မလေးရှား အင်မီဂရေးရှင်းမှာ မိနစ် ၅၀

အမှတ်တရအဖြစ်အပျက်တစ်ခုပါ။ လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ ရုံးကိစ္စနဲ့ မလေးရှားကို သွားတယ်။ Tuas ချက်ပွိုင့်ကနေထွက်တယ်ပေါ့ဗျာ စင်္ကာပူကအထွက်ကတော့ သိကြတဲ့အတိုင်း ဘာမှကိုပြောစရာကို မလိုတာ လေခဏနဲ့ပြီးသွားတာပေါ့ ဒီတော့ ကားပေါ်ပြန်တက် ပြီးတော့ မလေးဘက်ကိုရောက်ပေါ့ မလေးချက်ပွိုင့်က အင်မီဂရေးရှင်းရောက်တော့ မောင်မင်းကြီးသားများက ဟိုဘက်ကောင်တာက အင်မီဂရေးရှင်းမနဲ့ တော်ကီပစ် နေရာကနေ ဒုံးဒုံးဆိုပြီး အ၀င်တုံး (၂ ပါတ်) ထုပေးလိုက် လေသတည်းပေါ့။ အဲဒီလိုနဲ့ KL မှာ ၄ ရက်နေပြီးတော့ ၁၂ ရက်နေ့မှာ စလုံးကိုပြန်လာတယ်။ အဲ..မလေးကအထွက် အင်မီဂရေးရှင်းရောက်တော့ မောင်မင်းကြီးသား က ပတ်စ်ပို့ ကိုအပြန်ပြန်အလှန်လှန်ကြည့်နေပါရော ဘာမှလည်းမပြောဘူး။ ကောင်တာတွေအားလုံးမှာ ကျွန်တော် တစ်ယောက်ထဲကျန်တော့တယ်။ အဲဒါနဲ့ နေပါဦးပြသနာတစ်ခုခုရှိလားလို့ မေးတော့ ဆရာသမားက Officer ရုံးခန်းကိုလိုက်ခဲ့ပါတဲ့။ ဘာပြသနာလဲလို့မေးတော့လည်း မပြောဘူး။ အဲဒါနဲ့ လိုက်သွားရတာပေါ့..အဲဒီ တော့မှ သူတို့ရဲ့ Officer ဆိုတဲ့ပုဂ္ဂိုလ်ကြီးက မင်း Overstay ဖြစ်နေတယ် ဒါကြောင့်အရေးယူရလိမ့်မယ်လို့ ဆိုလာပါလေရော။ အဲဒါနဲ့ ကျွန်တော်လည်း နေပါဦးမင်းတို့ ငါ့ကိုအ၀င်မှာ ဘယ်လောက်ပေးသလဲဆိုတော့ ၂ ပတ်လေတဲ့။ အေးလေ ငါအခုမင်းတို့တိုင်းပြည်မှာ ၄ ရက်ပဲနေတာလေ အဲဒါ Overstay လားဆိုတော့..ဒင်းက ကျွန်တော့်ရဲ့ ပစ်စ်ပို့ က အ၀င်တုံးကိုပြပြီးတော့ ဒီမှာလေ မင်းဝင်လာတာ မေလ ၈ ရက်နေ့ကလေ ဒီနေ့က ဇွန်လ ၁၂ ရက်ရှိပြီလေဆိုတော့ မျက်လုံးတွေဘာတွေပြာသွားတယ်။ တစ်လကျော်တောင် နေထားတယ် ဆိုပါလား။ ကဲကြည့်ကြပါဦး သူတို့ရဲ့ အ၀င်တုံးကို…

အဲဒီမှာတင် ခေါင်းအေးအေးထားပြီးတော့ တုံးကိုပြူးပြဲပြီးကြည့်တော့မှ အောက်ကလက်ရေးမှာ တော့ ၂၈/၆/၀၈ အထိ ဆိုပြီးရေးထားတယ်။ အဲတော့မှ ခံငြင်းရတော့တာပေါ့ အဲဒါမင်းတို့ အင်မီဂရေးရှင်း ကမှားတာ မင်းတို့ ကွန်ပြူတာထဲမှာ ပြန်ကြည့်ပါဆိုတော့ မှ ကြည့်ပြီးပြီတဲ့ မောင်မင်းကြီးသားများလုပ်ပုံ.. သူတို့မှားတာသိသိကြီးနဲ့ အရေးယူမယ် ညှိုလိုက်ပါဆိုတာကြီးပဲ (တို့ဆီကလိုပါပဲကွယ်)။ အဲဒါနဲ့ ငါလုံးဝလက်မခံနိုင်ဘူး ဆိုတော့ မင်းရဲ့ ပေါ့လျှော့မှုပဲလေတဲ့ ၀င်လာကတည်းကသေသေချာချာ စစ်ဆေးရမှာ မင်းအလုပ်ပဲတဲ့။ ကိုယ့်ကိုတောင်ပြန် ဟောက်ပါလေရော မင်းကွန်ပလိန်းတက်လို့ရတယ်ဆိုတာသိလားတဲ့ အဲမှာတင် ကောင်းပြီ ဒါဆိုငါဒီကိစ္စကို ကွန်ပလိန်းတက်မယ် မင်းတို့ရဲ့ အထက်အရာရှိဆီကိုပို့ပေး ဆိုတော့မှ နေနေရပြီတဲ့ နောက်ဆိုသေသေချာချာ စစ်နော်ဆိုပြီးတော့ အထွက်တုံးကိုထုပေးလိုက်လေသတည်း။ နောင်လာနောက်သားတို့ ဂရုစိုက်ကြလေကုန်။

[+/-]Read More...

Hummingbird

စာမရေးဖြစ်တာလည်း တော်တော် ကြာသွားသလိုပဲ။ အလုပ်နဲနဲများသွားတာလည်း ပါတယ်ဗျ။ စင်္ကာပူအခြေ အနေတွေကလည်း အားလုံးသိကြတဲ့အတိုင်း စီးပွားရေးပြသနာက တော်တော်ရိုက်ခတ်လာတော့ စလုံးတွေလည်း ခြေမကိုင်မိလက်မကိုင်မိနဲ့ အလုပ်တွေလျှော့ချတာ လုပ်လာပြီးတော့ အရင်လူတစ်ယောက်က ၂ ယောက်စာလောက်ခိုင်းနေရာက အခု ၄ ယောက်စာလောက် လုပ်နေရတော့ လူလည်း ဂျိုနဲ့ သားရေ ပဲကျန် တော့သဗျ။

လွန်ခဲ့တဲ့အပါတ်က စပြီးတော့ Product အသစ် Hummingbird ဆိုတဲ့ Connectivity Software ကိုစမ်းခိုင်းတယ်။ ကနေဒါကထုတ်တာပါ။ ကျွန်တော်လည်း အရင်ကတစ်ခါမှ မသုံးဖူးဘူး အခုမှကြားဖူးတာ။ အဲဒီ Software ရဲ့ အဓိက လုပ်ဆောင်ချက်က Microsoft Windows, Linux, Unix တို့ကို Remote run လို့ရတယ်။ အထူးသဖြင့် OpenGL (Open Graphics Library) လို့ခေါ်တဲ့ Realtime Cross Platform 2D, 3D Drawing တွေကို run ပေးနိုင်တယ်။ သုံးကြတာကတော့ လက်ရှိ Boeing, NASA, Whitehouse, Sony နဲ့ ကော်ပိုရေးရှင်းကြီးတွေမှာ သုံးကြတယ်လို့ဆိုတယ်။ စင်္ကာပူမှာကတော့ စင်္ကာပူလေကြောင်း(SIA)၊ UOB Bank နဲ့ SingTel တို့မှာသုံးကြ တယ်။

Exceed, Exceed onDemand, NFS Maestro, HostExplorer, Hummingbird Security, Connectivity Secure Server နဲ့ Genio ဆိုပြီးတော့ Products အခွဲတွေရှိတယ်ဗျ။ အခုလောလော ဆယ်ကျွန်တော့်ကို Exceed onDemand 6 Server တစ်လုံးထောင်ခိုင်းတယ်၊ သောကြာနေ့က ကျွန် တော်လည်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဟိုကရှာ ဒီကစု နဲ့ အင်တာနက်မှာ ရသလောက်မွေပြီးတော့ ဆင်ပေးလိုက်တယ်။ အံမယ် တယ်ဟုတ်တဲ့ငါပါလားပေါ့၊ ဒါပေမယ့် နေ့လယ်ပိုင်းကျတော့ ကနေဒါ ရုံးက ဘွားတော်ရောက်လာပြီးတော့ နင့်ဆာဗာ အိုကေလားတဲ့ အဟဲ..ကျွန်တော်က ခေါင်းကိုမော့ ရင်ကိုကော့ပြီး All done ပေါ့လေ။ အဲဒါဆို အကောင့်၂ခု ဖွဲ့ပေးတဲ့ဆိုတော့ ဖွဲ့ပေးလိုက်တာပေါ့ ဘာ ခက်တာမှတ်လို့ အဲ…ပြီးတော့မှစတွေ့တော့တာဗျ ဘွားတော်က ချက်ခြင်း ကနေဒါနဲ့ ထိုင်ဝမ်ကို လှမ်း ခေါ်ပြီးတော့ ခုနက Created လုပ်ပေးလိုက်တဲ့ User Account နဲ့ ကျွန်တော့ Server ကိုလှမ်းဝင်ခိုင်း ပါလေရော။

အဲဒီမှာတင်..ရင်တစ်ထိတ်ထိတ်နဲ့ စောင့်နေတာ ခဏနေတော့ နှစ်နိုင်ငံလုံးက ၀င်လို့မရ ပါဆိုတဲ့ Reply ပြန်လာပါလေရော။ ကျွန်တော့်မျက်နှာ ဟာမန်ကျည်းရွက်လောက်ဖြစ်သွားပြီးတော့ အုန်းသီးလုံးလောက် ချွေးပေါက်တွေ ဆိုရင်ဖြင့် ပြောကိုပြောချင်ဘူးဗျာ။

ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ ကျွန်တော် အံ့သြတာတစ်ခုက အဲဒီဘွားတော်က ကျွန်တော့်ကို လုံးဝကို မဆူဘူးဗျ။ သူပြောတာက ကဲသိပြီလား ပညာဆိုတာ စာဖတ်ရုံနဲ့မရဘူး ဆိုတာနင်သဘောပေါက်ပြီ လားတဲ့။ ပြီးတော့ ကနေဒါက လှမ်းဝင်တဲ့သူကလည်း Team viewer နဲ့ ကျွန်တော့် Server ကိုလှမ်း ၀င်ပြီးတော့ လိုအပ်တဲ့ မှားနေတဲ့ ကျွန်တော့်ရဲ့ Configuration တွေကို တစ်ခုချင်းထောက်ပြပြီးတော့ ပြင်ပေးသွားတယ်။ လက်တွေ့မှာ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို သင်ပြပေးသွားတယ်။ ကျွန်တော် အရမ်းလေးစားသွားတယ်ဗျာ။

ဒီနေရာမှာ စင်္ကာပူရီယန်း ဆိုတဲ့ ဆရာသမားတွေနဲ့ ကွာသွားတာက တော့ သူတို့ဟာ လူတစ်ဖက်သားကို အသားလွတ်မနှိမ်ဘူး ပညာရှင်ကို ပညာရှင်လိုဆက်ဆံတယ်။ မသိရင်မတတ်ရင် လည်းစိတ်ပါလက်ပါနဲ့ သင်ပေးတတ်တယ် သူတို့မသိရင်လည်း သူတို့က ၀န်ခံ တယ် မရှက်မကြောက်ပြန်မေးတယ်၊ လူတစ်ဖက်သားကို ချီးမွမ်းစရာရှိရင်လည်း ချီးမွမ်းတတ်တယ်။ စလုံးတွေလို တတ်ယောင်ကား ဆရာသမားဂိုက်ဖမ်း လူတစ်ဖက်သားကို နှိမ်ဖို့နဲ့ လိမ်ဖို့ပဲ တတ်တဲ့ သူတွေ မဟုတ်တာတွေ့ရတယ်။

အဲ..ကျွန်တော်အဓိက ဆိုလိုချင်တာက ဆရာလုပ်တာမဟုတ်ပါဘူးဗျာ ကိုယ်တွေ့လေးမို့ပါ။ ကျွန်တော် တို့မြန်မာတွေအနေနဲ့ လည်း ကိုယ်တစ်ကယ်မသိတာ မတတ်တာဆိုရင် မေးဖို့ ၀န်မလေးပါနဲ့ တတ် ယောင်ကားမလုပ်ပါနဲ့လို့အကြံပေးချင်တာပါ။ နောက်မှ Hummingbird အကြောင်း သေသေချာချာ စမ်းပြီးမှ ဆက်ပါဦးမယ်။

[+/-]Read More...