို ခေတ်မီ အင်အားကြီးထွားအောင် တိုးချဲ့ နေရခြင်းမှာ ပြည်ပကျူးကျော်မှုရန်ကို ကာကွယ်နိုင်ရန်အတွက်ဟု ကိုးကားပြောဆိုနေခဲ့ကြသည်။ စစ်အစိုးရခေါင်းဆောင် များက အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများ၊ အနောက်တိုင်း အင်အားကြီးနိုင်ငံများ၏ ရန်ပြု ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကိုလည်း လူသိရှင်ကြား ပြောဆိုခဲ့ကြဖူးသည်။

သို့သော် လွန်ခဲ့သည့်လက စွမ်းဆောင်နိုင်ရည်ကို ပြန်ကြည့်လျင် မြန်မာ့တပ်မတော်က ပြောဆိုမျှော်မှန်းထားသည့် တုန်လှုပ် ခြောက်ခြားဖွယ် တပ်ဖွဲ့မျိုးဖြစ်ရန် များစွာ ဝေးနေပါသေးသည်။ ကြည်း၊ ရေ၊ လေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုက ညံ့ဖျင်းလွန်းလှပြီး နောက်ဆုံး လေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိခဲ့ကြပါ။

မည်သို့ပင်ဆိုစေ လက်နက်မဲ့ သာမာန်ပြည်သူများနှင့် ဆင်းရဲတွင်းနက်နေကြသူများအတွက် တပ်မတော်သည် ဆက်လက် ခြိမ်းခြောက်နိုင်စွမ်း ရှိသေးသော ဖိနှိပ်ရေးကိရိယာတခု၊ အင်အားတခု ဖြစ်နေပါသေးသည်။ သို့သော်လည်း သဘာဝကပ် ဘေး ဖြစ်စေ၊ တခြားသော ပြည်ပအန္တရာယ်ဖြစ်စေ ခြိမ်းခြောက်မှုများနှင့် ကြုံလာရလျင်မူ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် များအနေနှင့် သဘောထားကွဲလွဲနေပြီး ပူးပေါင်းဆောင်ရွက်မှု မရှိကြဘဲ ပြတ်တောက် ဆိုးရွားသည့် ဆက်သွယ်ရေးစနစ်များ ကိုသာ အားကိုးအားထား ပြုကြရရုံရှိ၍ အားလုံးအကျိုးနည်း ကြရန်သာ ရှိနေပါတော့သည်။

အောင်ဇော်ရေးသားသည့် The Tatmadaw Exposed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


Print this post

0 comments: