မြန်မာနိုင်ငံ၏ ဗြူရိုကရေစီ ကပ်ဘေး

မကြာသေးမီက မြန်မာစစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ သွားရောက်အကူအညီ ပေးခွင့်ကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ ဤအခြအနေက မြန်မာနိုင်ငံအနေဖြင့် ကျရှုံးနိုင်ငံ (failed state) တခုအဖြစ်သို့ နစ်မြုပ် ကျဆင်းဖွယ် အခြေအနေကို ထပ်မံဖော်ပြလိုက်သည့် ၀မ်းနည်းဖွယ် သက်သေပြချက်တခု ဖြစ်နေတော့သည်။

ဇွန်လ ၉ ရက်နေ့က မြန်မာစစ်ဗိုလ်ချုပ်များက ဗြူရိုကရေစီကန့်သတ်ချက်အသစ်များ ထပ်မံချမှတ်၍ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ အကူအညီများ မရောက်နိုင်ရန် ထပ်မံ၍ ချုပ်ချယ်ခဲ့ပြန်သည်။ ဤလမ်းညွှန်ချက်အသစ်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အားလုံးသည် ခရီးသွားလာရန်နှင့် အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများမှ သီးသန့်ခွင့်ပြုချက်များ ကြိုတင်၍ တောင်းခံရမည်ဟု ဆိုထားပြန်သည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများတွင် တာဝန်ယူနေကြသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ တရားဝင်ခွင့်ပြုချက် လက်မှတ်များ ရယူကြရမည် ဖြစ်သည်။

မြန်မာအဖွဲ့အစည်းများသည်လည်း ဒေသခံ အာဏာပိုင်များ၊ ရဲများ၊ စစ်တပ် စစ်ဆေးရေးဂိတ်များနှင့် ကြုံတွေ့ဆက်ဆံနေ ကြရပြီး၊ ထိုသူများက နောက်ကွယ်တွင် လာဘ်တောင်းခံသည်နှင့်လည်း မကြာခဏဆိုသလို ကြုံနေရပြန်သည်။

တပ်မ (၆၆) နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်များကိုလည်း ဥပဒေစည်းကြပ်ရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသ တွင် တာဝန်ပေးခဲ့ပြီး၊ ယခုအခါ ဒေသတွင်း ခရီးသွားလာရေးကိစ္စများကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းချုပ်နေ ကြပြီ ဖြစ်သည်။

တချိန်တည်းမှာပင် စစ်သားများက "ခရီးသွားလာခွင့် လက်မှတ် မရှိသူ" များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ပြုနေပြီး၊ မေလ ၂-၃ မုန်တိုင်းတိုက်ခတ်ပြီးစဉ် ကာလများကတည်းကစ၍ အရဲစွန့် ကူညီပေးခဲ့ကြသူများကိုလည်း ဖမ်းဆီးနေကြပြန်သည်။ နာမည်ကြီး အနုပညာရှင်တဦးဖြစ်သူနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုဇာဂနာမှာ မြစ်ဝကျွန်းပေါ်ဒေသ အတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေခဲ့သူတဦး ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီး အကျဉ်းချခံထား ခံခဲ့ရသည်။

အလားတူပင်၊ ယခင် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးမှာလည်း မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး အကူအညီများ ဝေငှပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။ တနေ့တည်း မှာပင် "သေဆုံးသူများကို မြှုပ်နှံပေးသူအုပ်စု" ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် အဖွဲ့မှ အခြားစေတနာ ၀န်ထမ်း ကယ်ဆယ်ရေးလုပ်သား ၇ ဦးလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ မြှုပ်နှံပေးပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။

ယနေ့တိုင် စစ်အစိုးရက ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သူတို့၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသွားကြသူများအတွက် စိုးရိမ်ပူပန်နေကြရပါသည်။

လေ့လာသူများက သုံးသပ်ကြသည်မှာ ဤသို့ဖမ်းဆီးမှုများသည် ပြည်တွင်းမှ ကိုဇာဂနာကဲ့သို့သော လေးစားဖွယ် ရှိသူများ၊ လူအများ ယုံကြည်ခံရသူများထံသို့ ပြည်ပရှိ မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ ပံ့ပိုးလှူဒါန်းသူများက ငွေကြေးများ ဆက် လက်ထောက်ပံ့ပေးပို့နေသည်နှင့် စပ်ဆိုင်မှု ရှိမည်ဟု ယူဆကြပါသည်။ ထိုသူများက အစိုးရဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များထံသို့ မလှူဒါန်းကြဘဲ အောက်ခြေလူထုအဖွဲ့များထံသို့သာ လှူဒါန်းလိုကြသည်ကို အစိုးရက မကြည်ဖြူဖြစ်နေပုံ လည်း ရှိပါသည်။

အစိုးရ၏ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ၌ ပြည်တွင်းမှ လှူဒါန်းမှု များအားလုံးသည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မီတီ၊ သို့မဟုတ် ၎င်း၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများသို့သာ လှူဒါန်းရမည်ဟုလည်း ဖော်ပြထားခဲ့သည်။

ယခုအခါ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အလှူရှင်အများစုက ပြောကြရာတွင် အစိုးရ၏ အတားအဆီး အကန့်အသတ်များ၊ အညိုအညင်ပေးမှုများကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သူတို့ စိတ်ကုန်နေကြပြီဟု ဆိုလာခဲ့သည်။

ဤအခြေအနေများအောက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက အရေးပါသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအဖြစ် ပို၍ တက်ကြွသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ၎င်းရဟန်းတော်များက ပုဂ္ဂလိကအလှူရှင်များနှင့် အမှန် တကယ် လိုအပ်နေသူများအကြား ကြားခံအဖြစ် ပေါင်းကူးဆောင်ရွက်ပေးနေကြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှာ မေလ ၂-၃ ရက်နေ့များ၊ မုန်တိုင်းတိုက်ခတ်ပြီးချိန် ကာလမှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် စောင့်ရှောက် ရေးစခန်းများအဖြစ် ခိုလှုံခွင့်ပေးထားခဲ့ကြသည်။ အစိုးရဌာနများက လျစ်လျူရှုထားကြသည့် အချိန်၌ ဒုက္ခရောက်လာသူ များက ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံရာ နေစရာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် နွေးထွေးမှု အကြင်နာ တရားတို့ကို ရရှိခံစားနိုင်ခဲ့ကြသည်။

ပို၍ စိုးရိမ်ဖွယ် ရှိနေသောကိစ္စတခုမှာ၊ အကယ်၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်စပါးစိုက်ပျိုးရေးအတွက် လယ်သမားများ သာ အချိန်မီ ပြန်မစတင်နိုင်ခဲ့ပါက ယခုနှစ်တွင် ဆန်စပါးရှားပါး ပြတ်တောက်မှု ကြုံရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။ စပါးစိုက်ရာသီမှာ ဇွန်လဆန်းပိုင်းတွင် စတင်လေ့ရှိကြပြီး၊ ကျွဲနွားများသုံး၍ ထွန်ယက် စိုက်ပျိုးကာ အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိကြသည်။ အခုအချိန်တွင် စပါးစိုက်ရန် အချိန်လွန်နေခဲ့ပြီဟု ကျွမ်းကျင်သူများကလည်း သတိပေးနေကြ သည်။

မြန်မာ စစ်အစိုးရက အတောမသတ်နိုင်သည့် ဟန့်တားမှုများ၊ ဗြူရိုကရေစီအရ တင်းကျပ်မှုများ၊ ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသောကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် ထူထောင်ရေးလုပ်ငန်းများ ပို၍ အခက်အခဲ ဖြစ်နေစေရာ ဒုက္ခသည်များမှာ များမကြာမီကာလတွင် ထိုင်းနိုင်ငံတွင်းသို့ အစုအပြုံလိုက်ဝင်ရောက် ခိုလှုံကြတော့မည့် အရေးကို တွေး၍ အမှန်တကယ် ရင်မအေးဖွယ် ဖြစ်နေကြရပြီ။ ဤသို့သာ စစ်အစိုးရက တာဝန်မဲ့ ဆက်လက်၍ ဆောင်ရွက် နေပါက မူလကတည်းက ဆင်းရဲတွင်းနက်နေရသည့် မြန်မာ နိုင်ငံအဖို့၊ ပိုမို ပြင်းထန်သည့် လူမှုရေး၊ စီးပွားရေး ကပ်ဘေး ဒုက္ခများ ချောက်တွင်းသို့ ထိုးကျဆင်းရဖွယ် ရှိနေပါတော့သည်။


ရဲနည်ရေးသားသည့် Burma's Bureaucratic Abyss ကို ဆီလျော်အောင် ပြန်ဆိုပါသည်။


Print this post

0 comments: